မဟောသဓ
ရေးသား- ဦးဝိမလ
အမှာ
ပထမကြီးတန်း တက်ရောက်စဉ်က ကြေညက်စွာ မလေ့ကျင့်ခဲ့ရတဲ့ အလင်္ကာကျမ်းကို ပြန်လှန်လေ့လာ သင်္ခန်းစာ ယူဖို့ရာအတွက် ဇာတကတစ်ခုကို ပြန်လည်ဖွဲ့နွှဲ့ပါတယ်။
ဖွဲ့နွှဲ့ရာမှာ အသုံးအနှုန်းတွေကို နားချောစေဖို့ ခေတ်ဝေါဟာရများကို တတ်နိုင်သမျှ သုံးစွဲထားပါတယ်။
လက်ကျင့်မျှသာ ဖြစ်တဲ့အတွက် အရေးအသားနဲ့ အကြောင်းအရာပိုင်း ကိုင်တွယ်ပုံမှာ ဟာကွက်နဲ့ ပြစ်ချက်များ ရှိနိုင်ကြောင်း အသိအမှတ် ပြုပါတယ်။
မူလကတော့ ပြီးပြီးရော-ရေးပြီး ဖေ့စ်ဘွတ်မှာ တင်လိုက်ရုံသာ ဖြစ်ပေမယ့် ဇာတ်တော်ကြီးက ရှည်လျားတာနဲ့အမျှ အပိုင်းဆက်တွေလည်း များလာရပါတယ်။
တချို့က နောက်ပိုင်းတွေကိုသာ ဖတ်ရပြီး ရှေ့အပိုင်းတွေကို ဖတ်ဖို့ရာအတွက် ခက်ခက်ခဲခဲ ရှာဖွေကြရပါတယ်။
ဒီအခက်အခဲကို မကျေမနပ် စောဒကတက်ကြတဲ့အတွက် ဒီနေရာမှာ လာပြီး မျက်ဖြေစာလွှာ တင်ရပါတဲ့အကြောင်း။
အခြားသော ဝေဘန်ချက်များ, အကြံပြုချက်များ, မကျေနပ်ချက်များကို မှတ်ချက် ရေးသားထားနိုင်ပါတယ်။
==========================
မဟောသဓ
======
မဟောသဓ-ဆိုတာ ဇာတ်ကြီးဆယ်ဘွဲ့ထဲက။ မူလဇာတ်နာမည်က မဟာဥမင်္ဂဇာတ်ပေါ့။
ဒီဇာတ်ကြီးက ရှည်လျားလွန်းတယ်။
မဟောသဓ-ဆိုတဲ့ လူတစ်ဦးရဲ့ အမိဝမ်းတွင်းဘဝကနေ အိုမင်းရင့်ရော်သည်အထိ ဘဝဖြတ်သန်းပုံကို အသေးစိတ် ပြထားတယ်။
အဲ... အသေးစိတ်တော့ မဟုတ်ဘူးပေါ့။
အရေးကြီးတဲ့အခန်းတွေကို ပြထားတယ်။
အဲသည့်ဇာတ်ကြီးကို ဖတ်ပြီး ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောက်ချက်, မှတ်ချက်တွေ ချမိတယ်။
ကျုပ် သဘောကျမိတဲ့အချက်တွေ, အားကျ အတုယူစရာတွေပဲ ဆိုပါစို့။
(၁)
ငယ် ဇ
===
မဟောသဓမှာ ကစားဖော် သူငယ်ချင်း တစ်ထောင်လောက် ရှိတယ်။
လမ်းမပေါ် ဆော့ရတဲ့အခါ ဖြတ်သွားဖြတ်လာ အနှောင့်အယှက် ပေါလွန်းတယ်။
ဒါနဲ့ သူငယ်ချင်းတစ်ယောက်စီကို ငွေတစ်ကျပ်နှုန်း အစိုက်ခိုင်းပြီး ငွေတစ်ထောင် စုလိုက်တယ်။
လက်သမားဆရာဆီကို အပ်ပြီး “ကလေးကစားကွင်း” ဂေဟာကြီး အဆောက်ခိုင်းတယ်။
ငွေတစ်ထောင်ဟာ ကလေးကစားစရာ ဂေဟာကြီး ဆောက်ဖို့ ကောင်းကောင်း လောက်နေတယ်ဆိုတော့ ကနေ့ခေတ် ငွေကြေးနဲ့ ဘယ့်နှယ်တွက်ရမယ်မသိ။
ဆောက်ရင်း မူလရည်ရွယ်ချက်ကတော့ သူတို့အဖွဲ့ဝင် ကလေးတွေ ဆော့ကစားဖို့ပဲ။
နောက်ပိုင်းကျတော့ ရည်ရွယ်ချက်ကို ချဲ့ထွင်လိုက်တယ်။
ရပ်ဝေး ရပ်နီး ခရီးသွားတွေ အဆင်ပြေပြေ တည်းခို နားနေနိုင်ဖို့-အထိ ဖြစ်သွားတယ်။
“ဟင်... သည်ကလေးကို ဘယ်သူကများ သင်လိုက်ပါလိမ့်၊ ဉာဏ်ရည်နဲ့ ရည်မှန်းချက်က အကွက်ကျော်လှပါလား”လို့ အံ့ဩတကြီး မှတ်ချက်ချလိုက်ရတယ်။
အေးရိပ်သာစရပ်ကြီးကို ပေါ့တီးပေါ့ဆ ကပ်မိုးထရံကာ ဆောက်ခဲ့တာ မဟုတ်ဘူး။
တကယ့်ကို ရပ်ကွက်ထဲက လူလတ်တန်းစားနဲ့ သူဋ္ဌေးပေါက်စတွေ နေတဲ့ လူနေမှုအဆင့်အတန်းမျိုး မီအောင် ဆောက်ခဲ့တာ။
လက်သမားဆရာရဲ့ ပုံဆွဲမူကြမ်းကို သဘောမတွေ့ပါဘူး-ဆိုပြီး သူကိုယ်တိုင် ဝင်ဆွဲသေးတယ်။
လက်သမားဆရာကြီးတောင် ပညာတွေ ရသွားရှာသေးတယ်။
နောက်တော့ ရေကန်တွေ တူးတယ်။
ပန်းခြံတွေ စိုက်တယ်။
မိထီလာပြည်ရဲ့ အရှေ့အနောက် တောင်မြောက်မှာ ဘောစိရွာကြီး တစ်ခုစီ ရှိတယ်။
အဲသည့်အထဲက ကျန်တဲ့ရွာသုံးရွာကို ဖြတ်ကျော်ပြီး အရှေ့ရွာကြီးက သာယာစည်ကား လူနေမှုအဆင့်အတန်း မြင့်မားခြင်းမှာ သာသွားတယ်။
အဲဒါ မဟောသဓရဲ့ ကစားကွင်းက စ,လိုက်တဲ့ ကျေးရွာ ဖွံ့ဖြိုးရေး အစီအမံပေါ့။
ဒါနဲ့ပဲ ရွှေမြို့တော်ရဲ့ နန်းတော်တွင်းမှာ သီတင်းသုံးတဲ့ ဘုရင်ကတောင် မျက်စိကျစရာ ဖြစ်သွားရတယ်။
ဘုရင်ရဲ့ နားစွင့်ခြင်းကို ခံရတယ်။
(၂)
“စင်တော်”
=====
အဲသည့်ခေတ် ဘုရင်တွေကလည်း အင်ပါယာချဲ့ထွင်ဖို့ ကြိုးစားနေကြတဲ့ ဘုရင်တွေချည်းပဲကိုး။
မိထိလာဘုရင် ဝေဒေဟကလည်း စိတ်ကူးယဉ်တဲ့အထဲမှာ ပါတယ်။
သို့ပေမယ့် စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ပေမယ့် ထူးချွန်ပညာတတ်က လိုသေးတာကိုး။
သူ့ဆီမှာ အချွန်ဆုံး ပညာရှိက လေးယောက်။
နိုင်ငံမှာတော့ အတော်ဆုံးပဲ။
နယ်ချဲ့ဖို့ဆိုရင်တော့ အားမကိုးရသေးဘူး။
ပညာ မပြည့်ကြရှာသေးဘူး။
ပညာတတ်ပေါ, စစ်သည်ကောင်းပေါတာက ဥတ္တရပဉ္စာလဘုရင် စူဠနီဗြာဟ္မဒတ်။
နိုင်ငံသေးသေးလေးတွေကို သိမ်းပိုက်ပြီး အင်ပါယာ ချဲ့ထွင်လာနေတယ်။
မိထိလာကလည်း ထိုနည်းတူ နယ်ပယ်ချဲ့ထွင်ချင်ပါရဲ့။
လက်တွေ့ စီမံတတ်တဲ့ ပညာတတ် ဦးနှောက် ခေါင်း မရှိဘူး ဖြစ်နေတယ်။
ဒီတော့ “ကလေးပညာတတ်”ဆိုတာနဲ့တင် ဘုရင်က သွားရေယိုတယ်။
နယ်ချဲ့ ရည်မှန်းချက်အတွက်။
တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းတစ်လုံး။
“သူ့ကို နန်းတော် ခေါ်ကြစို့လား အမတ်ကြီးတို့၊ တိုင်းရေးပြည်ရာတွေနဲ့ မိတ်ဆက်ပေးရအောင်”
အမတ်ကြီးတွေက ခေါ်လည်း ခေါ်ချင်ပါရဲ့။
နောက်မှ ပေါက်တဲ့ ရွှေကြာပင်က ဘုရားစင်ပေါ် ရောက်သွားမှာလည်း ပူကြသေးတယ်။
“စောင့်ကြည့်သေးတာပေါ့ဘုရား”
ဒီလိုနဲ့ ဘုရင်ကလည်း စိတ်ရွကို အသာထိန်းပြီး စောင့်ကြည့်, နားထောင်နေရပြန်တယ်။
(၃)
“တရားမျှတမှု”
========
ရွာက သာယာတာနဲ့အမျှ ခရီးသွားတို့သာမက အပန်းဖြေသူတွေလည်း ပေါလာတယ်။
ဟိုဘက် သည်ဘက် သွားလမ်း လာလမ်းတွေ များသည့်တိုင် အရှေ့ရွာလမ်းက ပိုပြီး သွားလမ်းတွေ သာလာကြတယ်။
စည်ကားတာနဲ့အမျှ လူလူချင်း ပဋိပက္ခတွေ ပေါလာတယ်။
လူချင်း ပဋိပက္ခဖြစ်, အမှုအခင်း ဖြစ်ကြပြီဆိုတာနဲ့ တစ်ယောက်ယောက်က နစ်နာသူ ဖြစ်မြဲ။
ဝမ်းနည်းဖို့ ကောင်းတာက နစ်နာသူဟာလည်း အားနည်းသူ ဖြစ်တတ်မြဲ။
အမြဲတမ်းတော့ မဟုတ်ဘူးပေါ့လေ။
ဆိုတော့ နစ်နာသူကို ကာကွယ်ဖို့ “တရားစီရင်ရေး”ဆိုတာ ပေါ်လာရတာပေါ့။
ရွာနီးချုပ်စပ် အမှုအခင်းတွေကို ရပ်မိရပ်ဖ လူကြီးတွေက ဦးဆောင်ပြီး ဖြေရှင်းကြရတယ်။
တချို့ပြဿနာတွေကို အလွယ်တကူပဲ ဖြေရှင်းပေးလိုက်ကြတယ်ပေါ့။
တချို့ပြဿနာတွေက ခေါင်းကိုက်စရာ ကောင်းတယ်။
ဒီလိုပြဿနာမျိုးတွေနဲ့ ကြုံရတဲ့အခါ “ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း”နဲ့ ဦးနှောက်နာမည်ကောင်း ရထားတဲ့ မဟောသဓဆီကို အမှုအပ် ရောက်လာကြတယ်။
မဟောသဓကလည်း အာမခံ ဦးနှောက်မျိုးကိုး။
အလွယ်တကူပဲ ဖြေရှင်းပေးလိုက်တယ်။
တချို့ဖြေရှင်းပုံက ရိုးရှင်းလွန်းပေမယ့် လူတိုင်း မငြင်းနိုင်တဲ့ အဖြေကို ရစေတယ်။
တရားခံကိုယ်တိုင်ကိုယ်က ငြင်းမရတဲ့ အဖြေရှာပုံ, အဖြေထွက်ပုံမျိုး။
အဲသည့်တရားစီရင်ထုံးတွေကို စာမှာ ပေမှာ မှတ်တမ်းတင်ထားရတယ်။
အဲဒီဖြတ်ထုံးတွေကို ကြားရတော့ ရွှေနန်းတော် ရှင်ဘုရင်က ဖင်တကြွကြွ ဖြစ်ရပြန်ရော။
“လုပ်ကြပါဟဲ့ အမတ်ကြီးတို့ရဲ့၊ ခေါ်ကြပါစို့လား၊ တခြားနိုင်ငံတွေ သူသိမ်း ကိုယ်သိမ်းနဲ့ အင်အားတွေ ကြီးထွားလာကြပြီ၊ ငါကိုယ်တော်ရဲ့ နိုင်ငံက နယ်ချဲ့ဖို့ မဆိုထားနဲ့၊ သူများလာသိမ်းမှာတောင် ကြောက်နေရပြီ”
အမတ်ကြီးတွေရဲ့ ဒုက္ခကလည်း ဗိုလ်အောင်ဒင် ဇာတ်ထုတ်ထဲ ပါသလို “ဒေါ်ဒေါ်ပူတာက တစ်မျိုး, ကျွန်တော်ပူတာက တစ်မျိုး ခင်ဗျ”ဆိုတဲ့အထဲက။
မခေါ်ချင်ကြဘူး။
နှောင့်ယှက်နေကြတုန်းပဲ။
(၄)“ရွှေနန်းတော် တိုက်ပွဲများ”
နောက်တော့
“နင်တို့ဘာသာ မခေါ်ချင်နေ ခေါ်ချင်ခေါ်၊ ငါကတော့ သွားခေါ်ပြီဟေ့”
ဆိုပြီး ဘုရင်က သူဘာသာ ထွက်ချသွားသေးတယ်။
မြင်း ခြေထောက်ကျိုးလို့ ပြန်လှည့်လာခဲ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ်။
နန်းတော်ကို ခေါ်ရတာပါပဲ။
နန်းတော်ထဲ ရောက်တော့ နန်းတွင်းအာဏာပြိုင် တိုက်ပွဲတွေနဲ့ ကြုံရတယ်။
အထူးသဖြင့် လူဟောင်းတွေက လွယ်လွယ်နဲ့ ဦးမကျိုး မာန်မချတာ။
လူချင်း ပြိုင်ချင်တာ။
ပညာရှိအမတ်ကြီး လေးယောက်က ထိပ်ဆုံးက။
အဲသည့်ခေတ် နိုင်ငံရေးစိတ်ဝင်စားသူတွေအတွက် မဟောသဓတို့ရဲ့ နန်းတွင်းအာဏာပြိုင်ပွဲတွေကလည်း ထိပ်တန်းရောက် ပြည်တွင်းသတင်းတွေထဲက နေ့စဉ်ဖတ် ပွဲဆူသတင်းတွေပဲ။
သို့ပေမယ့် ခေါင်းချင်း ကွာတယ်။
အမတ်ကြီးလေးယောက်က အရပ်သားတွေကို မေ့နေတယ်။
မဟောသဓက အရပ်သားတွေနဲ့ တသားတည်း အတူနေပြီး ဖွံ့ဖြိုးရေးတွေ လုပ်တယ်။
အမတ်ကြီးလေးယောက်က နန်းတော်ထဲမှာ နာမည်ရပေမယ့် ရပ်ကွက်ထဲမှာ နာမည်ပေါက်တာကျတော့ မဟောသဓရဲ့ နောက်မှာ ပြတ်ကျန်ခဲ့တယ်။
တဖြည်းဖြည်းနဲ့ မဟောသဓက ရပ်ကွက်အသိုင်းအဝိုင်း တောင့်လာတယ်။
နောက်ပိုင်းမှာ မိန်းမချောတစ်ယောက်ရဲ့ ဘဝကို ကယ်တင်လိုက်ရာက မိန်းမလှလေးက ဘုရင်ကတော် မိဖုရားကြီး ဖြစ်သွားတယ်။
“အမတော်”လို တစ်မျိုး, “မိခင်”လို တစ်မျိုး မဟောသဓကို စောင့်ရှောက်တယ်။
နန်းတော်ထဲက အမတော် မိဖုရားကြီးဆီကို တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ရလာတယ်။
အမတ်ကြီးတွေအတွက် သူတို့ ပူပန်ခဲ့တဲ့ အရာတွေက တကယ်ဖြစ်လာပြီကိုး။
မဟောသဓက သူတို့အထက်ကို ကျော်လာပြီ။
နန်းတော်ထဲက သူတို့ဘက်သားတွေတောင်မှ မဟောသဓဘက် ခပ်ယိမ်းယိမ်း ဖြစ်ချင်နေပြီ။
“ဒီလိုတော့ အဖြစ်မခံနိုင်ဘူး”
(၅)
“မယားအလှ”
=======
“ဟဲ့ မဟောသဓ၊ နင် မိန်းမယူမှ ဖြစ်တော့မယ်”
ဒါက အမတော် မိဖုရားကြီးရဲ့ ဆူသံငေါက်သံတွေ အပြီးမှာ ပြောတဲ့စကား။
လူပျိုသားတွေချည်းပဲ နေကြတဲ့အိမ်ကို အမတော်မိဖုရားကြီး တစ်ခေါက် ရောက်လာပြီးတဲ့နောက် ရှုပ်ပွပွေလီနေတာတွေကို မြင်ပြီး အတော်ကြီး အဆူအပွက် ခံလိုက်ကြရတယ်။
မဟောသဓတို့လည်း ခေါင်းငုံ့ပြီး ငြိမ်နေကြရတယ်။
“နင် ပြော၊ နင်ကိုယ်တိုင် ရှာယူမှာလား၊ ငါရှာပြီး ပေးစားရမှာလား”
“အမတော်ကလည်း ဗျာ”
“အမတော်ကလည်း ဗျာ-မနေနဲ့၊ နင်တို့အိမ်က ကြွက်သိုက်ဖြစ်နေပြီ၊ နင်တို့လည်း ကြွက်တွေ ဖြစ်နေပြီ”
“အင်းဗျာ အင်း အင်း”
“ဘာ အင်းတုန်း၊ ရှင်းရှင်းပြော”
“ကျွန်တော် မိန်းမ ရှာယူမယ်ဗျာ၊ အချိန်တော့ ပေး”
“အေး မြန်မြန်တော့ လုပ်နော်၊ နင့်ကို စိတ်မချတာနဲ့ ငါလည်း အေးအေး နေနိုင်မှာ မဟုတ်ဘူး”
ဒီလိုနဲ့ မိန်းမရှာ ထွက်ရတယ်။
ပညာတတ်တွေများ တော်ရုံမိန်းမကို မယူနိုင်တော့ဘူး။ ချေးများတတ်သွားပြီ။
စံနှုန်းတွေ သတ်မှတ်ပြီး ဘယ်စံ ဘယ်နှုန်းနဲ့ ညီမှ, ဘယ်လိုအရည်အချင်းတွေနဲ့ ညီမှ-ရယ်လို့ သတ်မှတ်လိုက်တော့ မိန်းမရဖို့ ခက်သွားတယ်။
မဟောသဓရဲ့ ဖြစ်ကြောင်းစုံလင်တွေထဲမှာ သူရှောင်ခဲ့ရတဲ့ မိန်းမတွေအကြောင်းကို အသေးစိတ် မပြောခဲ့ဘူး။
ဒါနဲ့ မဟောသဓဇာတ်က ပိုပြီး တိုသွားခဲ့တယ်။
အမတော်ရဲ့ ကြိမ်းမောင်းချိန်းခြောက်မှုကြောင့်ပဲ “အင်း... မိန်းမတစ်ယောက်တော့ မရအရ ရှာရတော့မှာပဲ”ဆိုပြီး ထွက်လာလိုက်တာ။
ကံကောင်းပါတယ်။
ဉာဏ်ရည်တွေ အထပ်ထပ်စစ်ပြီးမှ သူနဲ့ ဉာဏ်ချင်း ပြိုင်နိုင်လောက်တဲ့ (တခါတလေ သူ့ထက်တောင် စွာနိုင်ဟန် ရှိတဲ့) မိန်းမလှတစ်ယောက်ကို သွားတွေ့တယ်။
နာမည်က “အမရာ”
မိန်းမကို လက်ဆွဲပြီး ရွှေမြို့တော်ထဲ ပြန်ဝင်လာတယ်။
အမတော် မိဖုရားကြီးကလည်း ကျေနပ်သွားတယ်။
ရင်ပူသွားရတာက အမတ်ကြီးလေးယောက်။
“နင့်မေကလွှားတဲ့မှပဲ၊ ဒီငနဲတစ်ယောက်နဲ့တင် တို့မှာ အရေးနိမ့်လှပြီ၊ သူ့မိန်းမက အိမ်ရောက်တာ မကြာသေးဘူး၊ စနစ်တွေကို ပြင်တာများ လူပျိုတော်သားတွေ ငြိမ်ကျကုန်သတဲ့၊ မဟောသဓတောင်မှ မိန်းမကို မလှန်ရဲဘူး ဖြစ်သွားသတဲ့၊ ဒုက္ခပါပဲဗျာ”
=============
(၆)“ဗုံလုံတလှည့်”
နန်းတွင်းလူဟောင်းတွေ ဖြစ်ကြတဲ့ အမတ်ကြီး လေးယောက် စိတ်ပူမယ်ဆိုလည်း ပူစရာပဲ။
အမရာရဲ့ စည်းရုံးရေးကြောင့် ရွှေမြို့တော်ရဲ့ မိန်းမသားတွေ အတော်များများက အမရာနဲ့ အရင်းနှီးဆုံး တူဝရီး, ညီအစ်မတွေ ဖြစ်ကုန်ကြပြီ။
ဘာအဖွဲ့ ညာအဖွဲ့တွေ ဖွဲ့ပြီး ပရဟိတတွေ, ကူညီရေးတွေလည်း လုပ်ကြသေးသတဲ့။
“အိမ်က ဟာမကြီးတွေနဲ့တော့ ကွာပဗျာ”
“ဟုတ်ပဗျာ၊ ပြောရရင်လည်း ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းရာ ကျမယ်”
လက်ပွေ့အိတ်ပြိုင်နေကြတဲ့ အိမ်က မိန်းမကြီးတွေကို မကျေမနပ် ဖြစ်လာကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်။ ကြာရင် မဟောသဓရဲ့ လက်ထဲကို အကုန်ပါတော့မယ်။
ရက်စက်ရာ ကျရင် ကျပါစေတော့။
မညှာတမ်း တိုက်ကြတော့မှ ဖြစ်မယ်။
ဆိုတော့ လေးဦးသား အစည်းအဝေး ထိုင်ပြီး ခေါင်းချင်း အပြင်းရိုက်ကြတယ်။
သင်္ချာတွေ တွက်ကြတယ်။
ဦးနှောက်တွေကို ညှစ်ထုတ်ပြီး အကောင်းဆုံး နည်းလမ်းတွေကို စဉ်းစားကြတယ်။
“ကျုပ် အကြံရပြီဗျ”
သေနက အမတ်ကြီးက ပေါင်ကို တစ်ချက်ပုတ်ရင်း အသံကျယ်ကျယ်နဲ့ ပြောတယ်။
ကျန်တဲ့ အမတ်ကြီး သုံးဦးက “ဘာများလဲဗျ”လို့ အဓိပ္ပါယ်ရတဲ့ အကြည့်နဲ့ ကြည့်ကြ။
“ဒီလိုဗျ”
ဆိုပြီး ခေါင်းလေးလုံး တိုးကပ်သွားပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေကြတယ်။
အမတ်ကြီး သုံးယောက်ရဲ့ မျက်နှာမှာ အားတက်သွားလိုက်, စိုးရိမ်သွားလိုက်, ပြုံးသွားလိုက်, နှုတ်ခမ်းတွေ တင်းတင်းစေ့သွားလိုက်။
စကားလည်း ဆုံးသွားရော။
အားလုံး ကျေနပ်တဲ့ လေသံနဲ့ တဟားဟား ရယ်လိုက်ကြပါတယ်။
လူကြမ်းကြီးတွေအလား။
ညစ်ပတ်တဲ့ အကြံရတာကို ဝမ်းသာအားတက် လုပ်နေကြတာ။
=====
နောက်တော့ ဘုရင်ဆီ သွားပြီး တစ်မြို့လုံး မဟောသဓရဲ့ စည်းရုံးမှုအောက်မှာ ရောက်နေပြီဖြစ်ကြောင်း သံတော်ဦး တင်ကြတယ်။
သူတို့အနေနဲ့ အစတုန်းက ပြိုင်ဘက်ရယ်လို့ သဘောထားသော်လည်း အခုတော့ ပြိုင်ဘက်ရယ်လို့ သဘောမထားရဲတော့ကြောင်း။
မဟောသဓရဲ့ ပြိုင်ဘက်ဆိုတာ ကျွန်တော်မျိုးတို့လို ပါချီပါချဲ့ အမတ်ကြီးများ မဟုတ်ပါကြောင်း။
ဘုရားကျွန်တော်မျိုးတို့အနေနဲ့ မဟောသဓကို ပြိုင်ဘက်လုပ်ရမှာ ကြောက်လန့်လာပါကြောင်း။
မဟောသဓရဲ့ မျက်စိထဲမှာလည်း ပြိုင်ဘက်ရယ်လို့ မြင်တာက အရှင်မင်းကြီးတစ်ပါးတည်းသာ ရှိတော့ဟန် တူပါကြောင်း။
ဝိဒေဟမင်းကြီးလည်း ဖြုံသွားတယ်။
သူ့နည်း သူ့ဟန်နဲ့ စုံစမ်းလိုက်တော့ အမတ်ကြီးတွေ ပြောတဲ့စကား မှန်နေတယ်။
သူပြောတဲ့အတိုင်းပဲ တစ်မြို့လုံးက ဒီလင်မယားကို အလွန်အမင်း ကြည်ညိုလေးစားနေကြတယ်။
တိုင်းပြည်ရဲ့ ဧကရာဇ်ဟာ ဝိဒေဟမင်းပါလား-ဆိုတာကို မေ့နေကြပြီ။
“ဒီကောင်လေးမှာသာ ရည်မှန်းချက် ရှိခဲ့ရင်... ဟယ်... ဖြစ်နိုင်ပါဘူးလေ၊ ဒီကောင်လေးက ငါ့သားပဲဥစ္စာ”
ဒီလိုနဲ့ အမတ်ကြီးတွေနဲ့ ထပ်ပြီး တိုင်ပင်ရတယ်။
အမတ်ကြီးတွေကလည်း ထပ်ပြီး ဘုရင့်စိတ်ကို ချောက်ထဲကျအောင် တွန်းကြပြန်တယ်။
“သစ္စာ ရှိမရှိ, စမ်းသပ်မေးခွန်း မေးဖို့”
နောက်တော့ မဟောသဓ မေးခွန်းထောင်ချောက် မိသွားတဲ့ အပြင် တခြားသော ထောင်ချောက်လည်း အမိခံရတဲ့အတွက် သစ္စာမရှိဘူး-လို့ ဘုရင်က သတ်မှတ်လိုက်တယ်။
မဟောသဓလည်း အသုတ်သင် မခံရမီ ရွှေမြို့တော်ကနေ ထွက်ပြီး ရှောင်တိမ်းရတယ်။
အမတ်ကြီးတွေရဲ့ အောင်ပွဲပေါ့လေ။
ပျော်ကြပြီပေါ့။
မဟောသဓ နန်းတွင်းကို ရောက်ကတည်းက ရှုံးပွဲတွေချည်းပဲ ကြုံနေခဲ့ရတာ။
အခု ရှားတောင့် ရှားပါး နိုင်ပွဲကို ဆင်နိုင်ခဲ့တဲ့အတွက် အားရဝမ်းသာ ဖြစ်သွားကြတယ်။
“လူကြံရင် ဘာခံနိုင်မှာတုန်း မင်းကြီးရဲ့”
“ဟုတ်ပဗျာ၊ လုပ်တတ်ရင်လည်း လွယ်လွယ်လေးပါလား”
“ဘာရမလဲ သာဝရာ”
“ဟား ဟား ဟား”
သောက်ပွဲ စားပွဲ ကျင်းပပြီး အတူတူ အောင်ပွဲခံကြတယ်။
အောင်ပွဲသာ ခံကြတာ။
နောင်ရေးကို စဉ်းစားမိကြတယ်။
“ငါတို့ ဒီလိုနေလို့ မဖြစ်ဘူး”
အောင်ပွဲက အပြန်မှာ တစ်ဦးချင်းက စဉ်းစားကြတယ်။
ဘေးနိုင်ငံတွေမှာ စစ်ချီသံတွေ ကြားနေရတယ်။
ဘုရင် ဝိဒေဟကလည်း စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်။
မဟောသဓက ပြည်ပအရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနကို ဖွဲ့နေပြီ။
လူသစ်တွေ စုဆောင်းနေပြီ။
လက်စတန်းလန်းမှာ လုပ်ငန်းတွေ ထိုးရပ်သွားတယ်။
သူတို့အထဲက တစ်ယောက်ယောက်က ဒီနေရာကို ဝင်ယူနိုင်ရင်...
အဲဒီသူဟာ ကျန်တဲ့သုံးဦးကို ကျော်ဖြတ်သွားနိုင်မှာပဲ။
ဒါပေမယ့်...
ကိုယ့်ခေါင်းတစ်ခုထဲနဲ့တော့ အလုပ်မဖြစ်ဘူး။
တန်ဖိုးကြီးတဲ့ ဦးနှောက်တစ်ခု လိုတယ်။
မဟောသဓာနီးပါး ဉာဏ်ပြေးတဲ့ ခေါင်းတစ်လုံး။
ဘယ်သူလဲ?
“အမရာ”ပေါ့။
မိန်းမသား။
သာမည မိန်းမသား မဟုတ်။
နိုင်ငံရေးအတွက် မွေးဖွားလာတဲ့ ထက်မြက်တဲ့ မိန်းမသား။
ဘယ်နည်းနဲ့ စည်းရုံးရရင် ကောင်းမလဲ?
“ဟင်း... ဟင်း... ဟင်း... ငါ မအိုသေးဘူးနဲ့ တူပါတယ်လေ”
မှန်ထဲမှာ ပေါ်လာတဲ့ ကိုယ့်ရုပ်သွင်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကို ညာလိုက်တယ်။
သူများကို ညာနေကျလူက ကိုယ့်ကိုယ်ကိုယ်လည်း ညာမိတာပဲ။
“အင်း... အသေအချာ ကြည့်လိုက်တော့ ခန့်ညားတုန်းပါပဲလေ”
မခန့်ညား ခန့်ညားအောင် ထားထားတဲ့ နှုတ်ခမ်းမွှေးကို အသာသပ်ရင်း စဉ်းစားလိုက်မိတယ်။
ပြုံးကြည့်လိုက်, တည်ကြည့်လိုက်။
မှန်ထဲမှာကတော့ ဟုတ်နေပြီ။
ကျန်တဲ့ ရာထူး အာဏာ ဂုဏ်ပါဝါ မက်လုံးတွေနဲ့ ပေါင်းလိုက်ရင် လင်မရှိလို့ အားကိုးရာ မဲ့နေရှာတဲ့ အမရာ့မျက်နှာလေး။
အင်း...
ဝင်းဝင်းပပ ရှိရှာမှာပါလေ။
=======
အမရာကို ပေါ့ပေါ့ တွက်လိုက်မိတဲ့ အမတ်ကြီးလေးယောက်ဟာ အမရာရဲ့ ထောင်ချောက်ထဲကို ရောက်ပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ကုန်ကြရတယ်။
ကစားပွဲက ပြောင်းပြန်လန်ပြီး အထက်စီးကနေ အောက်စီးကို ပြန်ရောက်သွားတယ်။
မဟောသဓကို ဆင်ခဲ့တဲ့ ထောင်ချောက် ကြိုးလိမ်တွေကို အမရာက တစ်ချက်ချင်း ဖြေပြတယ်။
အမတ်ကြီးလေးယောက်လည်း အရှက်ကွဲ, ဘုရင်လည်း အရှက်ကွဲတယ်။
ဘုရင် အရှက်ကွဲတာက ပိုဆိုးတယ်။
မှားမှန်း သိပေမယ့် ပြန်မတောင်းပန်နိုင်ဘူး။
ပြည်ပအရေးတွေကလည်း တစ်နေ့ ရွှေ, တစ်နေ့ ငွေ။
စစ်ချီသံတွေက မလှမ်းမကမ်း နိုင်ငံတွေမှာ ဓားခုတ်သံ, လှံဝင့်သံတွေ ချွင်ချွင်ချွန်ချွန်။
ကျုံးဝါးမာန်ဖီသံတွေက သည်းထိတ် ရင်ဖိုဖွယ်ရာ။
နိုင်ငံရဲ့ ကာကွယ်ရေးအစီအမံ အသစ်ကလည်း တိုးလို့တန်းလန်းကြီး။
ဟိုကောင်လေးကလည်း ဘယ်ရောက်နေမှန်း မသိ။
“သူဘာသာ ပြန်ရောက်လာရင်လည်း “အင်း...”လောက်ပဲ ပြောပြီး လက်ခံလိုက်လို့ ရသေးတယ်၊ သူတောင်းစားလေးက အလိုက်ကလေးမှ မသိတတ်”
သူကတောင် မကျေမနပ် ဖြစ်နေသေးတယ်။
နောက်တော့ နန်းတွင်းစောင့်နတ်က အကြပ်ကိုင်တယ်။
(ခေတ်လူတွေ ကျေနပ်အောင် ပြောရရင် ညနက်မှာ ခိုးဝင်လာတဲ့ အမည်မသိ လူတစ်ယောက်က အကြပ်ကိုင်တယ်)
အသက်အန္တရာယ်နဲ့ အခြိမ်းခြောက်ခံရတဲ့အတွက် မဟောသဓကို ခေါ်ပြီး ဖြေရှင်းခိုင်းရတယ်။
အဲသည့်ပွဲဟာ နောက်ဆုံး နန်းတွင်းအာဏာပြိုင်ပွဲပေါ့။
သည့်နောက်ပိုင်း သည်လင်မယားကို အံတုရဲတဲ့သူ မရှိတော့ဘူး။
နောက်ပိုင်းအလုပ်မှန်သမျှ ပြည်တွင်း ဖွံ့ဖြိုးရေး, ပြည်ပရန် ကာကွယ်ရေးတွေချည်းပဲ။
ကာကွယ်ရေးအစီအမံတွေကို အားချင်းလုပ်နေတုန်းမှာပဲ စစ်စည်တီးသံက မိတ္ထီလာပြည်ဆီကို ဦးတည်ပြီး ခြေသံပြင်းပြင်း ဆောင့်နင်းရင်း ဝင်ရောက်လာတယ်။
မကြာမီ မိထီလာပြည်ရဲ့ နံဘေးမှာ ဓားတွေ လှံတွေ ဖွေးဖွေးလှုပ်ကုန်တော့တယ်။
ကြွေးကြော်သံတွေ, ခြိမ်းခြောက်သံတွေက ပြည်သူပြည်သားတို့ရဲ့ စိတ်ကို အားငယ်ဆေး ဇွတ်ခွံ့ကျွေးနေသလိုလို။
တကယ်လည်း အားငယ်စရာကြီးကိုး။
=======
(၇) “နိုင်ငံရေး”
အမေ့ရင်ခွင်ထဲ ချွဲရမယ့် အရွယ်ကတည်းက နန်းတွင်းထဲကို ရောက်ခဲ့တယ်။ နိုင်ငံအတွက် လိုအပ်တဲ့ ဦးနှောက်ပိုင်ရှင်မို့လို့။
တစ်နိုင်ငံလုံးမှာ တစ်ဦးတည်း ရှိတဲ့ ဉာဏ်ရည်ပိုင်ရှင်မို့လို့။
နန်းတွင်းကို ကလေးအရွယ်ကတည်းက ရောက်ခဲ့ပြီး နန်းတွင်းက ဓားထက်တဲ့ ဝါရင့်အမတ်ကြီးတွေနဲ့ ပညာချင်း ပြိုင်ပြီး ရှင်သန်နိုင်အောင် ကြိုးစားခဲ့ရတယ်။
သူ့ရဲ့ ဉာဏ်ရည်ဟာ အလွယ်တကူ ထိုးနှက်ပြီး ဖြုတ်ချလို့ ရတဲ့ အတန်းအစားထဲက မဟုတ်ကြောင်း နန်းတွင်းအာဏာပြိုင်ပွဲတွေနဲ့ သက်သေပြခဲ့ရတယ်။
ပညာရှိမှန်ရင် နန်းတွင်းမှာ ရှင်သန်နိုင်စွမ်း ရှိရမယ်။
ဘုရင်က ဝင်ကယ်လို့ မရဘူး။
ကိုယ်ဘာသာ ရှင်သန်အောင် ကြိုးစား။
ဒါပဲ။
အကြိမ်ပေါင်းများစွာ နိုင်ခဲ့တယ်။
တစ်ကြိမ် မရှုမလှ ရှုံးခဲ့တယ်။
အမရာက ဝင်ပြီး တစ်ချက် ထောက်ကူလို့ ပြန်နိုင်ခဲ့တယ်။
ခေတ်အဆက်ဆက်။
နိုင်ငံတော်ရဲ့ အပြင်ဘက်က စစ်ဘုရင်တွေဟာ သူ့နိုင်ငံ, ကိုယ့်နိုင်ငံ နယ်ချဲ့ဖို့ ဓားသွေးနေကြတယ်။
ဓားထက်တဲ့ နိုင်ငံတွေက ဓားတုံးတဲ့ နိုင်ငံတော်တွေကို ကျူးကျော်သိမ်းပိုက်လိုက်ကြတယ်။
တချို့နိုင်ငံတွေက ထီးသုန်း နန်းသုဉ်း မြို့သုဉ်း သုည သုံးသုံဝနဲ့ သုံးရပြန်လစ် သုဉ်းသည့်ခေတ်ကို ကြုံသွားကြရတယ်။
တချို့ မင်းနေပြည်တော်ကြီးတွေဟာ မြို့ပျက်ကြီးတွေ ဖြစ်သွားကြတယ်။
တချို့ရပ်ရွာတွေက မင်းနေပြည်ကြီးတွေ ဖြစ်ကုန်ကြတယ်။
တခါတလေ စစ်ပွဲတွေကို ငြီးငွေ့ပြီး ကမ္ဘာကြီးမှာ စစ်မက်သံတွေ ငြိမ်သက်သွားပြန်တယ်။
ယောက်ျားသားတို့ရဲ့ ထုံးစံအတိုင်း အေးအေးနေရတာ ငြီးငွေ့လာကြပြန်ပြီ-ဆိုရင် ဓားသွေး, လှံသွေး လုပ်ကြပြန်တယ်။
အဲဒါဟာ ကမ္ဘာ့နိုင်ငံရေးပဲ။
ဒီအချိန်မှာ မိတ္ထီလာက ဘေးနိုင်ငံ ဓားသွေးသံတွေကို ကြားလာရတယ်။
သူ့များနိုင်ငံကို နယ်မချဲ့ရင် ထား။ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ လိုအပ်တယ်။
လက်ရှိပညာရှိတွေနဲ့တင် အားမရ မကျေနပ်နိုင်တဲ့အတွက် အမေ့ရင်ခွင်ထဲမှာ ချွဲနွဲ့နေတဲ့ ကလေးပေါက်စလေးကို နိုင်ငံရေးထဲ ရက်ရက်စက်စက် သွင်းခေါ်လိုက်တယ်။
ကလေးလေးဟာ ရက်စက်တဲ့ နိုင်ငံရေးလောကထဲမှာ အရွယ်မတိုင်ခင်ကတည်းက ကျင်လည်ခဲ့ရတယ်။
မိတ္ထီလာရဲ့ ရက်စက်တဲ့ နိုင်ငံရေးပြုစုပျိုးထောင်မှုကို စစ်ဘုရင်တစ်ပါးရဲ့ အမတ်ကြီးတစ်ယောက်က နားစွင့်နေတယ်။
ကမ္ဘာကြီးကို စစ်မက် မီးမွှေးဖို့ စ,ပြီး ကြိုးစားတာ အဲသည့်အမတ်ကြီးပေါ့။
========
သာယာတဲ့ မနက်ခင်းတစ်ခုမှာ အဲဒီအမတ်ကြီး မနက်စောစော ထတယ်။
သူ့ရဲ့ နန်းတော်ပမာကြီးမားတဲ့ အိမ်ကြီးထဲက ပန်းခြံထဲမှာ မော်မော်ကြွားကြွား လမ်းလျှောက်တယ်။
ပန်းပင်ကလေးတွေကို ငုံ့ကြည့်။ မွှေးကြည့်။
အိမ်ကြီးကို မော့ကြည့်။
ဘေးမှာ သပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ အဆောင်လေးတွေကို အကဲခတ်တယ်။
“ခမ်းနားလိုက်တာ၊ ငါ့ပိုင်ဆိုင်မှု၊ ကျေနပ်စရာပါလား”
တဆက်တည်း သူ့ပိုင်ဆိုင်မှုတွေကို စဉ်းစားကြည့်တယ်။
ရွှေငွေ လက်ဝတ်ရတနာ မြေယာ အိမ်ယာ လယ်ယာ ပိုင်ဆိုင်မှု။
ကျေးကျွန်ပေါင်းများစွာ, ဇနီးသည်အချောအလှတွေ။ အလုပ်သမား လခစားတွေ။
ယူထားရတဲ့ အမြင့်ဆုံးရာထူး။
အမတ်ချုပ်ကြီး။
နိုင်ငံရဲ့ ကြောက်ခမန်းလိလိ အင်အားကြီးထွားတဲ့ တပ်မတော်ကြီး။
အသေအချာ လေ့ကျင့်ပေးထားတဲ့ စစ်သည်ပေါင်းများစွာ။
“ငါတို့ ကပိလတိုင်းမှာ ငါတို့ဥတ္တရပဉ္စာလဟာ အင်အားအကြီးဆုံးပဲ၊ ငါတို့ထက် အင်အားကြီးတာ ဘယ်နိုင်ငံများ ရှိသေးလို့တုန်း”
စဉ်းစားကြည့်တယ်။
“ဘယ်မှာ ရှိလို့တုန်း၊ ငါတို့တိုင်း ငါတို့ပြည်, ငါတို့နိုင်ငံသာ အကြွယ်ဝဆုံး, အင်အား အကောင်းဆုံး”
ကျေနပ်သက်ပြင်းတစ်ခု ချတယ်။
“ဂုဏ်ယူမယ်ဆို ယူစရာပေါ့”
သို့သော်...
အခြားသော စိတ်ကူးတစ်ခု။ ကမ္ဘာအတွက် အန္တရာယ်ရှိတဲ့ စိတ်ကူးတစ်ခု။
သူ့အတွေးထဲကို ဝင်လာတယ်။
“အဲသည့်စစ်တပ်ကြီးနဲ့သာ ကမ္ဘာကြီးကို အာဏာပြခဲ့သည်ရှိသော် ဘယ်သူတွေကများ တောင့်ခံနိုင်မှာမို့တုန်း”
မျက်မှောင်ကြုတ်လိုက်တယ်။
“အခုရော ဘယ်နိုင်ငံက ငါတို့စစ်တပ်ကြီးကို တားနေလို့တုန်း”
ခေါင်းခါလိုက်တယ်။
“မတားကြပါဘူး၊ ငါတို့ကပဲ ကိုယ့်ဘာသာ လိပ်ခွံထဲမှာ ပုန်းနေမိကြတာ”
သူ့ကိုယ်သူ မကျေမနပ် ဖြစ်သွားတယ်။
ခေါင်းတစ်ချက် ခါရင်း အိမ်တော်ကြီးထဲ ဝင်သွားတယ်။
========
ခဏနေတော့ ဂေဟာထဲက မြင်းလှည်းတစ်စီး ထွက်လာပြီး နန်းတော်ဆီကို ထွက်ခွါသွားတယ်။
ရက်များမကြာမီ တိုင်းပြည်မှာ တပ်လှန့်သံတွေ ကြားရတယ်။
အနီးဆုံးဖြစ်တဲ့ အင်အားအနည်းဆုံး တိုင်းပြည်တစ်ခုဆီကို စစ်တပ်ကြီးက ချီတက်သွားပြီး ဝန်းရံထားလိုက်ကြတယ်။
အမတ်ကြီးက တံခါးပေါက်ကနေ ဝင်ပြီး ဆွေးနွေးတယ်။
နန်းတော်ထဲမှာ ထိတ်လန့်သွေးပျက်နေတဲ့ ဘုရင်တစ်ပါး။
“မစိုးရိမ်ပါနဲ့ မဟာရာဇာ၊ မစိုးရိမ်ပါနဲ့”
ရင်းနှီးဖော်ရွေတဲ့ အပြုံးကို ပြုံးပြရင်း သံတော်ဦးတင်တယ်။
“မဟာရာဇာပဲ ဆက်ပြီး ဘုရင်ဖြစ်ရပါစေမယ်”
ကြောက်လန့်နေတဲ့ နိုင်ငံငယ်ရဲ့ မဟာရာဇာ မျက်ခုံးပင့်သွားတယ်။
အမတ်ကြီးရဲ့ နာမည်က ကေဝဋ္ဋ။
“ဗျာ...အမတ်ကြီး ဘယ်လို...”
“ဟုတ်ပါတယ်ဘုရား၊ အရင်အတိုင်းပဲ ဆက်ပြီး ဘုရင်ဖြစ်ခွင့် ရှိမှာပါ”
“ဒါနဲ့များ ဘာလို့ စစ်တပ်ကြီးနဲ့...”
အမတ်ကြီးက ယဉ်ကျေးစွာ တစ်ချက်ပြုံးပြပါတယ်။
လက်ညှိုးတစ်ချက် ထောင်ပြတယ်။
“တစ်ခု ရှိပါတယ်”
မဟာရာဇာက ငေးကြည့်နေတယ်။
“မဟာရာဇာအနေနဲ့ လုပ်ရမှာက ဒီနိုင်ငံဟာ အညံ့ခံပါတယ်၊ စူဠနီဗြဟ္မဒတ္တမင်းရဲ့ ဘုန်းတော်ရိပ်ကို ခိုလှုံပါတယ်-ဆိုတာ နိုင်ငံတကာသိအောင် ကြေငြာပေးဖို့ပါပဲ”
“ဟင်...”
စဉ်းစားခန်း ဝင်ပါတယ်။
အရှုံးချည်းပါပဲ။
တိုင်းပြည်ပါ ပျက်စီးပြီး ရှုံးမှာလား? နာမည်နဲ့ ဂုဏ်သိက္ခာလောက်ပဲ ရှုံးမှာလား?
ဒါပဲ ရွေးစရာ ရှိတယ်။
မဟာရာဇာရဲ့ နှုတ်ခမ်းတွေ တုန်တုန်ယင်ယင် ဖြစ်လာတယ်။
မျက်လုံးမှာ ကြေကွဲရိပ်။
“ကျုပ်...”
======
ဒီလိုနဲ့ တစ်နိုင်ငံပြီး တစ်နိုင်ငံ။ အညံ့ခံပြီး လက်အောက်ကို ခိုဝင်လိုက်ကြတယ်။
စူဠနီဗြဟ္မဒတ်ရဲ့ ဂုဏ်သိက္ခာက တဖြည်းဖြည်းနဲ့ တက်လာတယ်။
အညံ့ခံနိုင်ငံတိုင်းက စစ်သည်အင်အားတစ်ချို့ ပို့ပေးရတယ်။
ရိက္ခာတစ်ချို့ ထောက်ပေးရတယ်။
ဒီလိုနဲ့ အင်အားကလည်း ကြီးထွားလာတယ်။
နိုင်ငံပေါင်း ရာဂဏန်းလောက်ကို လိုက်ပြီး သိမ်းတာဟာ (၇) နှစ်ကျော် ကြာသွားတယ်။
တကယ်လည်း စစ်မတိုက်လိုက်ရဘူး။
အဲဒါ ကေဝဋ်အမတ်ကြီးရဲ့ မဟာဗျူဟာ။
အလွယ်ဆုံးနည်းနဲ့ ကမ္ဘာကို သိမ်းပိုက်လိုက်တာ။
ဒီနည်းကို စဉ်းစားမိတဲ့အတွက် ကေဝဋ်အမတ်ကြီးရဲ့ ဦးနှောက်ဟာလည်း “မခေဘူး”ဆိုတဲ့အထဲက။
ဒီအချိန်မှာ မဟောသဓ ဘာလုပ်နေသလဲ?
ကေဝဋ်အမတ်ကြီး ဘာလုပ်နေတယ်ဆိုတာကို ခပ်ပြုံးပြုံး ထိုင်ကြည့်နေတာပေါ့။
ကေဝဋ်အမတ်ကြီးကလည်း မဟောသဓက သူ့ကို စောင့်ကြည့်နေမှန်း သိတယ်။
တစ်နေ့နေ့မှာ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ကောင်း တွေ့လာနိုင်တယ်။
တကယ်တမ်း...
ကေဝဋ်အမတ်ကြီးဟာ မဟောသဓလို မြွေပွေးမျိုးနဲ့ မတွေ့ချင်ဘူး။
ဒီကောင်လေးကို သူ စောင့်ကြည့်နေတာ ကြာပြီ။
မြွေပွေး။
တကယ့်မြွေပွေးပဲ။
======
(၈)“အားစမ်းပွဲများ”
ကေဝဋ်အမတ်ကြီးနဲ့ မဟောသဓတို့က စစ်မြေပြင် ရင်ဆိုင်တိုက်ပွဲတွေကိုသာ မတိုက်ရသေးတာ။
အားစမ်းပွဲတွေတော့ နွှဲကြပြီးပြီ။
ကျေးလက်ဖွံ့ဖြိုးရေးနဲ့ နာမည်ရခဲ့တဲ့ မဟောသဓဟာ သေနာပတိချုပ် ဖြစ်ပြီးတဲ့နောက် ပြည်တွင်းဖွံ့ဖြိုးရေးကို ပဓာန ထားပြီး အားစိုက်လုပ်တယ်။
မိတ္ထီလာ အာဏာပိုင် အသိုင်းအဝိုင်းကြီးတစ်ခုလုံးဟာ မဟောသဓအပေါ်မှာ သူတို့ရဲ့ အနာဂတ်ကို ပုံအပ်လိုက်ကြတယ်။
အိမ်ဟောင်းတွေ ဖျက်-ဆိုရင် မငြင်းဘူး။ ဖျက်တယ်။
အိမ်သစ်တွေ ပြန်ဆောက်ပေးတယ်။ ကျေနပ်တယ်။
ရပ်ကွက်တွေ ပြန်ပြီး အကွက်ရိုက်တယ်။
လမ်းတွေ ပြန်ချဲ့တယ်။
ပန်းခြံတွေ ဖန်တီးတယ်။ ရေဆိုးထုတ်မြောင်းတွေ ညစ်ပတ် နံစော်တွေတာတွေကို ပြန်ပြီး သန့်စင်တယ်။
မြောင်းတွေရဲ့ ဘေးမှာ အပေါ်မှာ ပန်းပင်တွေ စိုက်တယ်။
မြို့ထဲမှာ သူ့နေရာနဲ့ သူ ရေကန်တွေ တူးတယ်။ ရေတွေ သွယ်တယ်။
တောရွာ တောင်သူတွေဆီက ရိက္ခာတွေ စုတယ်။
ကုန်သည်တွေကို ကုန်သွယ်ရေး အဆင်ပြေအောင် ဥပဒေ ရေးပြီး ထောက်ပံ့ပေးတယ်။
ငွေ စုတယ်။ စပါးကောက်ပဲ သီးနှံ စုတယ်။
အားချင်း လုပ်တယ်။
ပြည်ပအရေးသည် ဘာမှန်း မသိဘူး။
နိုင်ငံကြွယ်ဝခြင်းသည်ပင် နိုင်ငံလုံခြုံခြင်းရဲ့ အကြောင်းပဲ။
ဒီလို ခံယူထားတယ်။
စစ်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ်။
နိုင်ငံတော်နေ အရပ်သားများသည် ကြီးပွါးတိုးတက်ခြင်းရဲ့ အရသာထူးကို ခံစားရမယ်။
ပြည်သူ့ဘဝ သာယာလှပရမယ်။
တချိန်တည်းမှာပဲ ကာကွယ်ရေးဝန်ကြီးဌာနကို အသစ်ပြန်ဖွဲ့တယ်။
စစ်သားသစ်တွေ စုဆောင်းတယ်။
မယားအလှ အမရာနဲ့ အမျိုးသမီးအဖွဲ့တွေကလည်း စည်းရုံးရေး ကောင်းတယ်။
အပြုံးချိုချိုလေးတွေက တပ်ထဲ ဆွဲထည့်နေတာ မဟုတ်သလိုလို။
တပ်ထဲ ရောက်လို့ ပြင်းထန်တဲ့ လေ့ကျင့်ခဏ်းတွေ လုပ်ရတော့မှပဲ
"ဟင်... ငါတို့ စစ်သားဖြစ်သွားတာပါလား"လို့ သတိရကြတယ်။
သူတို့တွေ အပြုံးထောင်ချောက် မိသွားခဲ့ကြတာပဲ။
မဟောသဓ။
စစ်ဗျူဟာကျမ်းတွေ ပြန်ဖတ်တယ်။
အဲဒါကလည်း သူ့တာဝန်ပဲ။
တိုင်းပြည်က သူ့လက်ထဲ ပုံအပ်ထားတယ်။
ဖတ်ရမယ်။
အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ မဟောသဓကို ဖြုံကြရတာက အဲသည့်နေရာမှာ စ,လာတယ်။
စစ်ဗျူဟာကျမ်းတွေကို ဖတ်။
ပြီးရင် စစ်ဗိုလ်ချုပ်တွေနဲ့ အစည်းအဝေးထိုင်တယ်။
“စစ်ဗျူဟာကျမ်းတွေက ဘာတွေ ရေးထားမှန်း မသိဘူး၊ အားနည်းချက်တွေ ဗရဗွေပဲ၊ သုံးစားမရဘူး၊ ပြင်ရမယ်”
သည်လို စကားစ,တယ်။
တစ်သက်လုံး ဒီဗျူဟာကျမ်းတွေကို ကျက်မှတ်ရင်း ကြီးလာတဲ့ ဗိုလ်ချုပ်တွေ မျက်ခုံးပင့်ကုန်တယ်။
“ဟုတ်လို့လား မောင်ရဲ့”
ဆိုတော့ အားနည်းချက်တွေကို ဒက်ဒက် ဒက်ဒက်နဲ့ ထောက်ပြတယ်။
ငြင်းမရဘူး။
ဝါရင့် စစ်ဗိုလ်ချုပ်ကြီးတွေ ငြင်းကြည့်တယ်။
စိတ်ထဲမှာ အစမ်းတိုက်ကြည့်တယ်။
ဟင့်အင်း...
ဒီဗျူဟာတွေနဲ့ တိုက်ရင် မဟောသဓကိုသူတို့ ရှုံးမှာပဲ။
လက်ခံလိုက်ရတယ်။
စိတ်ထဲမှာ တွေးကြရတယ်။
“ဪ... ပညာရှိဆိုတာ အမှားရှာတတ်တဲ့ အစွမ်းရှိတာကို ခေါ်တာကိုး”
ပြီးတော့ သူ့အနေနဲ့ ဖြည့်စွက်ချင်တဲ့ မဟာဗျူဟာတွေကို ထည့်သွင်းဆွေးနွေးပြတယ်။
ဒါလည်း မငြင်းသာပြန်ဘူး။
အထူးသဖြင့် ထောင်ချောက်ပိုင်းဆိုင်ရာတွေကို ဆွေးနွေးတဲ့အခါကျတော့ လက်ဖျားခါကုန်ရတယ်။
မဟောသဓရဲ့ စစ်ပွဲထောင်ချောက်မျိုးတွေဟာ လာမယ့် နှစ်ငါးဆယ်လောက်မက ကြိုပြီး ရှေ့ပြေးနေတယ်။
ဗျူဟာသစ်တွေကို ပြန်ရေးတယ်။
ထောင်ချောက်စနစ်တွေကို ပြန်မွမ်းမံတယ်။
ဗျူဟာသစ်တွေကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေ အားတက်ကုန်တယ်။
“ငါတို့ မိတ္ထီလာမှာ စနစ်ဟောင်းကို ပြောင်းနိုင်တဲ့ ပညာရှိတစ်ယောက် ရှိနေပြီပဲ”
ကျေကျေနပ်နပ်ပဲ ခေါင်းဆောင် တင်လိုက်ကြတော့တယ်။
မဟောသဓရဲ့ ပခုံးပေါ်မှာ တာဝန်တွေက လေးသည်ထက် လေးလာတော့တယ်။
ပညာရှိဖြစ်ရတယ်ဆိုတာဟာ ပခုံးလေးဖို့ သက်သက်ပါလား...
=======
သည့်နောက် များမကြာမီ မြို့အပြင်ဘက် မလှမ်းမကမ်းနေရာတွေမှာ
“နိုင်ငံတော် စီမံကိန်းနေရာ”
“ကန့်သတ်နယ်မြေဖြစ်သည်၊ မကျူးကျော်ရ”စတဲ့ စာတမ်းတွေ ပေါ်လာတော့တယ်။
ထောင်ချောက်တွေ ဆင်တာလိုလို... ကျုံးတွေ တူးနေတာလိုလို ကောလာဟလသတင်းသဲ့သဲ့တော့ကြားရတာပဲ။ အရပ်သားတို့အနေနဲ့ တိတိကျကျတော့ မသိရ။
ဘယ်လိုပဲဖြစ်ဖြစ်။
စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေက အားရစရာပါပဲ။
ပိုပြီး ကျေနပ်စရာက ပြည်တွင်းဖွံ့ဖြိုးမှု ကိန်းဂဏန်းတွေကလည်း ဖြေးဖြေးမှန်မှန် တိုးတက်နေတယ်။
ဖွံ့ဖြိုးရေးနဲ့ ကာကွယ်ရေးက ဟန်ချက်ညီမျှနေတဲ့အတွက် တပ်-အရပ်ဟာ ညီညွတ်နေတယ်။
ဒီလိုအခြေအနေမျိုးမှာ ကာကွယ်ရေးဟာ ပြည်သူပြည်သားတို့အတွက် အားကိုးချင်စရာကြီး ဖြစ်နေတယ်။
သို့နှင့်တိုင်
သည့်ထက် အရေးကြီးတာတွေက ရာထူးနိမ့် ဗိုလ်တွေတောင်မှ သိခွင့်မရှိတဲ့ အထူးလျှို့ဝှက်စီမံကိန်း။
ထိတ်တန်းလက်တဆုပ်စာလောက်ပဲ သိခွင့်ရှိတဲ့ အထူးလျှို့ဝှက် အဖွဲ့အစည်းကြီးတစ်ခု။
မဟောသဓကိုယ်တိုင် ကြီးကြပ်တယ်။
အသေအချာ လက်သပ်မွေးပြီး ကျင့်ပေးထားတယ်။
============
ကေဝဋ်အမတ်ကြီးဟာ ကမ္ဘာကို သိမ်းပိုက်မယ် မကြံခင်ကတည်းက နိုင်ငံအသီးသီးမှာ သူလျှိုတွေ လွှတ်ထားခဲ့တယ်။
နိုင်ငံပေါင်း ရာဂဏန်းကျော်ကျော်မှာ နန်းတော်တွေရဲ့ အတွင်းစည်းထဲ ရောက်သည်အထိ အရည်အချင်းပြည့်တဲ့ ကိုယ့်လူတွေကို လွှတ်ထားနိုင်ခဲ့တယ်။
တချို့နိုင်ငံတွေမှာဆိုရင် ဘုရင်တွေရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့တကွ သေးသေးဖွဲဖွဲ, ကြီးကြီးမားမား ပြောစကားတွေကို သိနိုင်ခွင့် ရှိနေခဲ့တယ်။
မိတ္ထီလာ နန်းတွင်းက ပညာရှိ ကလေးပေါက်စ မဟောသဓနဲ့ အမတ်ကြီးတွေရဲ့ ပြိုင်ပွဲတွေကိုလည်း သိခွင့် ရှိနေခဲ့တယ်။
မဟောသဓကိုလည်း အဲသည်ကတည်းက ဂရုတစိုက် ရှိနေခဲ့တယ်။
“ဒီကောင်လေးဟာ ဂရုစိုက်ရမယ့် စာရင်းထဲမှာ ရှိနေတယ်”
တဖြည်းဖြည်းနဲ့ မဟောသဓရဲ့ လက်ထဲကို လုပ်ပိုင်ခွင့်တွေ ထိုးထည့်လိုက်ကြပြီးတဲ့နောက် သူ့ရဲ့ အထူးထောက်လှမ်းရေးတွေဆီက သတင်းပို့တာတွေ အကြိမ်ရေ ကျဲကျဲလာခဲ့တယ်။
“သတင်းယူရ ခက်ခဲ၊ ပြုပြင်ပြောင်းလဲမှုများ ရှိလာ၊ အရင်ထက် လှုပ်ရှားရ ခက်ခဲ”
ဒီလို သတင်းပို့မှုတွေ ရှိလာခဲ့တယ်။
တဖြည်းဖြည်းနဲ့ သတင်းပို့တာ ကျဲရာကနေ သတင်းပို့ လုံးဝ ပြတ်သွားတယ်။
အမတ်ကြီး စိတ်ပူသွားတယ်။
“ဘယ်လိုဖြစ်တာပါလိမ့်”
တိုင်းပြည့်ခေါင်းကိုင် ပညာရှိနဲ့ စစ်သူကြီးတို့ရဲ့ နိုင်ငံတကာ နား, မျက်စိ-ဆိုတာ အထူးထောက်လှမ်းရေး အဖွဲ့ဝင်တွေပဲကိုး။
နောက်တစ်ယောက် ထပ်လွှတ်တယ်။
မိတ္ထီလာ ရောက်သည်အထိ သတင်းပြန်သေးတယ်။
ရက်မကြာခင် သတင်းပျောက်သွားတယ်။
နည်းနည်း စိတ်ပူစရာ ဖြစ်လာပြီ။
ပိုတော်တဲ့ တစ်ယောက်ကို ထပ်လွှတ်တယ်။
“မင်းကို ယုံပြီးသားပေမယ့် သတိတော့ ထားနော်၊ မိတ္ထီလာဟာ မင်းတို့အတွက် အန္တရာယ်နယ်မြေ ဖြစ်လာပြီ ထင်တယ်”
“စိတ်ချပါ အမတ်ချုပ်ကြီးခင်ဗျာ၊ အမတ်ချုပ်ကြီးရဲ့ ဆန္ဒ ပြည့်ဝရပါစေ့မယ်”
ရဲရဲဝံ့ဝံ့ အာမခံပြီး
မိတ္ထီလာကို ထွက်ခွါသွားတဲ့ ထူးချွန်ထောက်လှမ်းရေး အဖွဲ့ဝင်တစ်ယောက်။
စိတ်ပူထားတဲ့အတိုင်းပဲ ပျောက်ချင်းမလှ ပျောက်သွားတယ်။
အမတ်ကြီး ရင်ပူရပြီ။
“ထောက်လှမ်းရေးတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး ရှိနေပြီထင်တယ်”
“ဘယ့်နှယ် လုပ်မလဲ”
“ငါ... ဘယ့်နှယ်လုပ်မလဲ”
အနေအထားကတော့ သူ့ရဲ့ နား, မျက်စိကို လှမ်းပြီး ထိုးဖောက်ဖျက်ဆီးနေတဲ့ သဘော။
မိတ္ထီလာကို လှမ်းမကြည့်နိုင်, မိတ္ထီလာ အတွင်းသတင်းကို နားမထောင်နိုင်ဘဲ သူ့အနေနဲ့ မိတ္ထီလာကို ရန်စ, ကျူးကျော် မလုပ်ရဲ။
“ဘာဖြစ်ကုန်ကြတာလဲ”
အဖြေ ရှာကြည့်လိုက်တော့ တစ်နဲ့တစ် ပေါင်းရင် (နှစ်) လို့ အဖြေရသလိုပဲ။
ဒါ... မဟောသဓရဲ့ လက်ချက် ဖြစ်လိမ့်မယ်။
“ဟင်... နေဦး”
ငါက သူတို့နိုင်ငံထဲကို ထောက်လှမ်းရေး လွှတ်သလို သူကလည်း ငါ့နိုင်ငံထဲကို ထောက်လှမ်းရေး မလွှတ်နိုင်ပေဘူးလား?
သူ့စိတ်ထဲမှာ တိတ်တခိုးလေး ထိတ်လန့်သွားတယ်။
“မလွှတ်လောက်ဘူး-လို့ စဉ်းစားကြည့်စမ်း”
ခေါင်းခါလိုက်တယ်။
နောက်တော့ အစည်းအဝေး လုပ်ချိန်တွေမှာ သတိထားကြည့်မိတယ်။
စိတ်ထဲမှာ မသိုးမသန့်သလိုလို ခံစားလာရတယ်။
သူ့စကားဟာ မိတ္ထီလာကို ရောက်သွားသလိုလို။
============
တခါတုန်းကတော့ တော်တော် လန့်သွားရတယ်။
ဥယျာဉ်တော်ထဲမှာ မင်းကြီးနဲ့ အရေးကြီးကိစ္စ တိုင်ပင်ပြီးတဲ့နောက် အနီးအနားက သစ်ပင်ပေါ်က လှုပ်ခနဲ ဖြစ်သွားတာ မြင်လိုက်ရတယ်။
မျက်လုံးထောင့်က ဖျတ်ခနဲ လှမ်းမြင်ပြီးတဲ့နောက် အလန့်တကြား လှမ်းအော်လိုက်တယ်။
“ဟေ့ ဘယ်သူလဲ၊ ဟေ့... အစောင့်တွေ၊ ရန်သူ ရှိတယ်၊ အစောင့်တွေ လာကြစမ်း”
အစောင့်တွေကလည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ အပင်တွေကို ဝိုင်းပြီး ဓားလှံလေးမြားတွေနဲ့ ချိန်ထားကြတယ်။
ဒီအချိန်မှာပဲ ကျေးသားတစ်ကောင်က မြည်ကျွေးရင်း ပျံတက်သွားတယ်။
“ဟေ့... ကျေးဆိုလည်း မလွတ်စေနဲ့၊ ဖမ်းကြစမ်း”
ဆိုပေမယ့် လွတ်သွားပြီ။ ဝင်လမ်း ထွက်လမ်းတွေကို ပိတ်ဆို့ပြီး ရှာဖွေကြပေမယ့် ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ရ။
ရက်မကြာခင် သူတို့တိုင်ပင်တဲ့ သတင်းကို မိတ္ထီလာနိုင်ငံက ရသွားတဲ့ အနေအထားတွေကို တွေ့ရတယ်။
ခံပြင်းစရာပေမယ့် သူတို့ရဲ့ ထောက်လှမ်းရေးစနစ်ကို ဘယ်လိုဖွဲ့ထားတယ်ဆိုတာ ခန့်မှန်းမရတာပဲ။
တွေးလို့ ရတာက (၃) မျိုးပဲ ရှိတယ်။
- သူ့အနေနဲ့ မဟောသဓကို အကြောက်လွန်ပြီး စိတ်ထဲက ထင်ယောင်ထင်မှား ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။
- ဒါမှမဟုတ်- မဟောသဓရဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေက ကိုယ်ပျောက်သလား ထင်ရလောက်အောင် ထူးချွန်နေတာလည်း ဖြစ်ရင် ဖြစ်နိုင်တယ်။
- ဒါမှမဟုတ်- ကျေးငှက်လို တိရစ္ဆာန်တွေကို ထောက်လှမ်းရေးအဖွဲ့ထဲမှာ ထည့်သွင်းထားတာလည်း ဖြစ်နိုင်တယ်။
(၁) ဒီကောင်လေးကို ကြောက်ပြီး စိတ်ထဲက ထင်ယောင်ထင်မှား ဖြစ်တယ်ဆိုရအောင်ကလည်း ကိုယ်တိုင် လက်သပ်မွေးခဲ့တဲ့ အထူးအေးဂျင့်တွေ ပျောက်သွားတာက စိတ်ထင်မဟုတ်မှန်း သက်သေပြနေတယ်။
(၂) မဟောသဓရဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေက သိပ်ထူးချွန်နေတယ်ဆိုရင်တော့ သူတို့အနာဂတ်ရေးက စိုးရိမ်စရာ ဖြစ်နေပြီ။ သူတို့ဘာပဲ လုပ်လုပ်, မဟောသဓက ခပ်ပြုံးပြုံးနဲ့ ထိုင်ကြည့်နေနိုင်စွမ်း ရှိတယ်-ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါဟာ နိုင်ငံအတွက် အန္တရာယ်ပဲ။
(၃) ကျေးငှက်တွေကို ထောက်လှမ်းရေးအဖွဲ့ထဲမှာ ထည့်ထားတယ်ဆိုရင်တော့ နန်းတော်ထဲကို ငှက်အဝင်အထွက်က အစ သတိထားရမလို ဖြစ်နေပြီ။ အဲသည်လောက်အထိ သတိကြီးတာက လူရယ်စရာ ဖြစ်နေပေမယ့် ဒီကောင်လေးနဲ့ ပတ်သက်ရင် အစစ,အရာရာ သတိထားရမလို ဖြစ်လာပြီ။
မိတ္ထီလာကို ထောက်လှမ်းရေး ထပ်လွှတ်ဖို့...
လောလောဆယ် ခဏရပ်ထားမှပဲ။
အထူးအေးဂျင့်တစ်ယောက်ဆိုတာ နေ့ပိုင်း, လပိုင်းလောက် ကျင့်ပေးရုံနဲ့ ဖြစ်လာတာ မဟုတ်ဘူး။
တန်ဖိုးကြီး အေးဂျင့်တွေကို မိတ္ထီလာတစ်နိုင်ငံတည်းအတွက် ဖြုန်းမပစ်နိုင်ဘူး။
လောလောဆယ် သာမန်အရပ်သား ကုန်သည်တွေဆီက သတင်းကိုပဲ စောင့်နားထောင်ရတော့မှာပဲ။
“တောက်... ခံပြင်းစရာကွာ”
နာနာကျည်းကျည်း ရေရွတ်လိုက်မိတယ်။
“သဘောက်မသားလေး”
တစ်ယောက်တည်း ကြိတ်ပြီး ဆဲရေးလိုက်မိတယ်။
ကေဝဋ်အမတ်ကြီးဟာ အတိုင်းတိုင်းအပြည်ပြည် သိအောင် သိက္ခာမကျပေမယ့်
မြေအောက် လက်သီးပုန်းထိုးပွဲမှာ အရှုံးကြီး ရှုံးသွားပြီဆိုတာ သူဘာသာ သိနေတယ်။
ဘယ်လောက် ဒေါသထွက်ထွက်
လောလောဆယ် ဒီကောင်လေးနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်သေးမှန်းလည်း သိနေတယ်။
မိတ္ထီလာမှာ သူ့နားမျက်စိ မရှိဘဲ
မိတ္ထီလာရဲ့ အကြောင်းတွေကို အသေးစိတ် မသိဘဲ ရင်ဆိုင်ရင်
ကောင်းကောင်းကြီး နာသွားမယ်ဆိုတာ သူသိနေတယ်။
“နေနှင့်ဦးပေါ့ကွာ၊ တစ်နေ့နေ့ပေါ့”
“အဲသည့်နေ့ကျရင်...”
ကြုံးဝါးလိုက်ပေမယ့် အဲသည့်တစ်နေ့နေ့က မသေချာဘူးဖြစ်နေတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
တစ်နေ့နေ့-မှာတော့ နိုင်ရမယ့် ရည်မှန်းချက်။
ထားမှဖြစ်မယ်။
နို့မို့ရင် ငါ လုံးဝ စိတ်ဓာတ်ကျသွားလိမ့်မယ်။
အခုကတော့...
“မြွေပွေး”
ဟုတ်တယ်။
မြွေပွေး။
လောလောဆယ် ဒီကောင်လေးကို မြွေပြွေးလို သဘောထားပြီး ရှောင်နေဦးမှ ဖြစ်မယ်။
သူ့ကို မထိရင် သူကလည်း ပေါက်မယ့်သဘော မရှိဘူး-လို့တော့ တွက်ရတာပဲ။
“ဟင်း... ဒုက္ခ”
သက်ပြင်းကြီးတစ်ချက် ချလိုက်မိတယ်။
သက်သာရာတော့ ရမသွားဘူး။
မြေအောက် လက်သီးပုန်းထိုးပွဲဟာ အမတ်ကြီးရဲ့ စိတ်ကို ဒဏ်ရာရစေတယ်။
အရင်က မဝင်ဖူးတဲ့ ကြောက်စိတ်ကို ခံစားရစေတယ်။
ညနက်နက် အိပ်မပျော်တဲ့ ညတွေတိုင်းမှာ မဟောသဓရဲ့ အကြောင်းကို တွေးမိစေတယ်။
တခါတလေ ကြိတ်မနိုင် ခဲမရ။
တခါတခါ ဒေါသတကြီး။
တခါတလေ စိုးရိမ်သောက။
ခံစားချက်က မျိုးစုံ။
တခါတလေ စိတ်ဓာတ်ကျ။
“ငါတို့ ထိပ်တိုက် မတွေ့ပါရစေနဲ့ ကောင်လေးရေ...”
ကိုယ်ဘာသာ ပြန်ကြားရတဲ့ ကိုယ့်အသံက အိုမင်းရင့်ရော်နေသလိုလို။
========
(၉)
“ကျားမြီးဆွဲ”
======
အစည်းအဝေး ခန်းမကျယ်ကြီးတစ်ခု။
သန်သန်မာမာ ပျိုပျိုနုနု ယောက်ျားပေါင်း ထောင်ဂဏန်းလောက် စုဝေးမိနေတယ်။
အချင်းချင်း စကားပြောဆိုသံ, ရယ်မောသံ, ငြင်းခုံသံတွေနဲ့ အုံးအုံးကျွတ်ကျွတ်။
တံခါးကနေ လူတစ်ယောက် သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဝင်ရောက်လာတယ်။
အားလုံးက မတ်တပ်ရပ်ပြီး ကြိုဆိုလိုက်ကြပါတယ်။
အဲသည့်လူက ဖော်ရွေတဲ့အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်။
“ငါ့လူတွေ တော်တော်စောင့်လိုက်ရသလား၊ အားနာလိုက်တာ”
အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။
“မဟုတ်တာဗျာ၊ ရပါတယ်၊ ကိုယ်တော်လေးက အလုပ်များတာပဲ ဥစ္စာ”
ခဏ စဉ်းစားဟန် ပြုလိုက်တယ်။
“လိုရင်း ပြောရရင် ဥတ္တရပဉ္စာလတိုင်းပြည်ကိစ္စပဲ”
အားလုံးက မတ်ခနဲ ဖြစ်သွားကြတယ်။ တစ်ကမ္ဘာလုံး မသိတဲ့သူ မရှိတဲ့ တိုင်းပြည်ပဲ။ စစ်ကျူးကျော်နိုင်ငံကြီး။ ဘာကိစ္စပါလိမ့်။
ဆက်ပြောတယ်။
“အဲသည့်တိုင်းပြည်မှာ စစ်နိုင်ပွဲ အထိမ်းအမှတ် အောင်သေသောက်ပွဲ ကျင်းပမလို့တဲ့”
အားလုံး သက်ပြင်းချသွားမိကြတယ်။
ပြုံးရင်းနဲ့ ပြောလိုက်တယ်။
“ငါ့လူတွေကို အဲသည့်ပွဲ လွှတ်ရအောင်လို့”
အုံးအုံးအုံးအုံးနဲ့ ပြောကြဆိုကြတယ်။
“ဟာ... ကိုယ်တော်လေးကလည်း...”
“ဒုက္ခပါပဲဗျာ”
“စိတ်ညစ်စရာ”
ဟန်ပြညည်းသံတွေ လုပ်ပြနေကြလို့ မဟောသဓက ရယ်လိုက်တယ်။
“ဘယ့်နှယ်တုန်း မသွားချင်ကြဘူးလား”
“အခုလား ကိုယ်တော်လေး”
ခပ်နောက်နောက် တစ်ယောက်က ထပြောလိုက်လို့ အုံးခနဲ ပွဲကျသွားတယ်။
“ဩ ဩ ငါ့လူတွေ သိပ်ပြီး စိတ်မပါကြဘူးပဲ”
ပြောရင်း မဟောသဓလည်း ရယ်နေတယ်။
ပြီးတော့ ဆက်မပြောသေးဘဲ အသံတွေ ရပ်သွားအောင် စောင့်နေတယ်။
မျက်နှာမှာ လေးနက်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
“ငါ့လူတွေကိုလည်း သိအောင် ပြောထားသင့်တယ် ထင်တယ်”
အဝေးကို ငေးကြည့်နေတယ်။
“တကယ်တမ်း စစ်ပွဲချိန်ကာလမှာ အသက်လုရင်း သတ်ကြဖြတ်ကြတာကို ကိုယ် မပြောလိုပါဘူး...
စစ်ပွဲပြီးတော့မှ အောင်သေသောက်တယ်လို့ အကြောင်းပြပြီး သွေးအေးအေးနဲ့ တိုင်းပြည့်ခေါင်းဆောင်တွေကို လုပ်ကြံမှာမျိုးကိုကျတော့...”
သက်ပြင်းတစ်ချက်ချတယ်။
“အရက်တွေမှာ အဆိပ်ခတ်ထားတယ်ကွ”
အားလုံး နောက်ကြောတွေ အေးစက်ကုန်တယ်။
မဟောသဓက ခပ်ယဲ့ယဲ့ပြုံးရင်း ပြောတယ်။
“ငါ့လူတွေ လုပ်ရမှာက ကမ္ဘာအရပ်ရပ်က နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အသက်ကို ကယ်ဖို့”
ဆက်နားထောင်နေကြတယ်။
“ဘယ်လို ကယ်ရမလဲ-ဆိုတော့...”
စိတ်ဝင်စားလာကြတယ်။
“အရက်အိုးတွေကို သွားပြီး ရိုက်ခွဲကြဖို့ပဲ”
“ဟေး...”
အားလုံး သဘောကျသွားကြတယ်။
“ကြိုက်တယ် ကိုယ်တော်လေး”
“သွားမယ်”
“ရိုက်ခွဲပစ်မယ်”
မဟောသဓက ဆက်ပြောတယ်။
“ဟုတ်ပြီ၊ ကိုယ်လည်း နောက်အစည်းအဝေးတစ်ခု ရှိသေးတယ်၊ ဒါဆိုရင် ဝင်လမ်း ထွက်လမ်းတွေ စီမံထားပုံကို ရှင်းပြမယ်နော်”
===========
တစ်ကမ္ဘာလုံးရဲ့ ဧကရာဇ်အဖြစ် ကြေငြာတဲ့ပွဲ တစ်မျိုးပဲမို့ အခမ်းနားဆုံး ပြင်ဆင်ထားတယ်။
တစ်မြို့လုံးရဲ့ လမ်းတိုင်းမှာ တံခွန်ကုက္ကားတွေနဲ့ အလှဆင်ထားတယ်။
လူတိုင်းက အဝတ်အစားသစ်တွေနဲ့။
လမ်းပေါ်မှာ ကလေးတွေက ပြေးလွှားပျော်မြူးနေကြတယ်။
အတိုင်းတိုင်းအပြည်ပြည်က လက်အောက်ခံမင်းတွေ ရောက်နေကြတဲ့အတွက် တစ်မြို့လုံးကလည်း လူစိမ်းတွေနဲ့ ခြေချင်းလိမ်နေကြတယ်။
ဆင်တူဝတ်စုံတွေနဲ့ မြင်းစီးသမားအုပ်စုတွေကလည်း ဟိုလမ်းတစ်စု သည်လမ်းတစ်ု။
သူ့ကို ကိုယ်မသိ၊ ကိုယ့်ကို သူမသိ။
မိန်းမချောလေးတွေက အချောဆုံး မြင်းသည်တော်တွေကို ရွေးပြီး ငမ်းနေကြတယ်။
တခါတလေ စုစုပြီး “ဟီ”တိုက်လိုက်သံက စီခနဲ ညံခနဲ။
ဘေးပတ်ဝန်းကျင်က ဝိုင်းကြည့်မှ ပြန်ပြီး ဣန္ဒြေဆည်ကြ။
အပျိုကြီးမမတွေကတော့ ဣန္ဒြေကြီး တခွဲသားတွေနဲ့။
ဒါပေမယ့် တခါတလေ ဝင့်ခနဲ ဝင့်ခနဲ ခိုးကြည့်လိုက်တဲ့ မျက်လုံးဝိုင်းကြီးတွေက ပြုံးစိစိ ဖြစ်ချင်စရာ။
======
အောင်သေသောက်ပွဲ ကျင်းပမယ့် ကွင်းပြင်ကြီးမှာ မဏ္ဍပ် တဲတန်းတွေ ဆောက်ထားတယ်။
လူတွေက ကွင်းလုံးပြည့်။
အရက်အိုးကြီးတွေက ထောင်ဂဏန်း သောင်းဂဏန်းမက စီတန်းနေတယ်။
မီးဖိုသတ်မှတ်ထားတဲ့နေရာတွေမှာ ကမ္ဘာ့အတော်ဆုံး စားဖို့မှူးတွေက အပြေးအလွှား ချက်ပြုတ် ဖုတ်ကင်နေကြတယ်။
အရက် သေရည်တွေ ထားတဲ့နေရာရဲ့ အတွင်းတစ်နေရာ။
သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့သူက ရို့ရို့လေး နားထောင်နေတယ်။
ကေဝဋ်အမတ်ကြီးက တစ်ခေါက်လာစစ်ဆေးတာ။
“သေသေချာချာ စီမံထားရဲ့လား၊ မမှားစေနဲ့နော်”
“စိတ်ချပါ အမတ်ချုပ်ကြီးခင်ဗျာ၊ ပြည့်ရှင်မင်းတွေ သောက်မယ့် အောင်သေကို သီးခြားစီမံထားပါတယ်”
“အင်း... အင်း...”
စိတ်ချသေးဟန် မတူပေမယ့် ဘာမှ ဆက်မပြောဘူး။
ပြန်ထွက်သွားတယ်။
မကြာခင် အခမ်းအနား ကျင်းပတော့မှာမို့ တိုင်းပြည်အသီးသီးက ဘုရင်တွေ ဝင်လာကြတယ်။ အခြံအရံတွေ ကိုယ်စီနဲ့။
ပြီးတော့ သတ်မှတ်ထားတဲ့ မဏ္ဍပ်အသီးသီးမှာ နေရာယူလိုက်ကြတယ်။
ဥတ္တရပဉ္စာလဘုရင်ကို စောင့်ဆိုင်းနေကြ။
ဒီအချိန်မှာပဲ လူအုပ်စုတစ်ခုက ငြင်းခုံနေကြတယ်။
ငြင်းခုံရာက ရုန်းရုန်းရက်ရက် ဖြစ်လာတယ်။
တာဝန်ခံတွေက အပြေးအလွှား သွားမေးကြ။
“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”
“ဟေ့ကောင် မင်းက တာဝန်ခံလားကွ”
“ဟုတ်ပါတယ်ခင်ဗျာ၊ ဘာများ အဆင်မပြေဖြစ်လို့ပါလဲ”
စိတ်ဆိုးနေတဲ့ မျက်နှာပေးနဲ့ ခပ်တောင့်တောင့်လူတစ်ယောက်က အင်္ကျီရင်ဘတ်ကို ဆွဲဆောင့်ပြီး မေးတယ်။
“ဟေ့ကောင် မင်းတို့က ဘယ်လိုလုပ်တာတုန်းကွ၊ ငါတို့ဘုရင် ဝိဒေဟမင်းအတွက် နေရာလုပ်မထားပါလား”
“ဝိဒေဟ... ဘယ်က ဝိဒေဟမင်းပါလဲခင်ဗျာ”
ခပ်တောင့်တောင့်လူက ပိုပြီး စိတ်ဆိုးသွားတယ်။
“အာ... ဒီကောင် ငါတို့အရှင်ကိုတောင် မသိဘူးရယ်လို့၊ ငါ လုပ်လိုက်ရ၊ မိတ္ထီလာပြည်ကလေကွာ”
အဲသည်မှာ အုန်းအုန်းကျွတ်ကျွတ်တွေ ဖြစ်လာကြတယ်။
“သူတို့ဘုရင်လည်း မဖိတ်ဘဲနဲ့”
“ဟုတ်ပကွာ၊ ရှက်လဲ မရှက်”
အသံတွေ ကြားရတော့ ပိုပြီး စိတ်ထိန်းမရတော့ဘူး-ဆိုတဲ့သဘောနဲ့...
“ဪ... မင်းတို့က ဒီလိုလား၊ အဲသည်လို ညစ်ကြေးဆိုရင် တို့လည်း ရတာပဲကွ၊ ဟေ့ ငါတို့ဘုရင်ကို မဖိတ်ဘဲနဲ့ မင်းတို့ အရက်သောက်ပွဲ မလုပ်ရဘူး၊ ဒါပဲ၊ ဟေ့ကောင်တွေ အရက်အိုးတွေကို ရိုက်ခွဲကြစမ်းကွာ”
ဆိုတော့ ဘယ်ကမှန်းမသိတဲ့ လူတွေက တွေ့သမျှအရက်အိုးတွေကို ရိုက်ခွဲကြတယ်။
“ဟေ့... အရက်အိုးတွေကို ကာကွယ်ကြ”
အရက်သမားများအတွက် အရက်အိုးကို ရိုက်ခွဲတာက လူကို ရိုက်ခွဲတာထက် နာစရာ မဟုတ်လား။
တားကြ ဆီးကြ ထိုးကြ ပုတ်ကြ ကန်ကြ ကြောက်ကြ။
ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပြီး ပွဲခင်းကြီးက ထိန်းမရ ဖြစ်လာတယ်။
လူစိမ်းတွေချည်းပဲဆိုတော့ ဘယ်သူက ဘယ်သူ့ဘက်ကမှန်း မသိတော့ဘဲ တွေ့ကရာလူကို ထိုးကြိတ် ကန်ကျောက် ရိုက်နှက်။
ကိုယ်ရံတော်တွေကလည်း ကိုယ့်အရှင် ဘုရင်ကို ကာကွယ်ပြီး ပွဲခင်းထဲက ခပ်သုတ်သုတ် ထွက်သွားကြတယ်။
အတော်ကြီးကြာမှ။
ခရာတွေ မှုတ်ပြီး လုံခြုံရေးတွေ ဝင်လာတယ်။
အားလုံးကို ခက်ခက်ခဲခဲ ထိန်းလိုက်ရတယ်။
အားလုံး အေးပြီးသွားတာနဲ့ သွေးအဆူဆုံးလူတွေနဲ့ ဒဏ်ရာအရဆုံးလူတွေကို ဖမ်းထိန်းထားလိုက်တယ်။
အဲသည့်အထဲကမှ ပြဿနာစရှာတဲ့ တရားခံကို စစ်လိုက်တော့ သူတို့အထဲက တစ်ယောက်မှ မဟုတ်ကြဘူး။
သူတို့က လက်ယားလို့ ဝင်တီးရင်း ဒဏ်ရာရကုန်ကြတာ။
===========
စူဠနီ ဗြဟ္မဒတ္တ။
ဒေါသ အကြီးအကျယ် ထွက်ပြီး ရှူးရှူးဒိုင်းဒိုင်း ဖြစ်နေတယ်။
ကေဝဋ်အမတ်ကြီးကလည်း စိတ်ပျက်လက်ပျက်။
ဧရာမပွဲကြီး ပျက်သွားတယ်။
ဧရာမအစီအစဉ်ကြီး ပျက်သွားတယ်။
“ဟင်း... ဟင်း... မိထိလာ... မိထိလာ၊ မင်းတို့က ကျားမြီးကိုမှ လာဆွဲကြတယ်ပေါ့လေ၊ ဟင်း..”
ပြောရင်းနဲ့ ဒေါသတွေက ထွက်ထွက်လာတယ်။ စားပွဲကို လက်သီးနဲ့ တစ်ချက် ထုလိုက်တယ်။
အံကြိတ်သံနဲ့ ပြောတယ်။
“မင်းတို့က လည်ပင်းယားတော့လည်း ငါတို့က ဓားနဲ့ လှံနဲ့ ခြစ်ပေးရသေးတာပေါ့ကွာ၊ ဟုတ်လား”
================
(၁၀)“တစ္ဆေမကြောက်”
မင်းပေါင်း (၁၀၀) တပြိုင်နက် အစည်းအဝေးထိုင်လို့ ရတဲ့ ခန်းမကျယ်ကြီး။
မင်းတို့စကားကို မိုးကြိုးသွားနဲ့ နှိုင်းခိုင်းသလိုဆိုရင် မိုးကြိုးသံတွေ ဂျိုးဂျိုးဂျိန်းဂျိန်း ညံနေတယ်။
ဒီဘုရင်တွေဟာ မဟောသဓက ပွဲဖျက်လို့ အသက်ရှင်ခဲ့ရတဲ့ သေရွာပြန်တွေ။
ဒါပေမယ့် ကန့်လန့်ကာနောက်ကွယ်က ပညာကွက်ပြိုင်ပွဲတွေကို မမြင်နိုင်တဲ့အတွက် မဟောသဓက သူတို့ရန်သူ ဖြစ်နေတယ်။
စစ်ကြေငြာဖို့ စူဠနီဗြဟ္မဒတ်ကို ဖိအားပေးနေကြတယ်။
ခက်ထန်နေတဲ့ အသံတွေနဲ့ ဘုရင်တွေ တစ်ပါးပြီးတစ်ပါး ထလျှောက်နေကြ။
“ကျွန်တော်မျိုးတို့ နိုင်ငံက စစ်သည်တော်တွေကတော့ အတော်ကြီး ဒေါသပုန် ထနေကြတယ်ဘုရာ့”
“မိထိလာဟာ အရှင်မင်းကြီးရဲ့ သတ္တိကို သွေးစမ်းလိုက်တာပါ”
“အရှင်မင်းကြီးသာ ငြိမ်နေခဲ့မယ်ဆိုရင် အရှင်မင်းကြီးရဲ့ သတ္တိကို ကျွန်တော်မျိုးတို့ အထင်သေးရပါလိမ့်မယ်ဘုရာ့”
ဘုရင်တစ်ပါးကတော့ နာအောင် ပြောတယ်။ သူ့အသံက ဒေါသထွက်သံလည်း မဟုတ်။ လေသံပျော့တာလည်း မဟုတ်။
နာအောင် ပြောရတာကို ဝါသနာပါလို့ ဝင်ပြောတဲ့ ပုံစံ။
ငါပြောလို့ နာတာကို အရသာခံလိုက်မဟဲ့-ဆိုတဲ့ သဘော။
သူက မတ်တပ်ရပ်ပြီး မင်းလမ်းမလယ်မှာ လျှောက်တယ်။
သူ့ရဲ့ နှုတ်ဇကို သိနေကြတဲ့ ဘုရင်တွေက ငြိမ်ပေးကြတယ်။
သူ့အသံက အေးအေးဆေးဆေးပါပဲ။ ဒါပေမယ့် အမြင့်ဘက်ကို ယိုင်တယ်။
“အရှင်မင်းကြီးဟာ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို စိန်ခေါ်ခဲ့တယ်၊ မိထိလာကို ချန်လှပ်ထားခဲ့တယ်၊ ဒါကို ကျွန်တော်မျိုးတို့ မေးခွန်းမထုတ်ခဲ့ပါဘူး၊ ဒါပေမယ့် ဒီနေ့ မိထိလာက ရန်စ,လာတယ်၊ ဒါကို အရှင်မင်းကြီးက ငြိမ်နေခဲ့မယ်ဆိုရင်တော့... မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်၊ အရှင်မင်းကြီးဟာ ရေမြေ့သနင်း ပြည့်ရှင်မင်းလား? ရေမြွေ့သနင်း ပြည့်ရှင်မင်းလားဆိုတာ”
(ရေမြွေ - အဆိပ်မရှိသော မြွေတစ်မျိုး)
ပလ္လင်ပေါ်က စူဠနီဗြဟ္မဒတ္တ မျက်နှာတော်။
ရှုံ့မဲ့သွားတယ်။
ဒါ... ဆော်တာပဲ။
အမှားသက်သက်နဲ့ ဆော်လို့ နာတာထက် အမှန်လေးတစ်ဝက်နဲ့ ရောပြီး ဆော်ရင် နာ-ဆက ပိုပြီး ပြင်းတတ်တာကိုး။
ရှုံ့သွားတဲ့ မျက်နှာကို ကြည့်ပြီး တင်လျှောက်တဲ့ ဘုရင်ကလည်း ကျေနပ်သွားတယ်။
ကျန်တဲ့ဘုရင်တွေက ဒေါသထွက်နေတဲ့အချိန်မှာပဲ ပြုံးစိစိ ဖြစ်သွားကြသေးတယ်။
စူဠနီဗြဟ္မဒတ်က ချောင်းတစ်ချက် ဟန့်လိုက်တယ်။
ဒီ့ထက်တော့ ငါလည်း သည်းမခံနိုင်တော့ဘူး-ဆိုတဲ့ သဘောနဲ့ မိုးကြိုးသွားတစ်ချက် ပစ်တယ်။
“ကဲ ဒါဆိုရင် အမိန့်တော် မှတ်မယ်”
စူဠနီဗြဟ္မဒတ်ရဲ့ အသံထွက်လာတဲ့အချိန်မှာ မင်းအပေါင်း ငြိမ်သက်ပြီး အာရုံစိုက်လိုက်ကြတယ်။
ခန္ဓာကိုယ်တွေက မတ်ခနဲ။ မျက်လုံးအကြည့်တွေက ဝင်းဝင်းပြောင်ပြောင်။
မျှော်လင့်ချက်တွေက အပြည့်။
“မိထိလာဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်၊ မင်းအပေါင်းတို့ရဲ့ မင်္ဂလာပွဲကြီးကို ဖျက်ဆီးခဲ့တယ်၊ အောင်သေသောက်ပွဲကြီး ပျက်စီးခဲ့ရတယ်၊ ဒါ့ကြောင့်...”
အသံက တစ်လုံးချင်း ထွက်လာတယ်။
ခဏ ရပ်လိုက်တယ်။ ခန်းမကြီးတစ်ခုလုံး အပ်ကျသံ ကြားရမလောက်။
ဘုရင်တွေက မလှုပ်မရှက်နဲ့ စူးစိုက်ကြည့်ပြီး နားထောင်နေကြတယ်။
“အောက်သေသောက်ပွဲကို ရက်ရွှေ့လိုက်မယ်၊ ပြန်လည်ကျင်းပမယ့် အဲဒီ့အောင်သေသောက်ပွဲမှာ ခေါင်းပြတ်တစ်ခု ပါရမယ်...
“အဲဒါဟာ ဘယ်သူ့ခေါင်း ဖြစ်ရမလဲ”
မေးလိုက်တဲ့ အသံမှာ ခန်းမကြီးကို ဟိန်းသွားစေတယ်။ တုန်ယင်နေတဲ့ အသံက ပဲ့တင်ထပ်ပြီး မင်းအပေါင်းရဲ့ ရင်ထဲအထိ လှုပ်ခတ်တုန်ယင်ပြီး ဝင်သွားတယ်။
မင်းအပေါင်း စိတ်အားတက်ကြွတဲ့ အသံနဲ့ ဖြေလိုက်ကြတယ်။
“ဝိဒေဟရဲ့ ခေါင်း”
“ဘယ်သူ့ခေါင်းလဲ”
“ဝိဒေဟရဲ့ ခေါင်း”
“ဘယ်သူ့ ခေါင်းလဲ မင်းကြီးတို့”
“ဝိဒေဟရဲ့ ခေါင်း”
========
ကေဝဋ်အမတ်ကြီး စိတ်ဓာတ်အကျကြီး ကျနေတယ်။
မင်းကြီးနဲ့ နှစ်ဦးသား ထိပ်သီးဆွေးနွေးပွဲ ထိုင်နေတယ်။
ဘုရင်က စစ်ကြေငြာလိုက်ပြီ။
သူက မသွားလို့ မဖြစ်ဘူးလား ပြောတယ်။
ဘုရင်က မျက်စောင်းခဲပြီး ကြည့်တယ်။
“အမတ်ကြီးက ဘာဖြစ်နေတာလဲ”
လေသံမာမာနဲ့ မေးလိုက်တော့ ကုတ်သွားရတယ်။
“အရှင်မင်းကြီးကို အကြိမ်ကြိမ်လျှောက်ခဲ့ဖူးသားပဲ၊ ဒါ ဝိဒေဟမင်းရဲ့ စနစ်မဟုတ်ဘူး၊ မဟောသဓရဲ့ စနစ်ပါ-လို့၊ မိထိလာရဲ့ အတွင်းရေးအချက်အလက်တွေကို မသိဘဲ...”
စိုက်ကြည့်နေတဲ့ စူဠနီဗြဟ္မဒတ်က ကြားဖြတ်ပြောလိုက်တယ်။
“ကြောက်နေတာလား အမတ်ကြီး”
ကေဝဋ်အမတ်ကြီး အမ်းသွားတယ်။
“....”
ဘာပြန်ဖြေရမယ်မသိ။
တစ်ခုခုတော့ ကြိုးစားပြီး လျှောက်မှပဲ-ဆိုပြီး အထွန့်တက်လိုက်တယ်။
“စစ်ပွဲနိုင်ခြင်းရဲ့ အကြောင်းတွေထဲမှာ တစ်ဖက်လူရဲ့ အကြောင်းကို သိရခြင်းကလည်း အကြောင်းတစ်ခုပါပဲဘုရား၊ ကျွန်တော်မျိုးတို့ဟာ မိထိလာနဲ့ ပတ်သက်တဲ့ သူလျှိုစနစ်ကို မတည်ဆောက်နိုင်သေးသမျှ...”
စူဠနီဗြဟ္မဒတ်က ပေါက်ကွဲပါပြီ။
“အဲဒါ အမတ်ကြီး ညံ့တာလေ၊ အခု မိထိလာက ရန်စနေပြီ၊ အဲဒါကို ငြိမ်နေလိုက်ရင် ကျုပ်သိက္ခာ ဘယ်နားသွားထားမလဲ? ဘုရင်တွေက လေးစားပါဦးမလား? ကွယ်ရာမှာ ကြိတ်ပြီး ရယ်နေကြမှာပေါ့၊ အဲဒါဆိုရင် အမတ်ကြီးက ဘာလုပ်ပေးမှာလဲ”
ကေဝဋ်အမတ်ကြီးကလည်း ဘာမှ ပြန်မပြောတတ်ဘူး။
“ဒါပေမယ့်...”
စူဠနီဗြဟ္မဒတ်က အေးစက်စက်နဲ့ ပြောတယ်။
“ဒါပေတွေ မယ့်မနေနဲ့တော့၊ အမတ်ကြီး ကြောက်ရင် နေခဲ့၊ ဒီမှာ ဘုရင်ပေါင်းစုံပါတယ်၊ စစ်သည်အင်အားကလည်း မိုးပြိုမတတ်၊ နတ်ပြည် ဘီလူးပြည်ကိုတောင် သိမ်းလို့ရတယ်၊ ဒါကိုမှ ကြောက်နေရင် အနောက်ဆောင်ကို သွား၊ မိဖုရားကြီးနဲ့ တွေ့၊ ဘုရင်က လွှတ်လိုက်တယ်လို့ပြော၊ ထဘီတစ်ထည်တောင်းပြီး ဝတ်၊ သနပ်ခါးလိမ်း အလှပြင်ရင်း စောင့်နေတော့၊ အောင်ပွဲခံပြီး ပြန်လာခဲ့မယ်၊ ဟုတ်လား”
ကေဝဋ်အမတ်ကြီး မျက်နှာက ရဲခနဲ။
=========
(၁၁)
“နှစ်သိမ့်ခြင်း”
========
တကမ္ဘာလုံးက မင်းပေါင်းစုံ ဦးဆောင်တဲ့ စစ်တပ်ကြီးက အရှိန်ပြင်းပြင်းနဲ့ ချီတက်လာပြီး မိတ္ထီလာပြည်ရဲ့ လေးဘက်လေးတန်က ဝိုင်းလိုက်ကြတယ်။
ညနေ မှောင်ရီပျိုးချိန်။
မိထိလာရဲ့ ပတ်ဝန်းကျင်မှာ မီးတုတ်တွေက ဝင်းဝင်းတောက်။
မီးတုတ်တွေကို မြှောက်မြှောက်ပြီး အော်လိုက်တဲ့ “ဟိတ်” “ဟိတ်” “ဟိတ်” သံတွေက မိထိလာပြည်သူပြည်သားတို့ရဲ့ စိတ်ကို တုန်လှုပ်စေတယ်။
နန်းတော်တွင်းမှာ မိထိလာဘုရင်။
သေနကတို့ အမတ်ကြီးလေးဦးနဲ့အတူ မျက်နှာငယ်လေးတွေ ကိုယ်စီနဲ့ ထိုင်နေကြတယ်။
မဟောသဓ ရောက်လာတော့ အားတက်တဲ့ အရိပ်အယောင်က လက်ခနဲ။
“ငါ့သား... လာပါဦးကွာ”
မဟောသဓက ဝိဒေဟမင်းကို ဦးချလိုက်တယ်။
ဣန္ဒြေရရ ပြုံးပြပြီး လျှောက်တယ်။
“အေးအေးသက်သာ စံတော်မူပါ ခမည်းတော်ဘုရား၊ သားတော် အားလုံး စီစဉ်ပြီးသားပါ၊ ဒီပွဲကို ချွေးမထွက်ပဲ အနိုင်ယူနိုင်မှာပါ”
ဪ... သားတော်ရဲ့ လျှောက်တင်စကားက အားရလိုက်ပါဘိ။
အခုမှ ကြည့်မိတယ်။ ငါ့သားတောင် လူကောင်ကြီး အတော်ထွားနေပါပေါ့။
နန်းတွင်းရောက်စက ပုပုကွေးကွေး သေးသေးနုနုလေးကို ပြန်ပြီး သတိရမိသေးတယ်။
အခု ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ အရွယ်က အိုပြီး ခွန်အားတွေ နည်းနေသလိုလို။
စစ်တပ်ကြီးက မြို့ကို အထပ်ထပ်ဝိုင်းရံထားလိုက်တော့ သိမ်ငယ်စိတ်တွေက တားမရ။
အားငယ်လိုက်ပါဘိ။
“သားရေ... အဖေ့ကို ပစ်မထားပါနဲ့ကွာ၊ အားကိုးပါရစေ၊ နော်... ငါ့သား ရှာကျွေးမှ စားရသောက်ရတော့မယ့် အဖေအိုကြီးအရွယ်ပါကွာ”
မဟောသဓ ဟက်ဟက်ပက်ပက် ရယ်လိုက်မိပါတော့တယ်။
“စိတ်ချပါ ခမည်းတော်ဘုရားရဲ့၊ နန်းတော်ထဲမှာ အေးအေးဆေးဆေးပဲ နေလို့ ရပါတယ်၊ အတီးအမှုတ်လေးတွေနဲ့ ငြိမ့်ငြိမ့်လေး နေ၊ ဘယ်သူကမှ ခမည်းတော်ဘုရားကို မထိစေရဘူး၊ ဟုတ်လား”
“အေးပါ သားရေ၊ အားရှိလိုက်တာ၊ ဒါဆို အဖေ နန်းတွင်းဇာတ်ပွဲလေးကို ဆက်ကြည့်လိုက်ဦးမယ်နော်”
==========
ကြောက်စိတ် မွှန်နေတဲ့ တစ်မြို့လုံးကို အားတက်အောင် နှစ်သိမ့်ပေးလိုက်တယ်။
ပညာရှိဆိုတာ မုန်တိုင်းကိုတောင် တူရိယာသံရယ်လို့ မြင်အောင် သရုပ်ဖော်ပြီး မုန်တိုင်းနဲ့အတူ က,ခုန်ချင်တဲ့ စိတ်ဖြစ်အောင် နှိုးဆွပေးနိုင်တဲ့ မှော်ဆရာတစ်မျိုးလို့ ဆိုရင် မှားပါ့မလား။
တစ်ညလုံး မြို့ပြင်မှာ မီးတုတ်မြှောက်သံတွေနဲ့ “ဟိတ်” “ဟိတ်” “ဟိတ်”သံတွေ မိုးလုံးညံနေပေမယ့် နေရောင်ခြည်ထွက်လာတော့ မြို့သူမြို့သားတွေရဲ့ အလှည့်ဖြစ်သွားတယ်။
မြို့သူ မြို့သားတွေဟာ အကအသင်းတွေ ဖွဲ့ကြတယ်။
နံနက် မိုးလင်းကတည်းက မြို့ရိုးပေါ်တွေမှာ တက်ပြီး အလှည့်ကျ က,ကြ ခုန်ကြတယ်။
မြို့ထဲဘက်က ပရိသတ်က မြို့ရိုးပေါ်က အကအဖွဲ့ကို ကြည့်ပြီး အော်ဟစ် အားပေးကြတယ်။
တစ်ဖွဲ့ မောသွားရင် နောက်တစ်ဖွဲ့က ဆက်က, တစ်ဖွဲ့ပြီးသွားရင် နောက်တစ်ဖွဲ့က ဆက်က။
“ငုံးဥတွေ ရမယ်၊ ငုံးဥတွေ”
“စာကလေးကြော် ဘယာကြော် အာလူးကြော်”
ဧရာမ စီးပွါးရေးသမားကြီးတွေကလည်း လူစုစု မြင်တာနဲ့ ဗျတ်ထိုးပြီး ရောင်းကြတယ်။
လူတွေရဲ့ အုံးခနဲ အုံးခနဲ အော်ဟစ်သံ။
မြို့ပြင်ဘက်က ကြားရ။
အစည်းအဝေး ထိုင်နေတဲ့ စူဠနီဗြဟ္မဒတ်။
မျက်မှောင်ကြုတ်သွားတယ်။
“ဘာလုပ်နေကြတာပါလိမ့်”
ယောင်ပြီး လှမ်းမေးမလို့ ကေဝဋ်အမတ်ကြီးဘက် လှည့်ကြည့်တယ်။
ကေဝဋ်အမတ်ကြီးက မျက်နှာလွှဲသွားတယ်။
စူဠနီဗြဟ္မဒတ်လည်း သူတို့နှစ်ဦး စိတ်ကောက်နေကြတာကို သတိရပြီး မျက်နှာထားကို ပြန်တင်းလိုက်တယ်။
“ဟေ့... တစ်ယောက်လာစမ်း၊ မလွယ်ပေါက်က ဝင်ပြီး ဘာလုပ်နေကြတာလဲ သွားအကဲခတ်စမ်း”
“မှန်ပါဘုရား”
ကွမ်းတစ်ယာညက်ခန့်အကြာမှာ စစ်ဗိုလ်တစ်ယောက် ပြန်ဝင်လာတယ်။
“မှန်လှပါ၊ အထဲမှာ ဇာတ်ကနေကြတာပါတဲ့ဘုရား”
“ဟင်... ဘာတဲ့ရယ်”
“မှန်ပါ၊ တစ်ကမ္ဘာလုံးက စစ်သည်တွေ ဝိုင်းထားခြင်း အထိမ်းအမှတ်အဖြစ် ပျော်ပွဲခံနေကြတာပါတဲ့ဘုရား”
မျက်နှာမှာ ဝေခွဲမရတဲ့ အရိပ်အယောင် ပေါ်လာတယ်။
“ဘာလို့ ပျော်ပွဲခံတာတဲ့လဲ”
“မှန်လှပါ၊ စစ်နိုင်ခြင်း အထိမ်းအမှတ်ပွဲ မကျင်းပမီ အဝိုင်းခံရစဉ်ခဏ အမှတ်တရ-ပါတဲ့ဘုရား၊ ပျော်ပွဲရွှင်ပွဲ ကျင်းပရမယ် အမိန့်တော်ကြောင့်ပါတဲ့ဘုရား”
“သယ်...”
စူဠနီဗြဟ္မဒတ် နှုတ်ခမ်းမွှေး ထောင်သွားပါတယ်။
“သင်းတို့ဟာ ဒီအချိန်မှာ ငါ့ဆီကို ဒူးထောက်ဝပ်တွားပြီး ဦးနှိမ်ချ တောင်းပန်မယ်ဆိုရင်တောင် ငါက သက်သက်သာသာနဲ့ သေရအောင် သတ်ပေးနိုင်သေးတယ်၊ အခုတော့...”
“ဟေ့... အမိန့်တော်မှတ်မယ်၊ နာခံကြ”
အားလုံး ဒူးတုပ်ပြီး ခ,စားကြ။
“ကနေ့ည နေဝင်လို့ အချက်ပေးတာနဲ့ မိထိလာ တံတိုင်းကို ရအောင် ဖြိုရမယ်၊ အရုဏ်မတက်ခင် ဝိဒေဟမင်းရဲ့ ခေါင်းကို ရချင်တယ်၊ ယူပေးမယ့်စစ်သားကို...
“မိုးကောင်းကင်ရဲ့ အတော်ဆုံး စစ်သည်တော်ဘွဲ့” ချီးမြှင့်တော်မူမဟေ့”
လေသံက ဓားကောင်းနှစ်လက် ဘက်ချင်းရိုက်သလို ဒင်းဒင်း ဒင်းဒင်းနဲ့ မြည်နေတယ်။
“မိထိလာ ဘယ့်နှယ် ဖြိုမယ်”
“ဒိနှယ် ဖြိုမယ်”
“မိထိလာ ဘယ့်နှယ် နင်းမယ်”
“ဒိနှယ် နင်းမယ်”
“မိထိလာ ဘယ့်နှယ် ဖျက်မယ်”
“ဒီနှယ် ဖျက်မယ်”
===============
(၁၂)
“ခါးသီးသော အောင်ပွဲ”
မဟောသဓဟာ စစ်သူကြီးတွေနဲ့အတူ မြို့ရိုးအနားက စစ်ရုံးချုပ်မှာ ထိုင်နေတယ်။
စစ်ပွဲအတွက် အသင့်ပြင်ပြီးနေပြီ။
မဟောသဓရဲ့ ပုံစံကို ကြည့်ရတာ စိတ်ညစ်နေသလိုလို။
စားပွဲရှည်ကြီးရဲ့ ထိပ်မှာ ထိုင်ရင်း ငိုင်တွေနေတယ်။
“ကျွန်တော် ဒီစစ်ကို မဖြစ်စေချင်ပါဘူးဗျာ”
စားပွဲပတ်လည်မှာ ထိုင်နေကြတဲ့ စစ်သူကြီးတွေက နားထောင်ပေးနေကြတယ်။
“ကျွန်တော် ငယ်ငယ်လေးတုန်းက တွေးခဲ့ဖူးတယ်၊ တစ်ကမ္ဘာလုံးက လူတွေရဲ့ အသက်ကို ကယ်မယ်-လို့၊ ငယ်ငယ်တုန်းက ကျွန်တော်ဟာ ကယ်တင်ရှင် သူရဲကောင်းကြီးပေါ့”
ခဏတိတ်သွားတယ်။
“ဒီနေ့ည ကျွန်တော်ကြောင့် လူတွေ အများကြီး သေကြရတော့မယ်”
ပြောရင်းနဲ့ စိတ်ထိခိုက်လာပုံပဲ။
“တချို့ဟာ ဓားပညာ, လှံပညာတွေ, တိုက်ခိုက်ရေးပညာကို ဘဝတစ်သက်စာ အချိန်ပေးပြီး လေ့လာခဲ့ကြတယ်၊ ထူးချွန်တဲ့ တိုက်ခိုက်ရေး ပညာရှင်တွေ...”
အဝေးကို ငေးကြည့်နေတယ်။
အပေါ်မှာ ထွန်းထားတဲ့ မီးအိမ်က လွင့်လူးနေတယ်။
“သူတို့ဟာ မိထိလာသားတို့နဲ့ ရင်မဆိုင်ရသေးခင်မှာ အသက်စွန့်သွားကြရလိမ့်မယ်”
ဒီအချိန်မှာပဲ မြို့ပြင်ဘက်က တံပိုးခရာမှုတ်သံတွေကို ကြားလိုက်ရတယ်။
“ဟေး...တက်ကြ”
ဆိုတဲ့ အသံကြီးနဲ့အတူ မိုးပြိုမတတ် ဟစ်ကြွေးသံကြီး ဟိန်းထွက်လာတယ်။
စစ်ဆင်သံတွေ, စစ်မြင်းချီသံတွေ, စစ်ရထားသံတွေ။
စစ်ရုံးချုပ်ထဲက စစ်ဗိုလ်ကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတယ်။
မဟောသဓရဲ့ မျက်နှာမှာတော့ ကြေကွဲနေဟန်။
ခဏနေတော့ အပြင်ဘက်က အုန်းခနဲ အသံတွေ, ဆင်ကြီးတွေရဲ့ နာကျင်သံတွေ, ရထားတွေရဲ့ လွင့်စဉ်သွားသံတွေ ကြားလိုက်ရတယ်။
လူတွေရဲ့ နာနာကျင်ကျင် အော်ဟစ်သံတွေကလည်း သွေးပျက်စရာ။
မြို့ပတ်ပတ်လည်မှာ ငရဲပွက်သံတွေ ညံနေတယ်။
ထောင်ချောက်မိလို့ ပက်လက်လန်သွားတဲ့ စစ်ဆင်ကြီးတွေ, တုံးလုံးလဲကျသွားတဲ့ စစ်မြင်းတွေ။
ကိုယ်ထည်တခြား ဘီးတခြား လွင့်စဉ်ထွက်သွားတဲ့ စစ်ရထားတွေ။
စစ်ဆင်ကြီးတွေက ကမန်းကတန်း ထပြီး ကိုယ့်တပ်ကို ကိုယ်ပြန်နင်းနေကြတယ်။
ရှေ့ကျူးလာတဲ့ စစ်သည်တော်တွေကလည်း ထောင်ချောက် အသစ်တွေကို ထပ်နင်းပြီး ထွေးခနဲ လဲကျ, ဖွာခနဲ ဖြစ်။
ကြေကွဲစရာကြီး။
မဟောသဓက ဆက်ပြောလိုက်တယ်။
“အခုလည်း ဒီလိုပါပဲ၊ တစ်ကမ္ဘာလုံးက ဒုက္ခရောက်နေတဲ့ လူအားလုံးကို ကာကွယ်ချင်တယ်၊ ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်တော် မိထိလာကိုပဲ ကာကွယ်ရင်း ပြင်ပက လူတွေကို သတ်နေရတယ်”
စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်က နှစ်သိမ့်တယ်။
“ကိုယ်တော်လေးရယ်၊ ကိုယ်တော်လေးရဲ့ တာဝန်က မိထိလာကို ကာကွယ်ဖို့ပဲလေ၊ မိထိလာက လုံခြုံနေရင် ကိုယ်တော်လေးရဲ့ တာဝန်က ကျေပြွန်နေတာပဲလေ”
မဟောသဓက သက်သာရာ ရသွားဟန် မတူ။
“ဒါပေမယ့်လည်း အသက်တွေ သေကြတယ်လေ၊ စစ်ပွဲတစ်ပွဲမှာ ကျဆုံးသွားတဲ့ လူတစ်ဦးချင်းဟာ မိသားစု တစ်ခုချင်းမှာ အစားထိုးမရတဲ့ အဖိုးတန် လူတစ်ဦး ဖြစ်နေမှာပဲ၊ ဖေဖေ ပြန်လာပြီ-လို့ ဝမ်းသာအားရ ကြိုဆိုမယ့် သား, သမီးလေးတွေရဲ့ အားကိုးစရာ ဖခင် ဖြစ်ရင် ဖြစ်မယ်၊ မျှော်လိုက်ရတာ မောင်ရယ်-လို့ ငေးမဝကြတဲ့ အကြည့်နဲ့ ကြိုဆိုလိုက်တဲ့ ဇနီးသည်တစ်ယောက်ရဲ့ လင်ယောက်ျား ဖြစ်ရင် ဖြစ်မယ်...
“ဒီလို လူ့တန်ဖိုးတစ်ခုချင်းက ဒီလိုပွဲမျိုးမှာ ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်... ဒါတွေကို မိထိလာ လုံခြုံသွားတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ကျေနပ်လိုက်လို့ ရသလား?”
မေးရင်းနဲ့ သူဘာသာ ပြန်ဖြေတယ်။
“မရပါဘူးဗျာ”
စစ်ဗိုလ်ကြီးတွေ ကိုယ်ချင်းစာသွားကြပါတယ်။
အပြင်ဘက်က နာနာကျည်းကျည်း အော်ဟစ်လိုက်သံတွေနဲ့ ငရဲပွက်သံတွေက သနားစရာအဖြစ် အသွင်ပြောင်းသွားတယ်။
စစ်ပွဲဟာ ပျော်စရာ မဟုတ်ပါလား။
စစ်ဗိုလ်ကြီးတစ်ဦးက ဗိုလ်လေးတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။
“သွားစမ်း၊ မြို့ရိုးပေါ်က အော်ဟစ်နေတဲ့ စစ်သည်တွေကို သွားပြောစမ်း၊ တိတ်တိတ်နေကြ-လို့”
မကြာခင် မြို့ရိုးပေါ်က အော်ဟစ်နေတဲ့ အသံတွေ တိတ်သွားတယ်။
မြို့ပြင်မှာတော့ ငရဲပွက်တုန်း။
အော်သံ ဟစ်သံ နာကျင်သံတွေက ဆူညံနေတုန်း။
အခုနက ဗိုလ်ချုပ်ကြီးကတော့ အေးအေးဆေးဆေးပဲ ဆက်ပြောပါတယ်။
“ကိုယ်တော်လေးရယ်၊ ကိုယ်တော်လေး ဖြောင့်ဖျတော့ရော သူတို့က နားထောင်ကြမှာတဲ့လား၊ ကိုယ်တော်လေး ပြောတာတွေက ငြင်းစရာ မရှိပါဘူး၊ လူ့အသက်တစ်ခုချင်းကို ကျွန်တော်မျိုးတို့လည်း တန်ဖိုး ထားပါတယ်၊ ဒါပေမယ့် ဒါက သူတို့ ရွေးချယ်တဲ့ လမ်းလေ၊ သူတို့ကို သွားတားရင် တားတဲ့သူကို ရှုပ်တယ်-ဆိုပြီး လက်ထဲက ဓားနဲ့ ခုတ်ရှင်းပြီး မိုက်မဲခရီး ဆက်ထွက်ကြမှာပဲ၊ အခုလောလောဆယ် ကိုယ်တော်လေး တရားဟောရင် မောရုံပဲ ရှိမယ်၊ နောင်တစ်ချိန်...”
ဗိုလ်ချုပ်ကြီးက ခဏ ရပ်လိုက်တယ်။
“ကိုယ်တော်လေး အရွယ်ရလာလို့ ကမ္ဘာသိ ခေါင်းဆောင်တစ်ဦး ဖြစ်လာမယ်ဆိုရင်တော့ ကိုယ်တော်လေးရဲ့ ဆုံးမစကားကို နားဝင်လာကြမှာပါ၊ ဆုံးမစကားဆိုတာက ဘယ်လိုအဆင့်အတန်း ရှိတဲ့ ပုဂ္ဂိုလ်မျိုးက ပြောတာလဲ-ဆိုတဲ့ အပေါ်မှာ မူတည်ပြီး လေးစားမှု ကွာတတ်ကြသေးတယ်၊ အခု ကိုယ်တော်လေးက မိထိလာ ခေါင်းဆောင်ပဲ ရှိသေးတယ်လေ၊ ကမ္ဘာ့ခေါင်းဆောင်မှ မဟုတ်သေးဘဲ”
မဟောသဓ သက်ပြင်းချလိုက်တယ်။
“ဟုတ်ပါတယ်လေ၊ ကျွန်တော်က ကျွန်တော်ဖြစ်ချင်တာကို ပြောတာကိုး၊ သူတို့... ကျွန်တော့်စကားကို နားထောင်ကြမှာ မဟုတ်ပါဘူး”
တဖြည်းဖြည်းနဲ့ အော်ဟစ်သံတွေ နာကျင်သံတွေ တိတ်သွားတယ်။
တဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်က အသံတွေ တိတ်သွားတယ်။
မြို့ထဲက အသံတွေကလည်း တိတ်နေတယ်။
မနက်လင်းတော့ မြို့ရိုးပေါ်ကို တက်ကြည့်ကြတယ်။
အရှေ့ဘက်က နေရောင်က ဝင်းဝင်းပပ ထွက်လာနေတယ်။
မြို့ရဲ့ အပြင်ဘက်မှာ ဓားတွေ လှံတွေ ပြန့်ကျဲနေတယ်။
အို... လူသေအလောင်းတွေလည်း မြင်မကောင်းပါလား...
မဟောသဓ မျက်နှာမှာ ကြေကွဲရိပ်တွေ ဖုံးသွားတယ်။
ဗိုလ်ချုပ်အိုကြီးက ပခုံးကို အသာပုတ်ရင်း အားပေးလိုက်တယ်။
“ကိုယ်တော်လေး နိုင်သွားပါတယ်”
မဟောသဓ မျက်နှာလွှဲလိုက်တယ်။
ငါ... နိုင်သတဲ့လား...
နိုင်သွားသတဲ့လား...
ဒါကို နိုင်ပွဲ ခေါ်သတဲ့လား...
ခါးသီးလိုက်တာ။
(၁၃)
“မာန် မကျသာ”
ကေဝဋ်အမတ်ကြီးဟာ တစ်ခါမှ သည်လောက် မျက်နှာမငယ်ရဖူးဘူး။ ဝိဒေဟကို စစ်ချီမယ်ဆိုတာကို သွားပြီး ဈေးတွက် တွက်ပြမိပါတယ်။
စူဠနီဗြဟ္မဒတ်က နှစ်ပြားမတန်အောင် ပြောလိုက်တယ်။
တကယ်တမ်း စူဠနီဗြဟ္မဒတ်ကို ဒီအခြေအနေအထိ ရောက်လာအောင် နန်းတင် အခြေမြှင့်ပေးခဲ့တာက သူပါ။
ဘုရင်ပေါင်း (၉၉)ပါးလောက် ဝိုင်းရံခစားကြတဲ့အခြေအနေ ရောက်လာတော့ သွေးက ပြောင်းတယ်။ ဖနောင့်ကို သံစူးတယ်။ မြောက်ကြွ မြောက်ကြွ။
မင်းပေါင်းစုံ ဝန်းရံခတဲ့ အခြေအနေရောက်အောင် အကောင်အထည် ဖော်ခဲ့ရတာက သူ။
အလုပ်လုပ်ရတာက ညာလက်၊ ရွှေဆင်ရတော့ ဘယ်လက်။
အခု သူ့ကို ပစ်ထားတယ်။
“မိထိလာကို သွားသိမ်းပြမယ်၊ အောင်ပွဲနဲ့ ပြန်လာမယ်၊ အမတ်ကြီး မလိုက်ရဲရင် နေခဲ့”ဆိုပေမယ့် ဘယ်နေရဲမလဲ။
စစ်ချီမင်းခမ်းမင်းနား ဝင်းခင်းတစ်နေရာကနေ မျက်နှာငယ်လေးနဲ့ လိုက်လာခဲ့ရတယ်။
လမ်းတစ်လျှောက်လုံး ဘုရင်က စကားတစ်ခွန်း မပြောဘူး။ ယောင်လို့များ လှည့်ကြည့်မိလို့ မြင်လိုက်တာနဲ့ မျက်နှာက တင်းပြီးသား။
ဘုရင်က မျက်နှာတင်းတယ်ဆိုတော့ ဘေးက မှူးတွေ, မတ်တွေကပါ ခပ်ရှောင်ရှောင် လုပ်လာကြတယ်။
ကြာတော့ သိမ်ငယ်လာရတယ်။
မိထိလာဘေးကို ရောက်တော့ တစ်ည နားတယ်။
နောက်နေ့ တစ်နေကုန် စစ်ရေးစစ်ရာ စစ်ဗျူဟာတွေ ဆွေးနွေးကြတယ်။
သူ တစ်ခွန်းမှ ဝင်မပြောရဘူး။ မျက်နှာသာလည်း မပေးဘူး။
ဘုရင့်အသံချည်းပဲ။ ထန်လိုက် မာလိုက်လေခြင်း။
မသိရင် နောက်နေ့မှာပဲ အောင်ပွဲ ခံ, အောင်လံလွှင့်ပြီး ပြန်ရတော့မှာလိုလို။
မိုးပြိုမတတ် စစ်သည်အင်အားကို ကြည့်ပြီး ခြွေရံမာန် တက်နေတာပေါ့။
တခါတလေလည်း သတိမေ့ပြီး လှည့်ကြည့်တတ်ပါသေးတယ်။
ဒါပေမယ့် ကေဝဋ်အမတ်ကြီးနဲ့ ရန်ဖြစ်ထားကြောင်း သတိရသွားတာနဲ့ “ခင်ဗျားကို မလိုဘူး၊ ကျုပ် လုပ်တတ်တယ်”ဆိုတဲ့ အချိုး ချက်ချင်း ပြောင်းသွားတယ်။
မျက်နှာငယ်လိုက်ရလေခြင်း။
မတောင်းကောင်း တောင်းကောင်း, ဆုတောင် တောင်းမိတယ်။
ဟိုသတ္တဝါလေးက စူဠနီဗြဟ္မဒတ်ကို ကောင်းကောင်းကြီး ပညာပေးလိုက်ပါစေ-လို့။
တကယ်တမ်းဆိုရင် မဟောသဓနဲ့ သူဟာ ရန်သူတွေပေါ့။
သို့သော် စူဠနီဗြဟ္မဒတ်က လက်နက်အားကိုးသူတို့ရဲ့ ဘက်တော်သားဆိုရင် မဟောသဓက ဉာဏ်အားကိုးသူတို့ရဲ့ ဘက်တော်သား ဖြစ်နေတယ်။
လက်နက်များရှင် ဘုရင်ကို မာန်ကျစေဖို့ဆိုရင် ပညာဘက်သား မဟောသဓက ပညာကောင်းကောင်း ပြမှ ဖြစ်မယ်။
=============
တိုက်ပွဲဖြစ်တဲ့ည။
နောက်တန်းက ခမ်းနားတဲ့ ယာယီတဲနန်းကြီးမှာ ဘုရင်တွေ စုဝေးပြီး စီမံခန့်ခွဲနေကြတယ်။ သတင်းတာဝန်ခံ စစ်သူကြီးတွေက ဝင်လာလိုက်, ထွက်သွားလိုက်။
ကေဝဋ်အမတ်ကြီးက တဲနန်းထဲက အစည်းအဝေးဘေးမှာပေမယ့် တစ္ဆေတစ်ကောင်လို။
ဘယ်သူကမှ သူ့ကို အလေးမထားကြဘူး။
သူကလည်း အသာ ငြိမ်နေရတယ်။
အထီးကျန်လိုက်လေခြင်း။ သိမ်ငယ်လိုက်လေခြင်း။
စစ်ချီသံတွေက ငရဲပွက်သံ ညံနေတယ်။
သတင်းပို့ စစ်သည်တော်တွေကလည်း အပြေးအလွှားဝင်လာလိုက်, သတင်းပို့လိုက်။
အခြေအနေ သိပ်မကောင်းဘူး။ အကျအဆုံး များနေတယ်။
ထားစေ။
တိုက်ပွဲကြီးဆိုတော့ အကျအဆုံး ရှိသင့်သလောက် ရှိမှာပဲ။ ဘုရင်က ခပ်တည်တည်ပဲ။ လေသံ မလျှော့ဘူး။
ကေဝဋ်အမတ်ကြီးကတော့ ပြောင်းပြန်။
စိတ်ထဲမှာ ကြိတ်ပြီး အသင်းပြောင်းပြန် အားပေးနေတယ်။
ညနက်လာတယ်။
အသံတွေက ငရဲပွက်နေတုန်းပဲ။
ရာထူးကြီးကြီး စစ်ဗိုလ်ကြီးတစ်ယောက် ရောက်လာတယ်။
မျက်နှာက သိပ်မကောင်းဘူး။
“ကဲ ပြောစမ်းပါဦး”
စူဠနီဗြဟ္မဒတ်က စိတ်အားထက်သန်စွာ မေးတယ်။
ဗိုလ်ကြီးက နဖူးက ချွေးတွေကို သုတ်နေတယ်။
အလျှောက်ခက်နေပုံပါပဲ။
“တင်လျှောက်စမ်းလေကွယ်၊ ဘာဖြစ်နေတာလဲ”
ခပ်ငေါက်ငေါက်နဲ့ မိန့်လိုက်တော့ မဝံ့မရဲနဲ့ လျှောက်လိုက်တယ်။
“ရှေ့ချီတပ်မကြီးတွေကတော့ ပျက်သလောက် ဖြစ်နေပါပြီဘုရား၊ ထောက်ချောက်တွေကြောင့် အပျက်အစီး များလွန်းပါတယ်၊ ဆင်တွေနဲ့ ထောင်ချောက်တွေကို နင်းပေမယ့် ထောက်ချောက်တွေကြောင့် ဆင်တွေ နာပြီး ကိုယ့်တပ်ကို ပြန်နင်းကြလို့ ပိုပြီး အထိနာရပါတယ်ဘုရား”
“သယ်”
အခုမှ အဝေးက အသံတွေကို အသေအချာ နားထောင်လိုက်တော့ ရဲသွေးမာန်ဝံ့သံတွေ မဟုတ်တော့ဘဲ နာကျင်အော်ဟစ်သံတွေ ဖြစ်နေကြောင်း တွေ့လိုက်ရတယ်။
“ကဲ… ဒါဆိုရင် တပ်ကူတွေ ထပ်လွှတ်လိုက်စမ်း”
စစ်ဗိုလ်ကြီးက တစ်ချက် မော့ကြည့်တယ်။ တစ်ခုခု လျှောက်ချင်သလိုလို။
“ဟဲ့… ငါပြောနေတယ်လေ၊ တပ်ကူထပ်လွှတ်၊ ရအောင်တိုက်”
ဗိုလ်ကြီးက
“မှန်ပါဘုရား”
ဆိုပြီး ပြန်ထွက်သွားတယ်။
တပ်ကူလွှတ်ပြီး ထပ်ထိုးတယ်။ ရဲမာန်သံတွေ ပွက်ပွက်ညံသွားပြန်တယ်။
မကြာခင် နာကျင်အော်ဟစ်သံတွေအဖြစ် အသွင်ပြောင်းသွားတယ်။
နောက်တန်းက ဘုရင်များ အစည်းအဝေးမှာ မျက်နှာတွေ မသာကြတော့ဘူး။
ရှေ့တန်းက သွေးထွက်သံယိုတွေလို မဟုတ်ပေမယ့် နောက်တန်းမှာလည်း ချွေးထွက်နာကျင်မှုက ရှေ့တန်းထက် မလျော့ဘူး။
စူဠနီဗြဟ္မဒတ်ကတော့ လူကြီးဆိုတော့ မျက်နှာမသာတာထက်စာရင် အရှက်သည်းတာက သာတယ်။
ဒီပွဲဟာ ကေဝဋ်အမတ်ကြီးမပါဘဲ သူဦးဆောင်တဲ့ပွဲ။
ကေဝဋ်နန်းတင်လို့ တက်ခဲ့ရတဲ့ ရုပ်သေးဘုရင်မဟုတ်ကြောင်း ပြချင်လို့ ရှေ့ထွက်လိုက်တဲ့ပွဲ။
ပွဲဦးထွက်မှာ အရှက်ကွဲလို့ မဖြစ်ဘူး။
ဒါပေမယ့်…
===============
မနက်လင်းတော့ စူဠနီဗြဟ္မဒတ်ဟာ ဒဏ်ရာရ စစ်သည်တော်တွေကို လိုက်ပြီး အားပေးရတယ်။
အလို.. သွေးသံရဲရဲနဲ့ပါလား။
စစ်တပ်တဲကလေးတွေမှာ အသီးသီး ဆန့်ဆန့်ကြီး လဲသူကလဲ၊ ခွေသူက ခွေ။
အရင်နေ့က တိမ်ညွန့်စားတဲ့ ငန်းငှက်တွေလို ကြွားကြွားယွားယွား, ခန့်ခန့်ထည်ထည်။
အခုတော့လည်း လူမမာရုပ် သွေးဆုတ်သွေးလွန်။
မြင်းတစ်စီးနဲ့ လိုက်ကြည့်ပြီး စိတ်ညစ်တာနဲ့ ပြန်လှည့်လာခဲ့တယ်။
တဲနန်းထဲ ရောက်လာတော့ ကေဝဋ်အမတ်ကြီးကို လှမ်းမြင်လိုက်တယ်။
မျက်စိမှားတာလား မသိ။
ပြုံးနေသယောင်ယောင်။
“အဟမ်း”
ဆိုတော့ ကေဝဋ်အမတ်ကြီးက ခပ်တည်တည် ဖြစ်သွားတယ်။
စိတ်က မလုံနေတဲ့အချိန်ဆိုတော့ သူ့ကို လှောင်တွေးတွေးပြီး လှောင်ပြုံးပြုံးနေပြီလို့ပဲ စိတ်ထဲက တွေးမိတယ်။
“နေနှင့်ဦးပေါ့ အမတ်ကြီးရယ်”
အရှက်က တွန်းပို့တဲ့အတွက် (၄) (၅) ရက်လောက် စွတ်ရွတ်ပြီး ဆက်တိုက်တယ်။
စစ်သည်တော်တွေက ရဲပါတယ်။
ထောင်ချောက်တွေက မမြင်ဖူး, မကြားဖူးတဲ့ ထောင်ချောက်တွေ။
မတိုးသာဘူး။
တိုက်လေ ပျက်လေ။
သတင်းပို့တဲ့ တမန်တော်တွေဆီက သတင်းကောင်းမပါဘူး။
နောက်လိုက်နောက်ပါ ဘုရင်တွေက စိတ်မသက်မသာ ဖြစ်လာကြတယ်။
စူဠနီဗြဟ္မဒတ်အတွက်လည်း လေးငါးရက်ဟာ လေးငါးနှစ်လောက် ကြာသလို ဖြစ်သွားတယ်။
ကြာရင် ဘုရင်တွေရဲ့ ယုံကြည်မှု ပျက်တော့မယ်။
စစ်သည်အင်အား သည်လောက်တောင် အလျှံသား ပေါပေမယ့် မိထိလာဘုရင်တစ်ပါးတည်းကို မနိုင်ဘူးဆိုရင် အထင်သေးကြတော့မယ်။
ဆက်တိုက်မလားဆိုတော့လည်း စစ်သည်တော်တွေက အားပျော့ကုန်ပြီ။
လူအင်အားက ခုတ်သတ်လို့ မကုန်သေးပေမယ့် စိတ်ဓာတ်ရေးရာမှာ အားလျော့ကုန်ပြီ။
အားလုံးကလည်း နိုင်->ဗြဟ္မဒတ်, ရှုံး->ဗြဟ္မဒတ်-ဆိုပြီး သူ့ကို ယိုးရအောင် ကြံနေကြပြီ။
သူ့အရှုံးကို မျှခံကြချင်တာထက် ရှုံးတာဟာ သူ့ကြောင့်လို့ လက်ညှိုးထိုး လွှဲချပြီး သိက္ခာဆယ်ချင်နေကြပြီ။
မာန်။
ကျရတော့မှာလား? ချရတော့မှာလား?
==========
ငါးရက်မြောက်နေ့။
အစည်းအဝေး သိမ်းအပြီးမှာ မင်းပေါင်းစုံ ပြန်ထွက်သွားကြတယ်။
ကေဝဋ်အမတ်ကြီးကလည်း ပြန်ထွက်သွားဖို့ပါပဲ။
ဒါပေမယ့် မင်းတွေကုန်အောင် စောင့်နေရသေးတယ်။
အားလုံးအပြင်ထွက်သွားကြတော့ သူလည်း ထမလို့ ပြင်တယ်။
နာကျင်စ ပြုလာတဲ့ ဒူးကလေးကို နှိပ်ပြီး အသာကုန်းထမလို့ ပြင်တယ်။
“အင်း… လောကကြီးမှာ လုပ်စားရတာ တယ်ကြပ်ပါလားဗျာ”
အသံတစ်ခုကြောင့် ကေဝဋ်အမတ်ကြီး ပြန်ပြီး ထိုင်ကျသွားတယ်။
ဘယ်သူ့ကို ပြောတာပါလိမ့်။
မသိမသာ ခိုးကြည့်လိုက်တယ်။
စူဠနီဗြဟ္မဒတ်။
သူ့ဘာသာ ရေရွတ်နေပုံပါပဲ။
ဒါပေမယ့် သူ သိတယ်။ သူ့ကို ပြောချင်တာ။
ဟော.. လှည့်ကြည့်တော့မယ်။ မကြည့်ပါစေနဲ့။
ဟော… ကြည့်ပြီ။ မျက်နှာလွှဲနေမှပဲ။
မရလောက်ဘူး။ ငါ့ကို ခေါ်တော့မယ် ထင်တယ်။
မခေါ်ပါစေနဲ့။
“အမတ်ကြီး”
ဟင်… ငါ့ကို ခေါ်ပြီပဲ။
အမတ်ကြီးက မသက်မသာ လှည့်ကြည့်လိုက်တယ်။
“ဘုရား”
“သည်အတိုင်း ကြည့်နေတော့မှာလားဗျာ”
အမတ်ကြီး စိတ်ညစ်သွားတယ်။
ဘယ်မှာကြည့်နေလို့တုန်း။
တတ်နိုင်သမျှ မျက်နှာလွှဲထားတဲ့ဥစ္စာ။
(၁၄)
“ဗျူဟာမှူးသစ်”
နောက်တစ်နေ့ မနက်။
အတိုင်းတိုင်းအပြည်ပြည်က ဘုရင်တွေဟာ ပျင်းတိပျင်းတွဲနဲ့ အစည်းအဝေး တဲနန်းမကြီးဆီကို ရောက်လာကြတယ်။
တဲနန်းမကြီးဆီ သွားတဲ့လမ်း။
နှုတ်ခွန်းဆက်စကားတွေ။
“အကြည်တော် နေကောင်းပါစ”
“ကောင်းပါ့ဗျာ”
စိတ်မပါ့တပါ မေးသံဖြေသံတွေနဲ့။
ဘုမှုတ်တတ်တဲ့ ဘုရင်တစ်ပါးကတော့ ကန့်လန့်တိုက် ဖြေတယ်။
“ဒီလိုအခြေအနေကြီး နေကောင်းစရာလားဗျာ၊ ခင်ဗျာ့နှယ်၊ လေကုန်အောင်”
သူ ဂျစ်ကန်ကန် ဖြေမှပဲ ပြုံးမိကြတော့တယ်။
အားလုံးဟာ စိတ်ပန်းနွမ်းလျ။
နိုင်ပွဲဟာ တက်ကြွအားပြည့်စေသလောက် ရှုံးပွဲတွေကလည်း လူတို့ကို စိတ်ဓာတ်ကျ ခွန်အားကုန်စေတယ် ထင်ပါရဲ့။
ယာယီ အစည်းအဝေးခန်းမကျယ်ကြီးထဲမှာ ဘုရင်တွေ စုံသွားတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားဟဟ မပြောဖြစ်ကြဘူး။
ဒီအချိန်မှာ စူဠနီဗြဟ္မဒတ် ဝင်လာတယ်။
နေရာမှာ ဝင်ထိုင်ပြီး ဘုရင်တွေကို တစ်ချက် အကဲခတ်တယ်။
“ကျုပ်ရဲ့ အတိုင်ပင်ခံ အမတ်ကြီးက စစ်ပွဲနဲ့ ပတ်သက်ပြီး အစီရင်ခံ တင်ပြချင်တာ ရှိပါတယ်တဲ့၊ အဲဒါကို နားထောင်လိုက်ကြပါဦး”
ဘုရင်တွေက စိတ်မပါ့တပါနဲ့ ကေဝဋ်အမတ်ကြီးဆီကို လှမ်းကြည့်လိုက်ကြတယ်။
ကေဝဋ်အမတ်ကြီးကလည်း ထိုင်နေရာက ထလာပြီး မင်းလမ်းမမှာ ရပ်တယ်။ စူဠနီဗြဟ္မဒတ်မင်းကို ဦးညွှတ်တယ်။
ပြီးတော့ နောက်လှည့်ပြီး ဘုရင်တွေကို ဦးညွှတ်တယ်။
မျက်နှာက အေးအေးဆေးဆေး။
“ကျွန်တော်မျိုး အစီရင်ခံပါ့မယ်သာ ဆိုရတယ်၊ ဘယ်က စ,ပြောရမယ်တောင် မသိပါဘူး”
ဘုရင်တွေက လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။
ခေါင်းလည်း မသိမသာ ခါမိကြတယ်။
ပုဏ္ဏားကြီးက ပြုံးလိုက်တယ်။
“အရှင်မင်းကြီးတို့ဟာ တကယ့်တိုက်ပွဲဆိုတာကို ကြုံလိုက်ကြရပြီ ထင်ပါတယ်၊ ဝန်မခံချင်ရင်သာ ရှိကြမယ်၊ မလွယ်ပါလား-ဆိုတဲ့ အတွေးကလေးတွေကိုတော့ သူသူငါငါ တွေးမိကြလောက်ပါပြီ”
ပုဏ္ဏားကြီး ခဏ နားလိုက်တယ်။
“ဘယ်လွယ်ပါ့မလဲ၊ စစ်တိုက်တယ်ဆိုတာဟာ ကိုယ့်ဘက်ကပဲ လက်နက်ရှိတာ မဟုတ်ဘူး၊ သူ့ဘက်မှာလည်း လက်နက်ရှိတယ်၊ ကိုယ့်ဘက်က အသာစီး ရနေရင်တောင် တစ်ဖက်သားမှာလည်း အသက်ရှင်ချင်စိတ်က ရှိနေသေးတယ်၊ ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးဟာ အန္တရာယ်အများဆုံးပဲ၊ အခု အရှင်မင်းကြီးတို့ဟာ ခွေးကိုက်ခံလိုက်ကြရတာပါ”
အံမယ်… မဆိုးဘူးပဲ။
ခံလိုက်ရတာတောင်မှ ခွေးကိုက်ခံလိုက်ရသတဲ့။
လက်သင့်ခံစရာပါပဲ။
“ဗျူဟာပိုင်းနဲ့ ပတ်သက်ပြီး လျှောက်ထားရရင် ကျွန်တော်မျိုးတို့ရဲ့ ရှေးဟောင်းစစ်ဗျူဟာကျမ်းတွေမှာ တစ်ခု ရှိပါတယ်၊ ရဲတိုက်ခံစစ် နည်းဗျူဟာပါပဲ”
ဘုရင်တွေက စိတ်ဝင်စားစ ပြုလာတယ်။
“ရဲတိုက်တွေဟာ ခံစစ်သက်သက်အတွက်ပဲ တည်ဆောက်ထားတယ်၊ အပြင်ကို ထွက်မတိုက်ဘူး၊ ထောင်ချောက်တွေ အပြည့်ဆင်ထားတယ်၊ အတွင်းမှာ လူအင်အားနည်းတဲ့အတွက် ထောက်ချောက်နဲ့ မြို့ရိုးကိုပဲ အားကိုးကြရပါတယ်၊ ဆိုတော့ အားသာချက်သည် လူအင်အား သိပ် သုံးစရာ မလိုဘူး၊ အားနည်းချက်သည် အပြင်ထွက်တိုက်လို့ မရဘူး၊ ထောင်ချောက်ကျရင်, မြို့ရိုးကျိုးရင် ပွဲပြီးပြီ”
ဘုရင်တွေ ခေါင်းငြိမ့်ကြတယ်။
“အရှင်မင်းကြီးတို့က မြို့ရိုးကို ချိုးဖို့ ကြိုးစားကြတယ်၊ ထောင်ချောက်တွေကြောင့် အတုံးအရုံး ကျကုန်တယ်”
ခေါင်းမညိမ့်ကြဘူး။
ဒါပေမယ့် ငြင်းမရကြဘူး။
“ကျွန်တော်မျိုးသာဆိုရင်…”
အားလုံးက ပုဏ္ဏားကြီးရဲ့ စကားထဲမှာ မျောကုန်ကြပြီ။
“မြို့ရိုးကို ချိုးဖို့ ဦးစားပေး စဉ်းစားမှာ မဟုတ်ဘူး”
စိတ်ဝင်စားမှု ရှိမရှိ တစ်ချက် အကဲခတ်လိုက်တယ်။
“မြို့ထဲက လူတွေ ထွက်လာလို့ မရအောင် ဝိုင်းထားလိုက်မှာပဲ”
မျက်ခုံးကြုံ့ကုန်တယ်။ ပုဏ္ဏားကြီးက ပြုံးပြီး ဆက်ပြောတယ်။
“စဉ်းစားကြည့်လေ၊ အခုဖြစ်နေတာက မြို့ရိုးချိုးဖို့ ကြိုးစားလို့ စစ်သည်အင်အားကို ဖြုန်းပစ်နေရတာ၊ ခက်နေရင် ဘာလို့ အပင်ပန်းခံနေမှာလဲ၊ မြို့ကို ဝိုင်းထားပြီး ထွက်လာမယ့်သူကို အသာထိုင်စောင့်နေလိုက်မှာပေါ့၊ သူတို့တတွေ မြို့ထဲမှာ ရာသက်ပန် နေနိုင်မှာ မို့လို့လား”
ပင့်သွားတဲ့ မျက်ခုံးတွေ တော်တော်နဲ့ ကျမလာကြဘူး။
ခဏနေမှ အဟုတ်သားဟ-ဆိုတဲ့ မျက်နှာပေး ဖြစ်လာကြတယ်။
“အရှင်မင်းကြီးတို့ ထိုးနေတဲ့ စစ်ကို ခဏရပ်ထားလိုက်၊ လေးငါးရက် ရပ်မလား၊ တစ်လ ရပ်မလား၊ မြို့ပြင်မှာ ပျော်ပွဲစားမလား၊ ဒဏ်ရာရ စစ်သည်တွေကို ဆေးကုမလား၊ ကြိုက်ရာ လုပ်လို့ရတယ်၊ ဘာမှ ပူပင်သောက ရောက်စရာ မလိုပါဘူးဘုရား”
ဟုတ်သယောင်ယောင်ပဲ။
“မြို့ထဲက ထွက်လာရင် ဘယ့်နှယ်လုပ်မလဲ? အိုး… ထွက်လာရင် သည်မောင်တို့က အကြိုက်ပေါ့”
မင်းတွေရဲ့ စစ်ပန်းလို့ ကျနေတဲ့ စိတ်ဓာတ်တွေ ပြန်တက်လာကြတယ်။
တကယ်တော့ သူတို့ဟာ ဗျူဟာ မှားနေခဲ့တာပါလား။
ဘုရင်တစ်ပါးကတော့ မေးတယ်။
“ကျုပ်တို့က ဘယ်အချိန်အထိ ဝိုင်းထားရမှာလဲ”
“အို… အို… ကျွန်တော်မျိုးပြောတာက ပင်မ မဟာဗျူဟာကို ပြောတာပါ၊ ပိတ်ဆို့ထားမယ်၊ သွားမတိုက်ဘူး၊ သူတို့ဘက်က ထောင်ချောက်ကောင်းတာကို ဝန်ခံရမယ်၊ ဒီဘက်က လူမဖြုန်းတော့ဘူး၊ ဝိုင်းရံထားလိုက်မယ်၊ ပြီးတာနဲ့ အထဲကလူတွေ အပြင်ထွက်ချင်လာအောင် တစ်ရစ်ပြီး တစ်ရစ် ကြပ်ပေးရမှာပေါ့”
“ဘယ်လိုပုံစံလဲဗျ”
ပုဏ္ဏားကြီးက ဆက်ပြောတယ်။
စကားဝိုင်းဟာ သူ့ကို ဗဟိုပြုလာကြပြီ။
“ဆိုပါစို့၊ အခု ရိက္ခာ၊ အရှင်မင်းကြီးတို့ဟာ တစ်ရက်နှစ်ရက်အတွင်း နိုင်မယ်ထင်လို့ အားချင်း ချီတက်လာကြတယ်၊ ရိက္ခာ များများ မပါကြဘူး၊ ဟုတ်တယ် မဟုတ်လား”
အားလုံးက ခေါင်းညိမ့်ကြတယ်။
“ရိက္ခာပြတ်ကြတော့မယ်၊ ရိက္ခာစုမယ်-ဆိုပြီး ဒီနားက ရွာတွေကို သွားသိမ်းကြည့်၊ ဆန်စပါး များများ ရှိတော့မှာ မဟုတ်ဘူး”
“ဘာလို့လဲခင်ဗျ”
ပုဏ္ဏားကြီးက ပြုံးလိုက်တယ်။
“ရဲတိုက်ထဲက ဦးအောင် သိမ်းထားပြီးပြီလေ၊ သူတို့က ရက်ရှည် လ,ရှည် ဝန်းရံခံရနိုင်တယ်ဆိုတာ စဉ်းစားမိပြီးသားပဲ၊ လောလောဆယ် ရိက္ခာကြောင့် ဒုက္ခရောက်ရင် ကျွန်တော်မျိုးတို့ဘက်ကပဲ ဒုက္ခရောက်ပါလိမ့်မယ်၊ စုံစမ်းကြည့်ပါ၊ ကျွန်တော်မျိုးတို့ဘက်က ရိက္ခာ သိပ်မကျန်တော့ဘူး”
ဘုရင်တစ်ပါးက စစ်သူကြီးတစ်ဦးကို လှမ်းခေါ်တယ်။
“ရိက္ခာအကြောင်း ပြောစမ်းပါဦး”
“မှန်လှပါ၊ ရိက္ခာက ပြတ်လုပြတ်ခင် ဖြစ်နေပါပြီဘုရား၊ အနီးအနား ရွာတွေကလည်း သူတို့မှာ ဆန်စပါး လုံလောက်အောင် မရှိဘူးတဲ့၊ မြို့ထဲက သိမ်းထားတယ်တဲ့၊ အနီးအနားမှာ မရှိလို့ ခပ်ဝေးဝေးမှာ ရှိမလား-ဆိုတော့လည်း ခပ်ဝေးဝေးမှာလည်း မရှိပါဘူးဘုရား၊ အကုန်လုံးရဲ့ ဆန်ရေစပါးတွေဟာ မြို့ထဲမှာ ရောက်နေကြောင်းပါဘုရား”
ပြာပြာသလဲ ဖြစ်ကုန်တယ်။
“အိုဗျာ… ဘယ့်နှယ်လုပ်ကြမတုန်း”
ပုဏ္ဏားကြီးက ထည်ဝါတဲ့အသံနဲ့ လျှောက်လိုက်တယ်။
“ကျွန်တော်မျိုး ဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါဘုရား၊ ဒါ့ကြောင့် ရိက္ခာထောက်ရအောင် ညပိုင်းကပဲ စီစဉ်ပြီးပါပြီ၊ စိတ်လက် ပူပန်တော်မမူကြပါနဲ့ဘုရား”
ဒီပွဲကတော့ ပုဏ္ဏားကြီးရဲ့ ပွဲပါပဲ။
ဘုရင်တွေရဲ့ မှားနေတဲ့ ဗျူဟာကို ထောက်ပြနိုင်ခဲ့တယ်။
စိတ်ဓာတ်ကျနေတာတွေကို ဆွဲတင်နိုင်ခဲ့တယ်။
ကွက်ကျော်မြင်တဲ့အကြောင်းကို မသိမသာ ပြနိုင်ခဲ့တယ်။
“ကျွန်တော်မျိုးရဲ့ ဗျူဟာ၊ လှောင်အိမ်ဆိုတာ အကျဉ်းနဲ့ အကျယ်ပဲ ကွာပါတယ်၊ မြို့တစ်မြို့ဟာ ကျယ်ဝန်းတယ်ဆိုပေသိ အပြင်ထွက်ခွင့်မရရင် လှောင်အိမ်အကြီးစား တစ်မျိုးပါပဲ၊ ကျွန်တော်မျိုးတို့ဟာ ရန်သူအတွက် လှောင်အိမ်တစ်လုံး ဆောက်ကြပြီးပါပြီ၊ အထဲကလူတွေကို ထပ်ကြပ်ဖို့ပဲ လိုပါတော့တယ်၊ ကြာမှ ရမယ့် အောင်ပွဲကို အချိန်တိုတိုနဲ့ ရလာအောင် ကြံကြဖို့ပဲ လိုပါတော့တယ်ဘုရား”
ဘုရင်တွေဟာ သူတို့ရဲ့ အောင်နိုင်ရေးလမ်းစကို မြင်လိုက်ရသလိုလို။
“ဝက်အူရစ်ကြပ်ဖို့ ကိစ္စကိုတော့ ကျွန်တော်မျိုးကြီးရဲ့ တာဝန်သာ ထားတော်မူကြပါ၊ အရှင်မင်းကြီးတို့ရဲ့ လိုအင်ဆန္ဒတွေကို ပြည့်ရပါစေ့မယ်လို့ ကျွန်တော်မျိုးကြီး အာမခံပါတယ်ဘုရား”
ဒီအချိန်မှာ တစ်ချိန်လုံး ငြိမ်နေတဲ့ စူဠနီဗြဟ္မဒတ်ဆီက အသံကို ကြားလိုက်ရတယ်။
“ဘယ်လိုလဲ ညီနောင်တို့ရဲ့၊ ကျုပ်ဝှက်ထားတဲ့ ဖဲချပ်က မလှပေဘူးလားဗျ၊ ညီနောင်တို့ကို တိုက်ပွဲဆိုတာ မလွယ်ဘူး-လို့ သိစေချင်တဲ့အတွက် သမားရိုးကျ တိုက်ပြထားတာပါ၊ အခုကျမှ တကယ့်ဝှက်ဖဲကို ထုတ်ပြလိုက်တာဗျ၊ ကျုပ်အကြံ မပိုင်ပေဘူးလား”
ဘုရင်တွေရဲ့ မျက်နှာတွေမှာ မချိုမချဉ် ဖြစ်ကုန်ကြပါတယ်။
“ပိုင်ပါတယ်ဘုရား၊ ပိုင်ပါတယ်ဘုရား”
ဆိုတဲ့ ဝတ်တရားကြေအသံတွေက အုန်းအုန်းကြွက်ကြွက် ထွက်လာပါတော့တယ်။
============
မဟောသဓ။
မြို့ရိုးနားက စစ်ရုံးချုပ် အဆောက်အဦကြီးအတွင်း။
စားပွဲရှည်ကြီးထိပ်မှာ ထိုင်နေတယ်။
စစ်ဗိုလ်ကြီးတွေက စားပွဲကို ဝန်းလျက် ရံလျက် ထိုင်နေကြတယ်။
မကြာမီမှာပဲ ထောက်လှမ်းရေးဘက်က အစီရင်ခံစာ တင်ပြသံ ဆုံးသွားတယ်။
မဟောသဓ။
မျက်လုံးမှေးပြီး ခဏငြိမ်နေတယ်။
သက်ပြင်းချရင်း ပြောတယ်။
“အဘိုးကြီးက ဉာဏ်များသားပဲ”
ပြောပြီးတော့ မတ်တပ်ရပ်ပြီး ပျင်းကြောဆန့်လိုက်တယ်။
“ဘာပဲပြောပြော၊ ဒီရက်ပိုင်း တိုက်ပွဲတွေတော့ ကြဲသွားမှာပေါ့လေ၊ ကဲ… ဘိုးဘိုးတို့လည်း မနားရတာ ကြာပြီ၊ အိမ်ပြန်ပြီး နားလိုက်ကြပါဦး၊ ကျွန်တော်လည်း အိမ်ပြန်ပြီး နားလိုက်ဦးမယ်ဗျ၊ ပြီးတော့မှ ပြန်တွေ့ကြတာပေါ့”
“ကောင်းပါပြီ ကိုယ်တော်လေး”
“ငါ့လူတွေ အိမ်ပြန်မယ်၊ ရထားလုံး ပြင်ထားလိုက်စမ်း၊ ငါ ဒီနေ့ မြင်းမစီးချင်ဘူး”
(၁၅)
“သိက္ခာ”
ကေဝဋ်အမတ်ကြီး ရှေ့ထွက်လာတော့ စူဠနီဗြဟ္မဒတ် နောက်ကို ရောက်သွားတယ်။
စူဠနီဗြဟ္မဒတ် ဖြုန်းတီးလိုက်တဲ့ စစ်သည်အင်အားက (၅) ရက်အတွင်း မနည်းလိုက်ဘူး။
တံတိုင်းမကျိုးဘူး, မြို့ရိုးမပြိုဘူး, နိုင်ငံကို မသိမ်းလိုက်နိုင်ဘူး။
စိတ်ဓာတ်ရေးရာ ပြိုကွဲမှု မဖြစ်အောင်လို့သာ ကေဝဋ်ပုဏ္ဏားကြီးကို ရှေ့ထုတ်လိုက်ရတယ်။ သူ့သိက္ခာက နောက်ရောက်သွားတယ်။
စိတ်မှာလည်း ဒဏ်ရာတချို့ ရသွားတယ်။
“ငါ… ရှုံးသွားတာလား”
စူဠနီဗြဟ္မဒတ်။
သူ့ကို ဘယ်သူမှ အပြစ်မတင်ကြပေမယ့် ပွဲဦးထွက်စစ်ရှုံးမှုမှာ ဝာာဝန်အရှိဆုံးက သူ။ သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ အောက်ပွဲမရတဲ့အပြင် စစ်သည်အင်အားတို့ လွင့်ပါးခဲ့ရတယ်။
အားလုံးက မပြောရဲသည့်တိုင် စိတ်ထဲမှာ တွေးနေကြမှာပဲ။
ရှက်စရာ ကောင်းလိုက်တာ။
ဒီအချိန်မှာ ကေဝဋ်ပုဏ္ဏားကြီးက ဟုတ်တိပတ်တိ ဘာမှ မလုပ်ဘူး။
ထိုးစစ်တွေကိုတောင် ရပ်ပစ်လိုက်သေးတယ်။
ဒါပေမယ့် ကေဝဋ်အမတ်ကြီးက သူရဲကောင်း ဖြစ်သွားတယ်။
“ပညာရှိဆိုတာ ဒါမျိုးမှ”လို့ ချီးကျူးသွားကြတယ်။
စူဠနီဗြဟ္မဒတ်။
လျစ်လျူအရှုခံရတဲ့ ဝေဒနာ။ ခါးသက်သက်ပါပဲ။
သူ ဘာမှားခဲ့သလဲ?
ဘာမှ မမှားခဲ့ဘူး-လို့ ထင်တာပဲ။
မြို့ရိုးဟာ ကျိုးကို ကျိုးရမယ်။ ကျိုးကျသွားမယ့် နည်းလမ်း ရှိကို ရှိရမယ်။
သူ့အနေနဲ့ မချိုးနိုင်ခဲ့တာ တစ်ခုပဲ ပြောစရာ ရှိတယ်။
အခုဆိုရင် ကေဝဋ်ပုဏ္ဏားကြီးဟာ သူ့ကို တဖြည်းဖြည်း ဘေးကို ဖယ်ထုတ်တော့မယ်။ ရုပ်သေးခံ အဖြစ်နဲ့ ဆက်ထားတော့မယ်။
သူ့နည်းအတိုင်းဆိုရင် ဖြည်းဖြည်းချင်း ပိတ်ဆို့ရင်း အတွင်းထဲက လူတွေကို စိတ်ဓာတ်ကျအောင် လုပ်သွားမှာပါပဲ။ နောက်ဆုံးမှာ အောင်ပွဲ ရပါလိမ့်မယ်။
ဒါပေမယ့် ဒီအောင်ပွဲဟာ စူဠနီဗြဟ္မဒတ်ရဲ့ အောင်ပွဲ မဖြစ်နိုင်တော့ဘူး။
ကေဝဋ်ပုဏ္ဏားကြီးရဲ့ အောင်ပွဲသာ ဖြစ်လိမ့်မယ်။
ဘုရင့်သိက္ခာကို ပြန်ဆယ်ဖို့-ဆိုရင် တံတိုင်းကျိုးအောင် တိုက်ပြမှ ဖြစ်မယ်။
သူ့နည်းဗျူဟာ မမှားဘူးဆိုတာ ပြန်ပြမှ ဖြစ်မယ်။
ဒါပေမယ့် လောလောဆယ်တော့ မလွယ်ဘူး။
ဘုရင်တွေက ပုဏ္ဏားကြီးဘေးမှာ ဝိုင်းနေကြပြီ။
ငါကပဲ မွေးရာပါ ညံ့ခဲ့တာလား?
ဒါမှမဟုတ်- လောကကြီးမှာ ငါ့ထက် တော်တဲ့သူတွေ ပေါနေခဲ့တာလား?
သိက္ခာ။
ဆယ်ဖို့ရာ တယ်ခက်ပါလား။
ဒီကြားထဲမှာ မိထိလာမြို့ထဲက စိတ်ဓာတ်ကျနေတဲ့ ရာထူးကြီးကြီး လူတစ်ယောက်။
သစ္စာဖောက်ပြီး ငါ့ဆီကို ရောက်လာရင် ဘယ်လောက်ကောင်းမလဲ?
သူ့ရဲ့ အကူအညီနဲ့ မြို့ရိုးကို ချိုးပစ်ပြီး နိုင်ငံကို သိမ်း။
မိထိလာနန်းထဲမှာ မတ်မတ်ရပ်။
“ကဲ… ဝိဒေဟမင်း… ခင်ဗျား ဘာတတ်နိုင်သေးတုန်း၊ ဗြဟ္မဒတ်ရဲ့ အကြောင်းကို သိပြီမဟုတ်လား”
ဝိဒေဟမင်းကို ပြောသလိုလိုနဲ့ ကမ္ဘာကြီးကို စူဠနီမညံ့ကြောင်း ပြောလိုက်ရ ဘယ်လောက်များ အရသာ ရှိလိုက်မလဲ?
အခု…
အင်း… အခုတော့ ခါးသီးစရာ။
ဘုရင်တန်မဲ့…
ဘေးဖယ် အထားခံရတယ်လို့။
အင်း….
ဒီညလည်း အိပ်လို့မှ ပျော်ပါ့မလား….
(၁၆)
“မြို့တွင်းမှာ”
“ကဲ… ဘိုးဘိုးတို့ ထင်တာတွေ ပြောကြပါဦး၊ ကောင်းတဲ့အမြင်ထက် အဆိုးမြင်တွေကို များများ ကြားချင်တယ်”
မဟောသဓ။
အမြင်တွေကို ဖိတ်ခေါ်လိုက်တယ်။
ဗိုလ်ကြီးတွေ သက်ပြင်းချကြတယ်။
အသက်အကြီးဆုံး ဗိုလ်ကြီးက စပြောတယ်။
“အကုသိုလ်ဖြစ်စရာက စ,ပြောရရင် ဒီရက်ပိုင်းအတွင်းမှာ တစ်ဖက်ရန်သူတွေ အရေးနိမ့်ခဲ့ကြတဲ့အတွက် ကျုပ်တို့ ရဲဘော်တွေ အားတက်ခဲ့ကြတယ်၊ အခု စစ်မထိုးတော့ဘူးဆိုတော့ ရက်ပိုင်းအတွင်းမှာ ပျော်ကြရပါလိမ့်ဦးမယ်၊ ဒါပေမယ့်….”
သက်ပြင်းချလိုက်ပြန်တယ်။
“ကြာလာရင်တော့ စိတ်ဓာတ်ရေးရာအတွက် မကောင်းဘူး ကိုယ်တော်လေး၊ စိတ်ဓာတ်ကျကုန်ကြလိမ့်မယ်”
နောက်တစ်ဦးကလည်း ပြောတယ်။
“စီးပွါးရေးအနေနဲ့ကလည်း စစ်ဖြစ်ကတည်းက ကုန်သွယ်ရေးတွေ ထိုးရပ်ကုန်တယ်၊ တခြားတိုင်းပြည်က တင်သွားရတဲ့ ကုန်တွေ မဝင်တော့ဘူး၊ အိုး, ခွက်, ပုဂံတွေ, အထည်ဆန်းတွေ, ပိတ်စတွေ- စသည်၊ တချို့ သွင်းကုန်နဲ့ အလုပ်လုပ်ရတဲ့ ကုန်သည်တွေ လုပ်ငန်းပျောက်ကုန်တယ်၊ ထုတ်ကုန်သမားတွေလည်း ထိုနည်းလည်းကောင်းပဲ”
“အင်း…”
“တခြား ထိခိုက်တဲ့ စီးပွါးရေးတွေကလည်း မနည်းဘူး၊ တချို့လုပ်ငန်းတွေ ပျောက်ကုန်တယ်၊ စစ်ပွဲက မြန်မြန်ပြီးလေ ကောင်းလေပဲ ကိုယ်တော်လေး၊ သူတို့ဘက်က ရက်ရှည်ပိတ်ဆို့ထားမယ်ဆိုရင် နိုင်ငံအတွက် မကောင်းဘူး”
နောက်တစ်ယောက်။
“အရပ်သားတွေထဲက အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေကို ဒီအတိုင်း ကျွေးထားရမယ့် စရိတ်က မနည်းဘူး ကိုယ်တော်လေး၊ ကြိုတင်ပြီး စုဆောင်းထားတဲ့ စပါး, ပဲ, နှမ်း, စားနပ်ရိက္ခာတွေက များတယ်ဆိုပေမယ့် ရာသက်ပန်အတွက် မဟုတ်ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှေရှည်အဝိုင်းခံရတာမျိုးကို ကျွန်တော်မျိုးလည်း မကြိုက်ပါဘူး”
နောက်တစ်ယောက်…
နောက်တစ်ယောက်…
မဟောသဓ။
သက်ပြင်းချတယ်။
“ကျွန်တော်လည်း စဉ်းစားမိပါတယ်၊ အနေအထားက တစ်ကမ္ဘာလုံးက တစ်နိုင်ငံတည်းနဲ့ ရန်ဖြစ်ရတဲ့ကိစ္စ မဟုတ်လား၊ စစ်ကြီး ပြီးသွားရင်တောင်မှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မိတ်သံဖြစ်အောင် မနည်းကြိုးစားပြီး တည်ဆောက်ယူရလိမ့်မယ်၊ စိတ်ဓာတ်ကျစရာဆိုတာ စစ်အတွင်းမှာမှ မဟုတ်သေးပါဘူး၊ စစ်ကြီးပြီးသွားရင်တောင်မှ အခက်အခဲတွေက ကြုံနေဦးမှာပဲ၊ လောလောဆယ်ကတော့ ကျွန်တော်တို့ မြို့ပြင်ကိစ္စကို ခဏမေ့ထားပြီး မြို့ထဲက ကိစ္စတွေကို အရင်ရှင်းကြတာပေါ့”
ခဏ ငြိမ်နေတယ်။
“အရင်ဆုံး စားနပ်ရိက္ခာ၊ အလုပ်လက်မဲ့တွေကို တင်ကျွေးထားရဦးတောင်မှ လောက်လောက်ငင ဘယ်နှစ်လစာ ကျန်ဦးမလဲ? အဲဒါကို သိချင်တယ်၊ ဒီအတွင်း စစ်ကြီး ပြီးအောင် ဘယ့်နှယ်လက်စသတ်မလဲ-ဆိုတာ နည်းလမ်း ရှာကြတာပေါ့”
စစ်ကြီးအတွင်းမှာတုန်းက မြို့ရိုးမကျိုးအောင် အာရုံစိုက်နေခဲ့ကြရတယ်။
တိုက်ပွဲတွေ ခဏငြိမ်သွားတော့ ရေရှည်အတွက် ပူကြရပြန်ရော။
“ဘိုးဘိုးတို့ရေ… ကျွန်တော်လည်း မိုးပေါ်က ကျလာတဲ့ မဟောသဓ အဖြစ်ချင်သားပေါ့၊ ဒါပေမယ့် တကယ်တမ်း မြေကြီးပေါ်က မဟောသဓ ဖြစ်နေတယ်၊ ကျွန်တော့်ကို အားကိုးကြတာ သိပါရဲ့၊ ကျွန်တော်လည်း ဖြည်းဖြည်းချင်းပဲ နည်းလမ်း ရှာရဦးမယ်”
ပြောရာက ခဏရပ်လိုက်တယ်။
ပြီးတော့ ဝင်းဝင်းလက်လက် ပြုံးပြလိုက်ပြန်တယ်။
“မြေကြီးပေါ်က မဟောသဓ-လို့ ပြောပေမယ့် တအားကြီးလည်း နှိမ့်ချပြီး မတွက်လိုက်ကြနဲ့ဦးပေါ့ခင်ဗျာ၊ ကျွန်တော်လည်း နန်းတော်ထဲ ရောက်ကတည်းက အခုအချိန်အထိ အထု, အပေတွေနဲ့ ကြီးပြင်းလာခဲ့တာပါ၊ ဒီလို တိုက်ပွဲမျိုးကို ကျွန်တော် စိတ်ကူးယဉ်ပြီးသားပါပဲ၊ အဲ… စိတ်ကူးထဲမှာ လက်ယဉ်ပြီးသားပေါ့ခင်ဗျာ”
လက်ဘက်ရည်ပုဂံကို ကောက်ကိုင်လိုက်တယ်။
“တိုက်ပွဲတစ်ပွဲ ဖြစ်လိုက်ပြီဆိုရင် ကိုယ့်ဘက်က အခက်အခဲတွေချည်းပဲ ကြည့်နေရင်တော့ စိတ်ဓာတ်ကျသွားလိမ့်မယ်ဗျ၊ သူ့ဘက်က အခက်အခဲတွေနဲ့လည်း မျှကြည့်ကြမှ နေသာ ထိုင်သာ ရှိတာ”
“တိုက်ပွဲရေးရာ သုံးသပ်ချက်ကလေးတွေ လုပ်ကြစမ်းပါဦးခင်ဗျ၊ ဒီပွဲကို ဘယ်လိုမြင်ကြတုန်း”
စကား စ,လိုက်တော့ တိုက်ပွဲချိန်တွေတုန်းက မြို့တွင်းက လှမ်းကြည့်လို့ မြင်ရသမျှတွေကို တစ်ယောက်တစ်ပေါက်နဲ့ အားပါးတရ ပြောကြပါတော့တယ်။
စစ်ပွဲ ဆွေးနွေးခန်းနဲ့ လက်ဘက်ရည်ကြမ်းဆိုတာ ယောက်ျားသားတို့ရဲ့ အကြိုက်ဆုံး သွားရေစာ မဟုတ်ပါလား။
တစ်သက်မှာ တစ်ခါ ကြုံလိုက်ရတဲ့ တိုက်ပွဲကြီးအကြောင်းကို ကိုယ်မြင်တဲ့ ရှုထောင့်နဲ့ ပြန်ပြောကြတယ်။
ညတိုက်ပွဲတွေ။
နေ့တိုက်ပွဲတွေ။
သုံးစွဲတဲ့ လက်နက်တွေအကြောင်း ဝေဘန်တယ်။
ထောင်ချောက်တွေရဲ့ ကြောက်စရာကောင်းပုံကို အလန့်တကြား ပြောကြတယ်။
အကျအဆုံးတွေကို စာရင်းတွက်ကြတယ်။
တစ်ဖက်က သုံးနေတဲ့ ဗျူဟာတွေ အကဲခတ် သုံးသပ်ကြတယ်။
တစ်ဦးနဲ့ တစ်ဦး ငြင်းခုံကြတယ်။
ဒီအချိန်မှာ မြို့တွင်းက ဖြစ်နိုင်ခြေ အကျဉ်းအကြပ်တွေကို မေ့သွားကြပုံပါပဲ။
အတော်ကြာလို့ ခါးညောင်းကြပြီ ဆိုတော့မှ စကားစကို မနည်းဖြတ်ယူရတယ်။
“ကဲ… ပြောလို့တော့ ကောင်းပါရဲ့၊ စကားစ ဖြတ်ရအောင်”
အားလုံးက မဟောသဓဘက်ကို အာရုံစိုက်လိုက်ကြတယ်။
“ဘိုးဘိုးတို့ ဘဘတို့ အခု ကူညီပေးရမှာက လောလောဆယ် မြို့တွင်းကိစ္စလေးတွေကို အာရုံစိုက်ပြီး ရှင်းပေးကြဖို့ပါပဲ၊ ကျန်တာတွေ ခေါင်းထဲ မထားကြပါနဲ့ဦးခင်ဗျ၊ ဖြေးဖြေးပဲ လုပ်ကြရအောင်ပါ”
ဒီလိုနဲ့ အစည်းအဝေး သိမ်းလိုက်တယ်။
မှူးတွေ, မတ်တွေ, တာဝန်ရှိသူတွေ စိတ်လက်ပေါ့ပါးကုန်ကြဟန် တူပါရဲ့။
မျက်နှာထား ရွှင်ရွှင်ပျပျနဲ့ ပြန်သွားကြတယ်။
သူတို့ ပြန်သွားတော့မှ မဟောသဓက ပြန်ငြိမ်သွားတယ်။
အတန်ကြာ ထိုင်ပြီး စဉ်းစားတယ်။
တစ်ချက်တစ်ချက် ခေါင်းခါတယ်။
နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချတယ်။
“ကဲ… ဘယ်တတ်နိုင်မလဲလေ၊ လောလောဆယ်တော့ သူတို့ဘာလုပ်ကြမယ်ဆိုတာ စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့”
(၁၇)
“စစ်အေးတိုက်ပွဲ”
ဘုရင်တစ်ပါးက မေးတယ်။
“ကဲ အမတ်ကြီး... ဘယ်နည်းဘယ်ဗျူဟာတွေနဲ့ ကြပ်မှာလဲဆိုတာ သိချင်လှပြီဗျ၊ ပြောပါဦး”
ကေဝဋ်အမတ်ကြီးက နေရာက ထလာတယ်။ အလယ်က လျှောက်လမ်းမှာ ရပ်ရင်း ချောင်းတစ်ချက် ဟန့်တယ်။
“အဟမ်း”
စူဠနီဗြဟ္မဒတ်က မျက်စောင်းတစ်ချက် ခဲလိုက်တယ်။ ဒီအမတ်ကြီး ဟန်များမှန်း အရင်က မသိပါဘူးပေါ့လေ။
“ကျွန်တော်မျိုး ဆန်အဝင်အထွက်ကို ပိတ်ပါမယ်ဘုရား”
ဘုရင်တစ်ပါးက မေးတယ်။
“ဘယ့်နှယ်ဗျ၊ အမတ်ကြီး မြို့ထဲမှာ ဆန်ရေစပါး ပေါတယ်လေဗျာ၊ ဘယ့်နှယ်လုပ်ပြီး ဆန်အဝင်အထွက်ကို ပိတ်ရမှာတုန်း”
စူဠနီဗြဟ္မဒတ်ဆီက ‘ဟင့်’ဆိုတဲ့ အသံ ကြားလိုက်ရတယ်။
ကေဝဋ်အမတ်ကြီး ကပျာကယာ ဖြေရှင်းရတယ်။
“ဒါက စိတ်ဓာတ်စစ်ဆင်ရေး တစ်မျိုးပါဘုရား၊ ဆန်ရှိမှန်း သိတယ်၊ ရှိတဲ့ဆန်ကို လောက်အောင် စားကြ၊ ပြီးတာနဲ့ ထပ်မစားရတော့ဘူး-ဆိုတဲ့ သဘောပါဘုရား၊ မြို့သူမြို့သားတွေ စိတ်ဓာတ်ကျအောင် လုပ်တဲ့သဘောပါ”
“ဪ...”
ဘုရင်တွေ သဘောပေါက်ဟန်နဲ့ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကြတယ်။
“စစချင်း ကြပ်မယ့် ဝက်အူဟာ ခပ်ချောင်ချောင်ထဲက ဖြစ်မှ နောက်အကြပ်တွေက အသက်ရှူမဝ ဖြစ်စေတာပါဘုရား၊ ဒီသဘောပါ”
“ကောင်းပါ့ဗျာ ကောင်းပါ့ ကောင်းပါ့”
စူဠနီဗြဟ္မဒတ်ကတော့ သဘောတွေ့ပုံ မရဘူး။
ဒါပေမယ့် ဘာမှ မပြောဘူး။
ဒီလိုနဲ့ မြို့တံခါးသေးကနေ ဝင်ထွက်နေတဲ့ မြို့သူမြို့သားတွေကို တင်းကြပ်လိုက်တယ်။
မြို့ထဲက ပထမဆုံး ထွက်လာတဲ့ လူတစ်ယောက်။
“ဘာကိစ္စလဲဟေ့”
“မြို့ပြင်က ဆွေမျိုးတွေဆီကို ခဏသွားမလို့ပါဗျ”
“ဆန်ဝယ်ဖို့ မဟုတ်ဘူးလား”
“မဟုတ်ပါဘူးဗျ”
“အေး... မဟုတ်ရင် ပြီးရော၊ မင်းတို့မြို့ကို ဆန်အဝင်အထွက် ပိတ်လိုက်ပြီဟေ့၊ ငတ်မသေချင်ရင် အညံ့ခံကြလို့ သံတောင်ဦးတင်လိုက်၊ သွား... မြို့ထဲကို ပြန်သွား”
အရပ်သားက မြို့ထဲကို ကမန်းကတန်း ပြန်သွားပြီး မဟောသဓဆီကို ပြေး အကြောင်းကြားရတယ်။
မဟောသဓ။
နားထောင်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။
“အင်း... စိတ်ဓာတ်စစ်ဆင်ရေးနဲ့ လာတော့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ပဲ တုန့်ပြန်ပေးရမှာပေါ့”
------------
မကြာခင် မြို့ထဲက အရပ်သားတစ်ယောက် ထွက်လာတယ်။
မြို့ပြင်တံခါးနဲ့ မလှမ်းမကမ်းက စစ်သားတွေဆီကို သွားပြီး စာတစ်စောင် ပေးတယ်။
“ဘုရင်ထီးဘုရားကြီးကို ဆက်ကပ်ပေးပါတဲ့ခင်ဗျ”
စာက မြင်းသည်တော်တစ်ယောက်ရဲ့ ဒုန်းစိုင်းနေတဲ့ မြင်းပေါ်က တဆင့် ဘုရင့်အစည်းအဝေးကို ရောက်သွားတယ်။
“ကဲ... စာတော်ဖတ်၊ အားလုံးကြားရအောင် အသံကျယ်ကျယ်နဲ့ ဖတ်စမ်းဟေ့”
စာတော်ဖတ်က စာရွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး အသံကျယ်ကျယ်နဲ့ ဖတ်ပါတယ်။
မင်းပေါင်းစုံရဲ့ ရှေ့မှာ ဖတ်ရတဲ့အတွက် လက်က တဆတ်ဆတ်တုန်နေတယ်။
အသံကလည်း မသိမသာ ခါနေပါတယ်။
“သို့/ စူဠနီဗြဟ္မဒတ်မင်း သိစေရန်...အရှင်မင်းကြီးတို့အနေနဲ့ မြို့ကို ပိတ်ဆို့ထားပြီး စိတ်ဓာတ်ကျအောင် လုပ်မယ်လို့ ကြံကြတာကို သဘောပေါက်မိပါတယ်၊ တဖြည်းဖြည်း အသက်ရှူကြပ်အောင် ပိတ်ဆို့ပြီး မြို့ထဲက လူတွေ အလုအယက် ထွက်ပြေးလာကြအောင် လုပ်မှာကိုလည်း မျှော်လင့်ထားပါတယ်၊ သို့သော်...”
ဘုရင်တွေက နားထောင်နေကြတယ်။
တချို့က နှုတ်ခမ်းမွှေးကို သပ်နေကြ။
ဘုရင်တစ်ပါးဆီက “အင်း”ဆိုတဲ့ အသံထွက်လာတယ်။
စာတော်ဖတ်က မျက်စိသူငယ် နားသူငယ်နဲ့ မော့ကြည့်။
“ဆက်ဖတ်ပါကွ”
ဆိုတော့ စာရွက်ကို ပြန်ငုံ့ကြည့်ရှာတယ်။
ပြီးတော့ ဖြေးဖြေးမှန်မှန်နဲ့ ဆက်ဖတ်ပါတယ်။
“သို့သော်...မြို့ထဲမှာ ဆန်ရေစပါး ပေါများမှန်း သိပါလျက်ကနဲ့ ပိတ်ဆို့တာဟာဖြင့် မျှော်လင့်သလို အသက်ရှူမကြပ်ပဲ ရယ်ရလွန်းလို့ အသက်ရှူ ကြပ်တာမျိုး ဖြစ်အောင် လုပ်တာလား-လို့ တွေးမိပါတယ်၊ ပညာရှိများ သိက္ခာတက်အောင် ပိုကောင်း ပိုထိမယ့် ကြပ်နည်းလေးတွေကို သုံးစေချင်ပါတယ်ခင်ဗျာ...ဒီအကြောင်းကို မြို့ရိုးက စစ်သည်တော်တွေကို သွားပြောခိုင်းထားပါတယ်၊ သူတို့အနေနဲ့ စိုးရိမ်စိတ် ဖြစ်မယ် မဖြစ်ဘူးဆိုတာကို အရှင်မင်းကြီးတို့ အကဲခတ်ကြည့်ကြပါဦး...နောက်ဆုံးအနေနဲ့ သတိပေးချင်တာကတော့ မြို့ထဲမှာ ဆန်မကုန်ခင် အရှင်မင်းကြီးတို့ဘက်ကို ထိုးစစ်ဆင်မှာ ဖြစ်ပါတယ်၊ မရှုမလှ မရှုံးစေရအောင် အငိုက်မမိအောင် နေကြဖို့အကြောင်း သဘောရိုးနဲ့ အသိပေးလိုက်ပါရစေခင်ဗျ...ပုံ- မဟောသဓ
စာကြွင်း- အရှင်မင်းကြီးတို့ရဲ့ ပိတ်ဆို့မှုကြောင့် မြို့ရိုးပေါ်က စစ်သည်တော်တွေ ဘယ်လို စိုးရိမ်စိတ် ဖြစ်ကြမယ်ဆိုတာ ဂရုတစိုက် စောင့်ကြည့် နားထောင်ချင်မိပါတယ်”
စာအဆုံးမှာ အားလုံး သံပြိုင် သက်ပြင်းချလိုက်မိကြတယ်။
“အမတ်ကြီး... ပိတ်ဆို့တာက ပျော့များ ပျော့သွားလေသလားဗျ”
အမတ်ကြီးက ဖြေမလို့ ကြံတုန်း
“ဟိုး... ဟိုးဟိုးဟိုး”
“ဟီးဟီးဟီးဟီး...”
“ဟား ဟား ဟား...”
လူပေါင်း ထောင်ချီပြီး အော်လိုက်တဲ့ အသံကြီးကို ကြားလိုက်ရတယ်။
“ဘာသံတွေပါလိမ့်”
အဲသည်အချိန်မှာ အကွက်ရသွားတဲ့ စူဠနီဗြဟ္မဒတ်က ထပြီး ဖြေပါတယ်။
“ရယ်သံတွေလေ... ကေဝဋ်အမတ်ကြီးရဲ့၊ ကေဝဋ်အမတ်ကြီးရဲ့ ဆန်ပိတ်တဲ့ မဟာဗျူဟာကို မြို့ရိုးပေါ်က စစ်သည်တွေက လှောင်ရယ်နေကြတာပေါ့”
ဆိုတော့ ကေဝဋ်အမတ်ကြီး အနေရခက်သွားတယ်။
ရယ်သံတွေကြောင့် အပြင်က စစ်သားတွေကလည်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။
ဘာဖြစ်မှန်းတော့ သူတို့လည်း မသိကြဘူး။
စူဠနီဗြဟ္မဒတ်ကသာ ပုဏ္ဏားကြီးကို နှိပ်ကွက်ရအောင် ချောင်းနေလို့ ချက်ချင်း သဘောပေါက်လိုက်တာ။
“အမတ်ကြီးရဲ့ ဗျူဟာက မဆိုးပါဘူး၊ ဒါပေမယ့် အရယ်ခံနေရတာကတော့ သိပ်ပဏာမရဘူးဗျာ၊ ကျုပ်က ဗျူဟာထုတ်လိုက်တာနဲ့ လေးစားပြီးသား ဖြစ်မယ်လို့ မျှော်ထားတာ၊ ဘယ့်နှယ့်... တခြားနည်းလမ်းလေး ပြောင်းသုံးရင် ကောင်းမလား မသိဘူးဗျ”
ကေဝဋ်အမတ်ကြီးရဲ့ မျက်နှာ မည်းခနဲ ဖြစ်သွားပါတယ်။
---------------------
နောက်တော့ ထင်းအဝင်အထွက် ဖြတ်တယ်။
မဟောသဓက ပိုပြီး လေးနက်တဲ့ မဟာဗျူဟာ သုံးသင့်ကြောင်း စာပို့တယ်။ အထင်ကြီးထားတွေကို အလဟဿ မဖြစ်စေလိုကြောင်း ယဉ်ယဉ်ကျေးကျေး ပြောတယ်။
မြို့ရိုးပေါ်က စစ်သားတွေက ဟီးဟီးဟားဟားနဲ့ စုပြီး လှောင်သံ ပေးကြတယ်။ ရယ်သံတွေကလည်း ပိုပိုပြီး ကျယ်လာတယ်။ ဘာနည်းတွေ သုံးသလဲတော့ မသိဘူး။
စူဠနီဗြဟ္မဒတ်က လှောင်သံတွေကို နားထောင်ပြီး ပုဏ္ဏားကြီးကို မထိခလုပ်နဲ့ မသိမသာ နှိပ်ကွက်တယ်။
နောက်ထပ်တစ်နည်း။
ရေဖြတ်တယ်။
မဟောသဓက မြို့တွင်းရေကန်ကြီးထဲက ကြာရိုးရှည်ကြီးတွေကို ဖြတ်တောက်ပြီး ဆက်သရင်း စာပို့တယ်။
ဒီ့ထက် ပိုပြီး အသက်ရှူကြပ်မယ့် နည်းလမ်းတွေကို သုံးစေလိုပါကြောင်း။
မြို့ရိုးပေါ်က စစ်သားတွေကလည်း စစ်လေ့ကျင့်ခဏ်းကို ပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ရပေမယ့် လတ်တလောအားဖြင့် ရယ်သံတွေနဲ့ပဲ ဖိတိုက်နေကြရတယ်။
ရယ်နည်းပေါင်းစုံတွေတောင် ကျွမ်းကျင်ကုန်ကြပြီ။
ထိရောက်တယ်တော့ ထင်ပါရဲ့။
စူဠနီဗြဟ္မဒတ်ကလည်း အမတ်ကြီးကို ဖိအားတွေ ပေးနေတယ်။ ငေါက်နေတာတော့ မဟုတ်။ ရယ်သံတွေကို နားထောင်ပြီး ပုဏ္ဏားကြီးရဲ့ ဗျူဟာတွေကို ချီးကျူးပေးနေတာ။
ဒါပေမယ့် သူချီးကျူးလိုက်တိုင်း ပုဏ္ဏားကြီးက မဲ့မဲ့သွားတယ်။
---------
ညနက်သန်းခေါင် အိပ်မောကျနေကြတဲ့ အချိန်။
မြို့ရိုးပေါ်က စစ်စည်တီးသံတွေ ထွက်လာတယ်။ လူအင်အားပေါင်း ထောင်ချီပြီး တီးလိုက်တဲ့ စစ်စည်သံတွေကြောင့် မြို့ပြင်က စစ်သားတွေ လန့်နိုးလာကြတယ်။
“ဟ... စစ်ချီလာပြီ ထင်တယ်၊ ထကြစမ်း၊ ပြင်ကြစမ်း”
ကမန်းကတန်းနဲ့ ယောင်ယမ်းထပြီး ဓားဆွဲ, လှံဆွဲပြီး ထကြရတယ်။ မြင်းတွေကို ကကြိုးဆင်, ဆင်တွေကို ဇောင်းထဲက ထုတ်ကြရတယ်။
ပုဏ္ဏားကြီးတို့ကလည်း အိပ်မှုံစုံမွှားနဲ့ ထလာပြီး စစ်သူကြီးတွေကို စုရတယ်။
“ဟင်... တိုက်ကြပြီလား”
“ဘယ်လိုတုန်း”
ဘယ်သူမှ ကောင်းကောင်း မဖြေတတ်။
အိပ်မှုန်စုန်မွှားနဲ့ စစ်သည်တွေကို စစ်တလင်းမှာ တန်းစီထားပြီး
တစ်ညလုံး စောင့်နေကြတယ်။
မနက်သာ လင်းသွားတယ်။
မြို့ထဲက ဘယ်စစ်သည်မှ ထွက်မလာ။
“တောက်... ခွေးသားတွေ၊ အိပ်ရေးပျက်အောင်”
တောက်တခေါက်ခေါက် ဖြစ်ကြရတယ်။
နောက်တော့ မြို့ထဲက စာတစ်စောင် ရောက်လာတယ်။
“အရှင်မင်းကြီးတို့ဘုရား...စိတ်ပူသွားကြပါသလား၊ မပူကြပါနဲ့၊ မတိုက်သေးပါဘူး၊ မတိုက်သေးဘူး-ဆိုပြီးလည်း ပေါ့ဆမနေကြပါနဲ့၊ အငိုက်ဖမ်းပြီး တိုက်ဖြစ်ချင်လည်း တိုက်ဖြစ်သွားပါလိမ့်မယ်...နှစ်ည တစ်ကြိမ်ဖြစ်စေ၊ သုံးညတစ်ကြိမ် ဖြစ်စေ၊ စစ်စည်သံ ပေးနေပါလိမ့်မယ်၊ ပျော်အောင် အိပ်ချင်ရင်လည်း အိပ်နေလို့ ရပါတယ်၊ မအိပ်ချင်ဘူးဆိုရင်လည်း စောင့်နေလို့ ရပါတယ်၊ မြို့ထဲက စစ်သည်တော်တွေ ထွက်လာတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေရင်တော့ ကောင်းတာပေါ့ခင်ဗျာ၊ နို့မို့ရင် ကိုယ်နဲ့အဝတ် မကပ်ဘဲ တုံးလုံးကလေးတွေ ပြေးနေရပါဦးမယ်...ကျန်းမာဘေးကင်းကြပါစေခင်ဗျာပုံမဟောသဓ”
စူဠနီဗြဟ္မဒတ်က မျက်မှောင်ကြုတ်ရင်း မေးတယ်။
“ဘာတွေလဲ အမတ်ကြီးရဲ့”
ပုဏ္ဏားကြီးက အရိုးခံနဲ့ ဖြေရှာတယ်။
“မှန်လှပါ စိတ်ဓာတ်စစ်ဆင်ရေး တစ်မျိုးပါပဲဘုရာ့”
စူဠနီဗြဟ္မဒတ်က မလိမ်မိုး မလိမ်မာပုံစံ ဖမ်းရင်း ဆက်မေးပါတယ်။
“အမတ်ကြီးကပဲ ပညာပြမှာ မဟုတ်ဘူးလား၊ ဟိုဘက်ကလည်း ပညာပြလို့ ရသလားဗျ”
ကေဝဋ်အမတ်ကြီး အနေရခက်သွားပြန်ပါတယ်။
(၁၈) “သူရဲကောင်း+ပညာရှိ”
စစ်ပွဲတွေဟာ တကယ်လိုအပ်ပါသလား? ဝမ်းရေးကြောင့် လိုအပ်ချက်အရ တိုက်ကြရတာ ဟုတ်ရဲ့လား။
စူဠနီဗြဟ္မဒတ်တို့ရဲ့ တိုင်းပြည်ဟာ ချမ်းသာကြွယ်ဝတဲ့ အထဲမှာ ပါတယ်။ ဝမ်းရေးဟာ သူတို့အတွက် မလိုအပ်လှဘူး။
ဖိနှိပ်ခံရတဲ့အတွက် လွတ်လပ်ရေး ရအောင် တိုက်ကြတာလား?
ဒီလိုလည်း မဟုတ်ပြန်။
သူတို့ စစ်ဆင်သူတွေ, ဖိနှိပ်ဖို့ ကြိုးစားသူတွေ။
မဟောသဓတို့ကမှ ခုခံသူတွေ။ လွတ်လပ်ရေး မဆုံးရှုံးအောင် ကြိုးစားကြသူတွေ။
ဒါဆိုရင် ဘာလို့တိုက်ကြတာလဲ?
ယောက်ျားသွေး ပြချင်ကြတာလား။ စစ်ကြိုက်တယ်ဆိုတာဟာ ယောက်ျားတို့မှာသာ ရှိတတ်တဲ့ ရောဂါတစ်မျိုးလား?
“ဇာတိပုညဂုဏ်မာန”အစရှိတဲ့ လူနားမလည်တဲ့ စကားလုံးတွေကို အတွင်သား ရွတ်ပြကြမယ်ဆိုရင် လူတိုင်းက နားမလည်သည့်တိုင် သွေးတကြွကြွတော့ ရှိကြမယ် ထင်ပါတယ်။
“လူအထင်ကြီးခံချင်တာ”
ပညာရှိစကား မဟုတ်ဘဲ ရပ်ကွက်ထဲက စကားလုံးနဲ့ သုံးရရင် ဒါက အဓိက ထင်ပါရဲ့။
“ပဉ္စာလတိုင်းပြည်ရဲ့ အောက်မှာ ထီးဆောင်းမင်းအပေါင်းတို့ရဲ့ ဦးဆောင်းမကိုဋ်ရတနာတို့ ညွှတ်ကိုင်းဝပ်ကျ” ဘာညာ ဘာညာ။
ဒီလို နားထင်ရောက် ဖနောင့်သွေးတို့ရဲ့ အမိန့်အာဏာစက်အောက်မှာ ယောက်ျားသားတချို့ရဲ့ အိမ်သူတွေ မုဆိုးမ ဖြစ်ကုန်ကြတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ ဖတဆိုး ဖြစ်ကုန်ကြတယ်။
ရွာကြီးတွေ မီးလောင်ပြင် ဖြစ်ကုန်တယ်။
အေးချမ်းတဲ့ မိသားစုတွေ အထုပ်ကလေးတွေ ပိုက်ရင်း မျက်စိပျက် မျက်နှာပျက်နဲ့ စစ်ပြေးဘဝ ရောက်ကြရရှာတယ်။
အာဏာချဲ့ရင်း “ယောက်ျားစွမ်း ပြချင်”တဲ့ မင်းစိုးရာဇာတို့ရဲ့ နိုင်ငံရေး ရောဂါ။
ဒီရောဂါဟာ ခေတ်အဆက်ဆက်မှာ ရှိနေလိမ့်ဦးမယ် ထင်ပါတယ်။
----------------
အခြေအနေကတော့ ကေဝဋ်အမတ်ကြီးတို့ဘက်ကလည်း အကြပ်အတည်း ဖြစ်နေပြီ။
မဟောသဓဘက်ကလည်း နောက်ဆုတ်စရာ မရှိတဲ့အပြင်မှာ ရှေ့တိုးလို့လည်း မဖြစ်နေသေးဘဲ ပိတ်မိနေတယ်။
ဒီအချိန်မှာ စိတ်ရှည်ဖို့ကလည်း အရေးကြီးနေတယ်။
မဟောသဓဘက်ခြမ်းမှာတော့ တစ်မ္ဘာလုံးနဲ့ ဖြစ်တဲ့စစ်မှာ မဟောသဓကို ကျော်ပြီး ဦးဆောင်ချင်တဲ့သူ မရှိဘူး။ ဦးဆောင်နိုင်တဲ့သူလည်း မရှိဘူး။ အားလုံးက မဟောသဓရဲ့ မျက်နှာကိုပဲ အားကိုးတကြီးနဲ့ ကြည့်နေကြရတယ်။
သူ့ကြောင့်ပဲ နိုင်ငံတော်ဟာ အဝိုင်းခံရသည့်တိုင် အကြပ်အတည်းကြီး မကြုံရဘဲ ချောင်ချောင်လည်လည်ပဲ ဖြစ်နေခဲ့ရတာ။
နောက်ပိုင်း အကြပ်အတည်းထဲက လွတ်ဖို့ဆိုရင်လည်း သူ့စကားကို နားထောင်ကြရမယ်။
ကေဝဋ်အမတ်ကြီးတို့ဘက်ခြမ်းမှာကျတော့ တစ်မျိုး။
ကေဝဋ်အမတ်ကြီးရဲ့ ဝိုင်းရံပိတ်ဆို့ မဟာဗျူဟာဟာ တိုက်ပွဲတွေကြောင့် အကျအဆုံး များနေခဲ့ရတဲ့ အချိန်မှာ ချီးကျူးဖွယ်ရာ ဖြစ်ခဲ့တယ်။
အသက်ရှူကြပ်နေတဲ့အချိန်မှာ နှာခေါင်းဖော်စရာ ထွက်ပေါ်ကလေး ရခဲ့တာကိုး။
သို့သော် ရေရှည်ဝိုင်းလာရတဲ့အချိန်မှာကျတော့ သူသူကိုယ်ကိုယ် စိတ်မရှည်နိုင်အောင် ဖြစ်လာကြတယ်။
အဆိုးဆုံးက စူဠနီဗြဟ္မဒတ်။
အတိုင်းတိုင်းအပြည်ပြည်ကို သိမ်းတုန်းက သူက ခေါင်းဆောင်နေရာမှာ ရပ်နေခဲ့တယ်။
ဒါပေမယ့် ကေဝဋ်အမတ်ကြီးက ဦးစီးပြီး အားလုံးကို လုပ်သွားခဲ့တယ်။
သူက ဟန်ပြ မာန်သွေးလောက်ပဲ လုပ်ရတယ်ဆိုတာ လူမသိဘူး။
မိထိလာကို ဝိုင်းလိုက်တော့မှ သူ့အစွမ်းကို လူသိကုန်တယ်။
သူ နောက်ဆုတ်ပေးလိုက်ရတယ်။ ကေဝဋ်အမတ်ကြီးက နေရာယူတယ်။ သူ စိတ်ထဲမှာ မျက်သက်သက် ဖြစ်သွားခဲ့တယ်။
သူ့သိက္ခာကို ဆယ်ဖို့ဆိုရင် နှစ်နည်းရှိတယ်။ အစွမ်းပြမှာလား?
ဒါမှမဟုတ်- သူ့ထက် တော်တဲ့ ကေဝဋ်အမတ်ကြီးကို သူလိုဖြစ်အောင် ဆွဲချမှာလား?
ခက်နေပြန်တာက သူဆွဲချလို့ စစ်ရှုံးသွားပြန်ရင်လည်း ဒီအရှုံးက သူနဲ့ ဆိုင်နေပြန်ရော။
ဒီလိုနဲ့ ကေဝဋ်အမတ်ကြီးကို မရှုံးစေလိုသည့်တိုင် စိတ်အနှောင့်အယှက် ဖြစ်အောင်တော့ ကလိတိတိနဲ့ ဖိအားတွေ ပေးနေမိပြန်တယ်။
==============
”ဘယ်လိုလဲ အမတ်ကြီးရဲ့၊ နည်းကောင်းလေးတွေ မရှိတော့ဘူးလား”
ကေဝဋ်အမတ်ကြီးကလည်း သိနေတယ်။ ဘုရင်ဟာ စစ်ဗျူဟာမှူးနေရာကို သူ့လက်ထဲ လွှဲပေးရတဲ့အတွက် မကျေမနပ် ဖြစ်နေတယ်ဆိုတာ။ သူကလည်း ဘုရင်နဲ့ ထိတိုက်တွေ့လို့ မဖြစ်တဲ့အတွက် အလိုက်သင့် ပြောနေရတယ်။
မှန်တာပြော။ ဘုရင်က ရိတိတိ ပြောသမျှ သူကလည်း အောင့်သက်သက် ဖြစ်ရတာပဲ။
ဘုရင်က ဆက်ပြောတယ်။
“အမတ်ကြီးရဲ့ ပိတ်ဆို့နည်းဗျူဟာက မဆိုးပါဘူး၊ ကောင်းပါတယ်၊ ဒါပေမယ့် အစကတည်းက ပိတ်ဆို့ထားတာက သူတို့ဘက်က ထင်တယ်ဗျ၊ အမတ်ကြီးက ပိတ်ဆို့တာ မဟုတ်ဘူးလို့ ထင်တယ်”
စ,လာပြန်ပြီ။
“ဆိုတော့ အမတ်ကြီးရဲ့ ဗျူဟာလို့တောင် ပြောရအခက်သားပဲ၊ အမတ်ကြီးရဲ့ ဗျူဟာစစ်စစ်လေးကို ကြည့်ချင်ပါသေးတယ်ဗျာ၊ မကြံတတ်တော့ဘူးလား”
မဟောသဓဘက်ခြမ်းမှာ ညီညီညွတ်ညွတ် ရှိကြပေမယ့် ဒီဘက်ခြမ်းမှာကျတော့ ခေါင်နှစ်ယောက်က ချိတ်စစ လုပ်နေကြပြီ။ ဒါက ပြဿနာပဲ။
ကျန်တဲ့ဘုရင်တွေတောင်မှ ရိပ်မိကုန်ကြပြီ။
စူဠနီဗြဟ္မဒတ် စကား စ,တိုင်း ပြုံးစိစိ ဖြစ်နေကြပြီ။
“မှန်ပါ ကြံပါဦးမယ်ဘုရား”
ကေဝဋ်အမတ်ကြီးကလည်း ကတိပေးလိုက်တယ်။ အချိန်ယူပြီး စဉ်းစားတယ်။ ခေါင်းပြောင်ပြောင်လေးကို ပွက်ကာ ပွက်ကာ။
အင်း... ဘုရင်လည်း အထင်ကြီးမှ ဖြစ်မယ်။ ဒီနိုင်ငံကိုလည်း နိုင်မှ ဖြစ်မယ်။
စစ်ရေးစစ်ရာအနေနဲ့ ကြိုးစားပြီး မြို့ရိုးကို ချိုးမယ်ဆိုရင် စူဠနီဗြဟ္မဒတ် အရှက်ကွဲသလို သူလည်း အရှက်ကွဲရမှာပဲ။
ဒီလိုတော့လည်း မဖြစ်သေးဘူး။
ပွဲဟာ နိုင်ပွဲ ဖြစ်ရမယ်။ နိုင်ပွဲဟာ စစ်နိုင်သလိုမျိုးပဲ ဂုဏ်သိက္ခာ တက်ရမယ်။ ဟိုဘက်မှာ နိုင်ငံတစ်ခု ဆုံးရှုံးခြင်း ဖြစ်ပြီး ဒီဘက်မှာ စစ်ပွဲကြီးတစ်ခု အနိုင်ရခြင်း ဖြစ်ရမယ်။
စဉ်းစားကြည့်တော့မှ ဒီလိုနည်းလမ်းမျိုးက အတော်ခက်တယ်။
ရှေးသမိုင်းကျမ်းတွေကို ပြန်ပြီး အာရုံပြုကြည့်တယ်။ ခေတ်အဆက်ဆက်က စစ်ပွဲတွေကို ပြန်ပြီး အာရုံပြုတယ်။
အမတ်ကြီးရဲ့ ခန္ဓာကိုယ် မတ်ခနဲ ဖြစ်သွားတယ်။
“ဟော... နည်းတစ်နည်း ရှိပါကလား”
အကြံက ကောင်းလွန်းလို့ စိတ်လှုပ်ရှားသွားမိတယ်။
ကပျာကယာ ထပြီး လမ်းလျှောက်ရင်း စဉ်းစားတယ်။
ခေါက်တုံ့ခေါက်ပြန် လျှောက်တယ်။
ခေါင်းကလေးကို စိတ်လှုပ်ရှားစွာနဲ့ ပွတ်တယ်။
စဉ်းစားရင်းနဲ့ သူ့အကြံကို ကြိုက်ကြိုက်လာတယ်။
စိတ်လှုပ်ရှားနေတာကို သည်းမခံနိုင်တော့တဲ့ အဆုံး အစည်းအဝေး ခေါ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
===========
“ပြောပါဦး အမတ်ကြီးရဲ့၊ အမတ်ကြီးရဲ့ အကြံကောင်းကို”
စူဠနီဗြဟ္မဒတ်က စိတ်မပါ့တပါနဲ့ စကား စ,တယ်။
“မှန်လှပါ၊ ပညာရှိ စီးချင်းထိုးပွဲပါဘုရား”
စူဠနီဗြဟ္မဒတ် ဆတ်ခနဲ ဖြစ်သွားတယ်။ ရူးသလား-ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး
“ဘယ်လိုလဲဗျ၊ ခင်ဗျားက မဟောသဓနဲ့ ဓားချင်း ခုတ်မလို့လား၊ ခင်ဗျား သေသွားမှာပေါ့”
ကေဝဋ်အမတ်ကြီးက ပျာပျာသလဲ လက်ကာပြပြီး
“မဟုတ်ပါဘုရား, မဟုတ်ပါဘုရား၊ ကျွန်တော်မျိုးတို့ ပညာရှိချင်း စီးချင်းထိုးတယ်ဆိုတာက လက်နက် မပါပါဘူးဘုရား၊ စစ်ဗျူဟာကျမ်းတွေနဲ့ ပတ်သက်ပြီး သူက ဘယ်လိုထိုးမယ်၊ ကိုယ်က ဘယ်လိုထိုးမယ်ဆိုတာကို နှုတ်အားဖြင့် စစ်ခင်းကြမယ့် တိုက်ပွဲမျိုးပါဘုရား”
“အင်း...”
စူဠနီဗြဟ္မဒတ်က အင်းသံရှည်ကြီး ပေးလိုက်ပါတယ်။
“အမတ်ကြီး နိုင်မယ်ဆိုတာ သေချာတယ်ပေါ့”
ပုဏ္ဏားကြီးက အခိုင်အမာ ပြောလိုက်ပါတယ်။
“သေချာပေါက် ရှုံးလမ်း မရှိပါဘူးဘုရား”
ဒီအချိန်မှာ ဘုရင်တစ်ပါးက လှမ်းမေးတယ်။
“အရှုံးအနိုင်ကို ဘယ်လိုသတ်မှတ်မှာလဲဗျ”
ပုဏ္ဏားကြီးက လှည့်ကြည့်ပြီး ဖြေပါတယ်။
“မှန်လှပါ၊ တစ်ဖက်ရဲ့ စစ်ဗျူဟာကို မချေပနိုင်တော့ဘူးဆိုတာနဲ့ အရှုံးအနိုင် ပေါ်မှာပါဘုရား၊ ဒါဆိုရင် တစ်ဖက်နဲ့ တစ်ဖက် တကယ်မတိုက်တော့ဘဲ “မိထိလာကို တို့နိုင်ပြီ”ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ခေါင်းမော့ ရင်ကော့ပြီး ပြန်နိုင်မှာပါဘုရား”
ဘုရင်တွေ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။
“စစ်မတိုက်ရဘဲ နိုင်မယ်”ဆိုတဲ့အချက်က သူတို့ကို စိတ်ဝင်စားသွားစေတယ်။
တကယ်တိုက်ရမယ့်ကိစ္စမျိုးကို သူတို့စိတ်က သွေးလန့်နေတယ်။ တံတိုင်းချိုးနည်းဟာ အလုပ်မဖြစ်သလို ရေရှည်ဝန်းရံတဲ့ ကိစ္စအတွက် သည်းမခံနိုင်လို့ ဟိုဘက်က ထွက်တိုက်ကြရင်လည်း သူတို့ဘက်က အစီအမံကောင်းတွေကို စိုးရိမ်ရသေးတယ်။
အခု ပညာရှိနည်းဆိုပဲ။
ဘုရင်တစ်ပါးကတော့ အားတုံ့အားနာဟန်နဲ့ မေးတယ်။
“တစ်ခုရှိတာက အားတော့ နာပါရဲ့၊ ပညာရှိအမတ်ကြီး ပြောတဲ့ ဘယ်နည်းနဲ့မှ မရှုံးနိုင်ဘူး-ဆိုတာက မေးခွန်းထုတ်ချင်စရာ ရှိနေတယ်ဗျာ၊ မေးလို့ ရမလား မသိဘူး”
ပုဏ္ဏားကြီးက ငါးသလဲထိုးလေး ပြုံးလိုက်ပါတယ်။
“မမေးပါနဲ့ဘုရား၊ ဒါက အထူးလျှို့ဝှက်ချက်ပါ”
ဘုရင်တွေက ရွစိရွစိတ် ဖြစ်ကုန်ကြပါတယ်။
“အမတ်ကြီးရယ်...”
“နည်းနည်းလေးလောက် အရိပ်အမြွက်ကလေး...”
ပုဏ္ဏားကြီးက ပြုံးမြဲပြုံးရင်း ခေါင်းကိုသာ ခါယမ်းနေပါတော့တယ်။
“ကဲ... အစည်းအဝေး ပြီးပါပြီဘုရား”
ဘုရင်တွေ စိတ်အနှောင့်အယှက်ကြီးစွာနဲ့ ပြန်ထွက်သွားကြပါတယ်။
ဒါပေမယ့် စူဠနီဗြဟ္မဒတ်ကတော့ ဘယ်ရမတုန်း။
သီးသန့်နန်းဆောင်ကို ဆွဲခေါ်လာပြီး အမတ်ကြီးကို ဇွတ်မေးပါတယ်။
“ဟန်လုပ်မနေစမ်းပါနဲ့ အမတ်ကြီးရဲ့၊ ကျုပ်ကိုတော့ ပြောစမ်းပါ”
အမတ်ကြီးက ဘုရင်ကို တစ်ချက် ကြည့်ပါတယ်။
ဒီအချက်ဟာ သူတို့နှစ်ဦး ပြေလည်အောင် လုပ်နိုင်တဲ့ အချက်ပဲ။
မျက်နှာကို အောက်ချလိုက်တယ်။
“မှန်လှပါ၊ အရှင်မင်းကြီးကတော့ ကိုယ့်ရဲ့ အရှင်သခင်ကိုးဘုရာ့၊ အစကတည်းက ပြောမယ် စိတ်ကူးပြီးသားပါ”
စူဠနီဗြဟ္မဒတ်ဟာ အတော်ကြီး ကျေနပ်သွားပါတယ်။
သူ့ကို ဘေးဖယ်ထားခဲ့လို့ ဖြစ်ခဲ့ရတဲ့ အကြိတ်အခဲတွေတောင် ပြေပျောက်သွားသလိုလို။
“အဲသည်လို လုပ်စမ်းပါဗျာ၊ ကဲ... ပြောစမ်းပါဦး ပညာရှိအမတ်ကြီးရဲ့”
“ဒီစစ်ထိုးနည်းကို ကျမ်းဂန်မှာ ဓမ္မယုဒ္ဓလို့ ခေါ်ပါတယ်ဘုရား၊ တစ်ဖက်က ရှိခိုးလိုက်တာနဲ့ ပွဲပြီးသွားပါပြီဘုရား”
စူဠနီဗြဟ္မဒတ်က စိတ်ဝင်တစားနဲ့ ထောက်ပေးပါတယ်။
“အဲဒီတော့...”
ကေဝဋ်အမတ်ကြီးက ငါးသလဲထိုးပြုံးလေး ထပ်ပြုံးပြန်ပါတယ်။
“အရွယ်ချင်း ယှဉ်ကြည့်တော့ ကျွန်တော်မျိုးက အဘိုးအရွယ်, မဟောသဓက မြေးအရွယ်ဖြစ်နေတဲ့အတွက် မဟောသဓက သေချာပေါက် ရှိခိုးပါလိမ့်မယ်၊ တကယ်တမ်း ဗျူဟာချင်းတောင်မှ ယှဉ်ပြိုင်ဖို့ မလိုတော့ပါဘုရား”
စူဠနီဗြဟ္မဒတ် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
“အဲသည်လောက် လွယ်သလား အမတ်ကြီးရဲ့”
ပုဏ္ဏားကြီးက ပြုံးပြီး ဖြေလိုက်ပါတယ်။
“အဲသည်လောက် လွယ်ပါတယ်ဘုရား”
စူဠနီဗြဟ္မဒတ်ရဲ့ မျက်နှာ တဖြည်းဖြည်းပြုံးလာပြီး တဟားဟားနဲ့ ရယ်လိုက်ပါတော့တယ်။
“ဟား....ဟား.... ဟား....”
=============
“သို့/မဟောသဓ။စစ်ကြေငြာလိုက်သည်။ကမ္ဘာကြီးကို သနားသောအားဖြင့် ဓားချင်းလှံချင်း စစ်ပွဲကို ငါတို့မလို, ပညာရှိတို့ ထိုးချင်း ဓမ္မယုဒ္ဓကိုသာ ငါတို့ ထိုးလိုသည်။ သင့်အနေနှင့် ပညာရှိနှစ်ဦးချင်း စစ်ထိုးပြီး အရှုံးအနိုင်ဆုံးဖြတ်ခြင်းကို ကျေနပ်လိမ့်မည်ဟု ထင်သည်။သတ္တိနည်း, သွေးကြောင်ခြင်း ရှိလိမ့်မည်မဟုတ်ဟုလည်း မျှော်လင့်သည်။ သို့ဖြစ်၍မနက်ဖြန် နံနက်စောစော။ အနောက်တံခါးအထွက် စစ်တလင်း ကွင်းပြင်တွင် ပညာရှိချင်း စီးချင်းထိုးပွဲ “ဓမ္မယုဒ္ဓ”ကို နွှဲဖို့ အရောက်လာခဲ့ဖို့ရန် ဖိတ်မန်လိုက်သည်။ မိထိလာ၏ ဂုဏ်သိက္ခာအတွက်ဖြစ်၍ ရှောင်လွှဲခြင်း ပြုလိမ့်မဟုတ်ဟုလည်း ယုံကြည်ချင်သည်။မင်းတစ်ရာ, တိုင်းပြည်တစ်ရာ၏ လေးစားမှု, အထင်မသေးမှုကို စောင့်ရှောက်လိုပါက မပျက်မကွက် လာရောက်ခဲ့ရန် အကြောင်းကြားလိုက်သည်။စူဠနီဗြဟ္မဒတ် ထီးဘုရားကြီး၏ အမိန့်တော်အရပုံ- ကေဝဋ်ပုဏ္ဏား”
--------------------
စစ်ပွဲကြေငြာသံက နှစ်ဖက်သော တိုင်းပြည်တွေအကြားမှာ တမုဟုတ်ချင်း ပျံ့နှံ့သွားတယ်။
“ဓမ္မယုဒ္ဓ-တဲ့”
“ကေဝဋ်ပုဏ္ဏားကြီး ရှုံးနိုင်ခြေ လုံးဝ မရှိဘူး-တဲ့”
“ဗျူဟာချင်း တိုက်ပြီး မိထိလာပညာရှိက ရှုံးတာနဲ့ တိုက်ပွဲလည်း ရှုံးသွားမှာတဲ့”
ကောလာလဟတွေနဲ့အတူ အားလုံးက စိတ်လှုပ်ရှားနေကြတယ်။
သူရဲကောင်းချင်း စီးချင်းထိုးတာမျိုး မဟုတ်သည့်တိုင် ပညာရှိချင်းစီးချင်း ထိုးတာကလည်း ပွဲကြီးပွဲကောင်း မဟုတ်လား။
ထိုးမယ့်သူတွေကလည်း သာမညပုဂ္ဂိုလ်တွေ မဟုတ်။
တစ်ဖက်က မင်းတစ်ရာတို့ရဲ့ အတိုင်ပင်ခံအမတ်ကြီး။
ဒီဘက်ကလည်း မင်းတရာတို့ ရှေ့မတိုးနိုင်အောင် ချွေးမထွက်ဘဲ ဟန့်တားထားနိုင်တဲ့ လူငယ်ခြေတက် ပညာရှိ။
ပွဲကတော့ ကြည့်လို့ လှတော့မယ်။
(၁၉)
“စီးချင်းထိုးပွဲ”
မနက် အရုဏ်တက်ချိန်မှာ စူဠနီဗြဟ္မဒတ်ဟာ မင်းပေါင်း (၉၉) ပါး ခြံရံပြီး မိထိလာ အနောက်တံခါးကို ထွက်လာတယ်။ စစ်သည်တော်တွေကတော့ ညဦးကတည်းက နေရာခွဲပြီး လုံခြုံရေး ချထားတယ်။
ပညာရှိနှစ်ဦး စီးချင်းထိုးမယ့် နေရာကျယ်ကြီးကို ထုံးဖြူဖြူနဲ့ စက်ဝိုင်းကြီး ဝိုင်းထားတယ်။
ထုံးဖြူဖြူ နေရာတွေမှာ အလံတွေ စိုက်ထားတယ်။
စက်ဝိုင်းကြီးရဲ့အတွင်းထဲကို ဘယ်သူမှ မဝင်ရ။
စက်ဝိုင်းရဲ့ နောက်ကြော ခပ်လှမ်းလှမ်းမှာမှ ဘုရင်တွေအတွက် နေရာထိုင်ခင်းတွေ စီမံပေးထားတယ်။
ဘုရင်တွေက နေရာအသီးသီးမှာ နေရာယူပြီးတဲ့နောက် စစ်သည်တော်တွေက ဘေးဘက်မှာရော, ကြောဘက်မှာပါ တန်းစီပြီး နေရာယူလိုက်ကြတယ်။
စစ်သည်တော်တွေက မလှုပ်မယှက်။
နေလုလင်ဟာ အရုဏ်ဦး ရောင်ခြည်ကို ဦးစွာထုတ်လွှတ်ရင်း အရှေ့ပြင်လောကဓာတ် ကန့်လန့်ကာကြားကနေ သူ့ကိုယ်လုံးကို တစ်စိတ်ချင်း တစ်ပိုင်းချင်း လှစ်ပြလာတယ်။
ပုဏ္ဏားကြီး။
စိတ်လှုပ်ရှားနေတယ်။
ကနေ့ သူ့အကြံကောင်းကို အကောင်အထည်ဖော်ရမယ့်နေ့။
ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ သူသာလျှင် အတော်ဆုံး ပညာရှိရယ်လို့ မှတ်တိုင်ထူရမယ့်နေ့။
သူ့ရဲ့ ဓမ္မယုဒ္ဓမှာ အနိုင်ယူရမယ့်နည်းက နည်းနည်းတော့ ကလိမ်ကကျစ်နိုင်ပေမယ့် အချစ်နဲ့ စစ်ပွဲမှာ မတရားတာ ရှိလို့လား။
ရှုံးတဲ့သူက “ညစ်ပတ်တယ်”လို့ မကျေမနပ် ပြောတတ်ပေမယ့် နိုင်သူအတွက်တော့ “ဥပါယ်တမျဉ်”ဆိုတဲ့ စကားလှလှလေးနဲ့ ဂုဏ်ယူတတ်ကြတယ်။
တော်လျက်နဲ့ ရှုံးတယ်ဆိုတာ အဓိပ္ပါယ်မရှိ။
မဟောသဓဟာ ရှုံးရမယ်။ ညစ်ပတ်တဲ့ နည်းနဲ့ အနိုင်ယူလိုက်လို့ ရှုံးတယ်ဆိုစေဦး, ရှုံးတယ်ဆိုကတည်းက အညစ်ပတ်ခံနိုင်တဲ့ စွမ်းရည်မရှိဘူးဆိုတာ ထင်ပေါ်နေတယ်။
မဟောသဓ။
ရှုံးဖို့သာ ပြင်ပေတော့။ မင်းအတွက် ငါစိတ်မကောင်းဘူး-ဆိုပြီး ဟန်လုပ် မပြောဘူး။
မင်းဟာ ငါ့ရဲ့ ပြိုင်ဘက်ပဲ။ မင်းဟာ ငါနဲ့ ဉာဏ်ရည်တူတယ်-ဆိုတာမျိုး ငါ ယှဉ်အပြော မခံနိုင်ဘူး။
မင်းက ငါ့ထက် ညံ့တယ်။
သမားရိုးကျမှာ တော်စေဦး။ ဉာဏ်နီဉာဏ်နက် ထုတ်ရာမှာ ငါက ပိုပြီး သာရမယ်။
ဒါပေမယ့် ဘယ်လိုပဲ ပြောပြော။ ပွဲပြီးရင်တော့ သနားဟန် လုပ်ပြရဦးမှာပေါ့လေ။
“ကောင်လေးရာ... မင်းညံ့လို့ ရှုံးပေမယ့် မင်းဉာဏ်လေးကလည်း မဆိုးပါဘူး”
သဘောထားကြီးသယောင် ဟန်လုပ်ပြရဦးမှာပေါ့။
တစ်ယောက်တည်း စဉ်းစားနေတယ်။
စဉ်းစားရင်းနဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။
ဟော... နေလုံးကြီးက ပူလို့တောင် နေပါရောလား။
မိထိလာ အနောက်တံခါးကို လှမ်းကြည့်လိုက်တယ်။
နေရောင်က စူးကနဲ ဖြစ်သွားလို့ နဖူးပေါ်မှာ လက်ဖဝါးလေး ကာလိုက်ရတယ်။
“အမတ်ကြီး”
စူဠနီက လှမ်းခေါ်တယ်။
“ဘုရား”
အနောက်တံခါးကို လှမ်းကြည့်ရာက ထူးလိုက်တယ်။ လူရိပ်လူယောင် မမြင်ရ။
“ခင်ဗျားလူက လာပါ့မလား”
“မှန်ပါ, လာမှာပါဘုရား”
“အင်း...”
ဘုရင်က အင်းသံကို သက်ပြင်းရှည်ကြီးနဲ့ ရောချတယ်။
ပြီးတော့ ငြိမ်သွားတယ်။
=======
နေလုံးကြီးက တဖြည်းဖြည်း မြင့်လာတယ်။
နေအလှမ်းခံထားရတဲ့ စစ်သည်တော်တွေ မသက်သာကြရှာ။
စူဠနီဗြဟ္မဒတ်က ထူးဖြူရိပ်အောက်မှာမို့ မထောင်းသာပေမယ့် ပုဏ္ဏားကြီးက ချွေးတပြိုက်ပြိုက်။
အနောက်တံခါးကို လှမ်းလှမ်းကြည့်တယ်။
ဘုရင်က နည်းနည်း စိတ်ပျက်လာတယ်။
မင်းပရိသတ်ကလည်း ရွစိ ရွစိ။
စိတ်မရှည်တဲ့ဟန်။
“ပုဏ္ဏားကြီး... ခင်ဗျာ့လူ မလာလောက်တော့ဘူး ထင်တယ်ဗျ၊ ဘယ့်နှယ်လုပ်ကြမလဲ”
ပုဏ္ဏားကြီးကလည်း ချက်ချင်း မဖြေနိုင်။
“မှန်ပါ...”
“ကျုပ်တို့က ဘယ်အချိန်အထိ စောင့်ရမှာတုန်းဗျ”
အသံထဲမှာ စိတ်မရှည်ဟန်က အတိုင်းသား။
ပုဏ္ဏားကြီးကလည်း မသေမချာ ဖြစ်လာတယ်။
သို့သော် သူ့မှာ နောက်တစ်ကွက် ရှိသေးတယ်။
“မှန်ပါ, မနက်ခင်း စစ်ထိုးပွဲ-ဆိုတော့ မွန်းတည့်သည်အထိ အကျုံးဝင်ပါတယ်ဘုရား၊ မဟောသဓအနေနဲ့ မလာဘဲ မနေရဲပါဘူး၊ မွန်းတည့်မှ ထွက်မလာရင် မိထိလာ ပညာရှိ မလာရဲဘူး-လို့ သတ်မှတ်လို့ ရပါပြီ၊ အဲသည်ကျရင် အော်သံဟစ်, အောင်ပွဲခံပြီး ခံ့ခံ့ညားညား ပြန်လို့ ရပါပြီဘုရား”
“အင်း....”
ဘုရင်က ဆက်မပြောတော့ပြန်ဘူး။
သို့နှင့်တိုင် နေက ပူလွန်းတယ်။ မနက်စောစောလေး ထွက်လာပြီး ရင်ဆိုင်, အနိုင်ယူပြီး ပြန်သွားရရင် သည်လောက် ပင်ပန်းမှာ မဟုတ်ဘူး။
အခုကတော့ တမင် ပညာပြသလို ဖြစ်နေတယ်။
“ပညာပြလေသလား”လို့ စဉ်းစားမိတဲ့ စူဠနီဗြဟ္မဒတ်။ မျက်နှာရှုံ့မဲ့သွားတယ်။
ဟုတ်တာပေါ့။ ခွေးမသားလေးက ပညာပြတာ ဖြစ်ကို ဖြစ်ရမယ်။
သို့သော် ဘယ်သူ့မှတော့ မပြောရဲဘူး။ အောင့်သက်သက်နဲ့ပဲ ငြိမ်နေလိုက်ရတယ်။
နေမြင့်လေလေ။
ဘုရင်တွေက ဂနာမငြိမ် ဖြစ်လေလေ။
ချွေးတပြိုက်ပြိုက် ကျသမျှ ရေကိုသာ ဖိသောက်နေကြရတယ်။
“ကဲ... မွန်းတည့်တော့မယ်ဗျ”
ပုဏ္ဏားကြီးကလည်း နေကို မော့ကြည့်ပြီး အားတက်သရော ပြောတယ်။
“မှန်ပါ့ဘုရား၊ အောင်ပွဲခံချိန် နီးပါပြီဘုရား”
ပြောပြီးတာနဲ့ ဗိုလ်လေး တစ်ယောက်ကို လှမ်းခေါ်တယ်။
“ဟေ့... စစ်သည်တော်တွေကို အကြောင်းကြားထားစမ်း၊ မွန်းတည့်လို့ ဟိုဘက်က ထွက်မလာတာနဲ့ အားလုံး စစ်အောင်သံ ပြိုင်တူ ပေးကြရမယ်၊ ဒီက အချက်ပေးမယ်၊ အဲဒါကို လိုက်ပြီး နှိုးဆော်ထားစမ်း”
ဗိုလ်လေးကလည်း မြင်းတစ်စီးနဲ့ လိုက်ပြီး စစ်သည်တော်တွေကို အကြောင်းကြားတယ်။
မကြာခင် အောင်သံပေးရတော့မယ်။
အောင်ပွဲ ခံရတော့မယ်။
==========
အောင်ပွဲခံရတော့မယ်ဆိုပေမယ့် ခဏတော့ စောင့်ရဦးမယ်။ အချိန်က မဆိုစလောက်လေး လိုသေးတယ်။
အခုအချိန်မှတော့ အထဲက သတ္တဝါလေး ထွက်မလာပါစေနဲ့တော့။
အသာပဲ ငြိမ်နေပါစေတော့။
ပူပြင်းတဲ့နေရောင်အောက်မှာ ကေဝဋ်ပုဏ္ဏားကြီး ဆုတောင်းနေတယ်။
နောက်ဆုံးအကြိမ်ရယ်လို့ နဖူးမှာ လက်ဖဝါးလေး တင်ပြီး မြို့တံခါးကို လှမ်းကြည့်လိုက်တယ်။
“ကျွီ....”
မြို့တံခါးကြီး ပွင့်လာတယ်။
“ဟင်...”
ပုဏ္ဏားကြီး စိတ်ပျက်သွားတယ်။
စိတ်ပျက်လက်ပျက်နဲ့ မြို့ဘက်ကို လှမ်းကြည့်မိတယ်။
မြို့ထဲက ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့ လူပျိုတော်သားတွေ။
မြင်းကိုယ်စီနဲ့ ကြွားကြွားယွားယွား ထွက်လာကြတယ်။
အလံတွေကိုလည်း ကိုင်ကာ မြှောက်ကာနဲ့။
မြင်းတွေရဲ့ အလယ်မှာ ရထားတစ်စီး။
မလှမ်းမကမ်းမှာ ရပ်ပြီး ယာဉ်တွေပေါ်က ဆင်းလိုက်ကြတယ်။
လူငယ်တစ်ဦးကို ခြံရံပြီး စည်းဝိုင်းဆီကို လျှောက်လာကြတာ မြင်လိုက်ရတယ်။
“ဟင်း...”
သက်ပြင်းတစ်ချက်နဲ့အတူ
ပုဏ္ဏားကြီးကလည်း ပညာရှိတို့ရဲ့ ဟိတ်ဟန်နဲ့အတူ စည်းဝိုင်းထဲကို ခံ့ခံ့ညားညား လျှောက်ဝင်လာတယ်။
ဟိုဘက်က လူငယ်တစ်ယောက်ကလည်း စည်းဝိုင်းထဲကို ကြွားကြွားယွားယွား လျှောက်ဝင်လာတယ်။
စည်းဝိုင်းရဲ့ အလယ်ဗဟိုမှာ မျက်နှာချင်းဆိုင် ရပ်လိုက်ကြတယ်။
ပွဲက စပြီ။
ဒီပွဲကို ပရိသတ်ပေါင်း သိန်းဂဏန်းလောက်က စောင့်ကြည့်နေကြတယ်။
မိထိလာမြို့ရိုးပေါ်မှာ စစ်သည်တော်တွေနဲ့ ရပ်သားတွေက မြို့ရိုးပြိုကျမတတ်, မိုးပြီး ကြည့်နေကြတယ်။
ဒီဘက်က စစ်သည်တော်တွေနဲ့ ဘုရင်တွေကလည်း စည်းဝိုင်းထဲက လူနှစ်ယောက်ကို လှမ်းပြီး ကြည့်နေကြတယ်။
ဒီစစ်ပွဲကြီးရဲ့ အရှုံးအနိုင်အဆုံးအဖြတ်ဟာ ဒီနှစ်ယောက်အပေါ်မှာ မူတည်နေပြီ။
စူဠနီဗြဟ္မဒတ်ဟာ ပုဏ္ဏားကြီးက ဘယ်လောက်သေချာတယ်ပဲ ပြောပြော။ နှစ်ဦးသား မျက်နှာချင်းဆိုတာကို မြင်ရပြန်တော့လည်း စိတ်ပူလာပြန်တယ်။
“ငါ့ပညာရှိကြီး ဟုတ်မှ ဟုတ်ပါ့မလား၊ အသေအချာ နိုင်မယ်သာ ပြောတာ၊ မနက်တော့ နေပူလှမ်းခံလိုက်ရပြီးပြီ၊ အမတ်ကြီးက တစ်ကွက်ခံထားရပြီးပြီ”
တကြွကြွနဲ့ စည်းဝိုင်းထဲကို လှမ်းလှမ်းကြည့်မိတယ်။
မဟောသဓက အလေးပြုတော့မလို, ဦးချတော့မလို လုပ်နေတာကို မြင်ရပေမယ့် တကယ် ဦးမချ။
နောက်ကို လှည့်ပြီး လက်ရပ်ပြတယ်။
လူပျိုတော်သားတစ်ယောက်ကို ခေါ်လိုက်ပုံ ရတယ်။
လူပျိုတော်သားတစ်ယောက် ကလပ်ကိုင်ပြီး ဝင်လာတယ်။ ဘာတွေပါလိမ့်။
ကလပ်ထဲက တစ်ခုခုကို ကိုင်ပြီး လက်ဖဝါးထဲမှာ ထည့်ထားဟန် တူတယ်။
လက်က မြှောက်လျက်သား။
အဲသည်ကတည်းက ပုဏ္ဏားကြီးက ငြိမ်ကျသွားတယ်။
ဘာပစ္စည်းများပါလိမ့်....။
သိချင်လွန်းလို့ ဂနာမငြိမ် ဖြစ်လာတယ်။
ဘာတွေဖြစ်နေတာတုန်း?
အခြေအနေက ဘယ်လိုတုန်း?
ရာဇိန္ဒြေကို မနည်းထိန်းနေရပေမယ့် သိချင်စိတ်က ရွရွတက်။
အမတ်ကြီး... ခင်ဗျား ဘာဖြစ်နေတာလဲ...
အခြေအနေ ကောင်းရဲ့လားဗျာ...
========
ကေဝဋ်အမတ်ကြီး။
မဟောသဓနဲ့ မျက်နှာချင်း ဆိုင်မိပြီ။
အလို... အရွယ်က အတော်ငယ်ပါသေးကလား။
ငါ ဒီကောင်လေးနဲ့ ပညာချင်းပြိုင်ရတာ အရွယ်နဲ့တင် သိက္ခာကျလှပြီ။
မဟောသဓက ဖော်ဖော်ရွေရွေ ပြုံးပြလိုက်တယ်။
ဦးညွှတ်မလို, ဦးချမလို ပြင်လိုက်တော့ ပုဏ္ဏားကြီး စိတ်လှုပ်ရှားသွားတယ်။
ပွဲပြီးတော့မှာပဲ။
သွေးခုန်နှုန်းတွေ မြင့်တက်လာတဲ့အချိန်မှာပဲ မဟောသဓက တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုနဲ့ ကိုယ်ကို ပြန်မတ်လိုက်တယ်။
ပုဏ္ဏားကြီးရဲ့ နှလုံးခုန်နှုန်းတွေကတော့ ကျမသွားဘူး။
စိတ်ထဲက ဦးညွတ်စေချင်စိတ်တွေက ရုန်းရင်းဆန်ခတ် ဖြစ်နေပေမယ့် ထုတ်တော့ မပြောဘူး။
“အမတ်ကြီးအတွက် လက်ဆောင်ယူလာတာ မေ့တော့မလို့”
ကေဝဋ်အမတ်ကြီးရဲ့ စိတ်ထဲမှာ အဲဒီလက်ဆောင်ကို လှမ်းဆဲလိုက်မိတယ်။
ထားပါတော့လေ။ လက်ဆောင်ကမ်းပြီးရင်တော့ ဦးညွှတ်မှာပါ။ ကန်တော့မှာပါ။
ခဏ သည်းခံလိုက်ဦး။
မဟောသဓက နောက်ကို လှည့်ပြီး လက်ယပ်ခေါ်လိုက်တော့ လူပျိုတော်သားတစ်ယောက်က ကလပ်ကို ကိုင်ပြီး ဝင်လာတယ်။
ကလပ်ပေါ်မှာ ပတ္တမြားကြီးတစ်လုံး။
ပုဏ္ဏားကြီး ငေးသွားတယ်။ မျက်တောင်မခတ်တော့ဘူး။ ရတနာအမျိုးမျိုးကို ကိုင်ဖူး ထိဖူး သိဖူးနေတဲ့ သူ။
ဒီပတ္တမြားကြီး။ အရည်အသွေးက သူ့ကို မှင်သက်မိသွားစေတယ်။
မတုန်မလှုပ် ကျောက်ရုပ်။
မဟောသဓက ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ကလပ်ပေါ်က ပတ္တမြားကို ယူပြီး လက်ဖဝါးပေါ်ကို တင်လိုက်တယ်။
ပုဏ္ဏားကြီးက မျက်လုံးကလည်း ပတ္တမြားကြီးနဲ့အတူ ရွေ့ပြီး ပါသွားရှာတယ်။
မဟောသဓ ပြုံးစိစိ ဖြစ်သွားတယ်။ စိတ်ထဲမှာလည်း ရေရွတ်မိ။
“ဪ... ရတနာ, ရတနာ၊ ဒီလိုဆိုတော့လည်း ရတနာက တယ် အသုံးကျပါကလား”
ငေးကြောင်နေရှာတဲ့ ပုဏ္ဏားကြီးကို ကြည့်ပြီး ပြုံးရွှင်စွာနဲ့ ပြောလိုက်တယ်။
“ပညာရှိ အမတ်ကြီး လာတယ်ဆိုတော့ လက်ဆောင်ပဏ္ဏာတွေတော့ ဆက်သဦးမှပါလေ-လို့ အတွေးမိသားပဲ၊ လက်ဆောင်ကောင်း ရှာမယ်ဆိုတော့မှ ရှာရခက်နေလို့ နောက်ကျသွားတယ်ခင်ဗျ”
“ဟင်”
ပုဏ္ဏားကြီး တံတွေးကို မနည်းမြိုချပြီး မျက်လုံးကို အနိုင်နိုင်ခွါရင်း မဟောသဓကို ကြည့်တယ်။
“မောင်ရင်က ဒါ... ဒါကြီးကို လက်ဆောင်ပေးမလို့လား”
မဟောသဓက ပြုံးပြတယ်။ ပြီးတော့ မျက်လုံးကို မှိတ်ရင်း ခေါင်းကို ငြိမ့်ပြတယ်။
“လက်ဆောင်ပေးမယ်ဆိုတော့ အမတ်ကြီးရဲ့ ဂုဏ်ဒြဗ်ကိုသာမက ကျွန်တော်မျိုးရဲ့ ဂုဏ်ဒြဗ်ကိုလည်း ကြည့်ရသေးတာကိုးခင်ဗျ၊ ပေါပေါပဲပဲ ဖြစ်နေရင် အမတ်ကြီးက ဘာမှမဖြစ်ဘူး ဆိုစေဦး၊ ကျွန်တော့်သိက္ခာကျတော့ ထိခိုက်ပါတယ်”
“ဟုတ်တာပေါ့ ဟုတ်တာပေါ့”
ပုဏ္ဏားကြီးက စိတ်နဲ့လူနဲ့ မကပ်ဟန်နဲ့ ထောက်ခံစကား ဆိုတယ်။
ပေးတော့မလို ဟန်ပြင်တယ်ထင်တာနဲ့ လက်နှစ်ဖက်က မြှောက်လာတယ်။
ဒါပေမယ့် တကယ်မပေးသေးတော့ လက်နှစ်ဖက်က ပြန်ချသွားရတယ်။
ရှက်စရာပေမယ့် စိတ်ထဲမှာတော့ ရှက်မသွားမိဘူး။ မချင့်မရဲပဲ ဖြစ်သွားမိတယ်။
ကိုင်ကြည့်ချင်လိုက်တာ။
======
မဟောသဓရဲ့ ဣန္ဒြေက ငြိမ်သက်သွားတယ်။
မျက်နှာက လေးနက်နဲ့ အမူအရာ ဖမ်းသွားတယ်။
ပတ္တမြားကိုင်ထားတဲ့ လက်ကို ခါးနောက်မှာ ပစ်ရင်း ကျန်တဲ့လက်တစ်ဖက်နဲ့ သိုင်းလိုက်တယ်။
ပုံပြင်ပြောတော့မယ့် အမတ်ကြီးတစ်ပါးအလား။
အဲသည်တော့မှ ကေဝဋ်ပုဏ္ဏားကြီးက မဟောသဓ မျက်နှာကို ကြည့်နိုင်ရှာတယ်။
“လက်ဆောင်အကြောင်းကို ပြောဦးမှ ဖြစ်မယ် အမတ်ကြီးရဲ့၊ ဒီလက်ဆောင်က သမိုင်းနဲ့ပဲ“
မျက်နှာက ပိုပြီး လေးနက်သွားတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ ဘိုးဘေးဘုရင်တစ်ပါးဟာ အလွန်ရုပ်ဆိုးတဲ့ ဘုရင်တစ်ပါး၊ နာမည်က ကုသမင်းတဲ့၊ ကြင်ယာတော် ပဘာဝတီကို မိဖုရားမြှောက်ပြီး အမြင်မခံရဲတာနဲ့ ညမှာပဲ ပေါင်းရတယ်၊ နေ့မှာ ပုန်းနေရတယ်၊ နောက်တော့ ပဘာဝတီက အဖြစ်ပြီး သိပြီး ထွက်ပြေးတယ်၊ မင်းကုသက လိုက်ပိုးပြီး နောက်ဆုံးမှာ ပြန်ပေါင်းရတယ်၊ ဒါပေမယ့် ရုပ်ဆိုးလွန်းလို့ အပေါင်းခက်တယ်ဆိုတာနဲ့ သိကြားမင်းက ဒီပတ္တမြားကြီးကို ပေးခဲ့တယ်လို့ ရာဇဝင်ရှိတာပဲ”
ပုဏ္ဏားကြီးရဲ့ မျက်လုံးပြူးသွားတယ်။
တံတွေးနင်တော့မလိုဖြစ်သွားပြီး
“အဲဒီပတ္တမြားကြီးက ဒီ... ဒီပတ္တမြားကြီးလား”
မဟောသဓက မဖြေဘူး။ ဆက်ပြောတယ်။
“ဂါထာမန္တန်နဲ့ ရောရွတ်ရင် အစွမ်းထက်မယ်လို့ ယူဆရပေမယ့် အဲဒီမန္တန်ကိုကျတော့ အမွေဆက်ခံရခြင်း မရှိဘူး၊ ပြီးတော့ ကျွန်တော်ကလည်း အဲဒီလိုကိစ္စတွေကို အယုံအကြည် မရှိဘူးဗျ”
ပုဏ္ဏားကြီးရဲ့ သွေးခုန်နှုန်းတွေကတော့ ကသောင်းကနင်း ဖြစ်နေပါပြီ။
ပတ္တမြားကို ကိုင်ကြည့်ချင်လှပြီဆိုပေမယ့် မဟောသဓက မပေးသေးဘူး။
“ဒီတော့ ဒီလိုပတ္တမြားမျိုးဟာ တန်ဖိုးရှိပါတယ်ဆိုတာထက် ပိုပြီး ကျွန်တော့်အတွက် မထူးဘူး ဖြစ်နေတယ်ခင်ဗျာ”
မဟောသဓက ခါးနောက်က လက်ကို ပြန်ယူပြီး လက်ဖဝါးကို ဖြန့်လိုက်တယ်။
ပုဏ္ဏားကြီးရဲ့ မျက်လုံးတွေကလည်း ပတ္တမြားဆီမှာ ပြေးကပ်သွားပြန်တယ်။
အကြည့်က သနားစရာလေး။
မဟောသဓက ပြုံးရင်း မေးလိုက်တယ်။
“ဒီလောက်ဆိုရင် ကျွန်တော့်ရဲ့ လက်ဆောင်က ပေါပေါပဲပဲ ထဲက မဟုတ်ပါဘူးနော်”
“မဟုတ်... မဟုတ်ပါဘူးကွယ်, မဟုတ်ပါဘူး”
ပုဏ္ဏားကြီးခမျာ... လေယူလေသိမ်းတွေ မမှန်နိုင်အောင် ဖြစ်နေရတယ်။
“ကဲ... ဒါဆိုရင် အမတ်ကြီး လက်ခံပါတော့ခင်ဗျာ”
လက်ခံပါတော့ဆိုတာနဲ့ လက်ဖဝါးက ဖြန့်ပြီးသား ဖြစ်နေတယ်။
မဟောသဓကလည်း ပတ္တမြားကို လက်ထဲ ထည့်ပေးလိုက်တယ်။
ထူးထူးဆန်းဆန်းပဲ လက်ဖဝါးနား ရောက်မှ လက်ဖဝါးဘေးကနေ အောက်ကို ချလိုက်တယ်။
ဟင်... ခနဲ အသံနဲ့အတူ ပုဏ္ဏားကြီးက အောက်ကျသွားတဲ့ ပတ္တမြားကို ကမန်းကတန်း လိုက်ဖမ်းတယ်။
ဒီအချိန်မှာပဲ ဂုတ်ပေါ်ကို လက်နှစ်ဖက် ရောက်လာပြီး မြေကြီးပေါ် တွန်းနှိပ်လိုက်တာ ခံရပါတော့တယ်။
“မဟော်... မဟော်... မင်း... ဘာလုပ်...”
သူ့အသံက မဟောသဓရဲ့ ကျယ်လောင်တဲ့ အသံအောက်မှာ ပျောက်သွားပါတော့တယ်။
“ဘိုးဘိုး... ရှိမခိုးပါနဲ့ခင်ဗျာ၊ ဘိုးဘိုး မလုပ်ပါနဲ့ခင်ဗျာ၊ ကျွန်တော် ငရဲကြီးပါ့မယ်”
ဒီအချိန်မှာ မဟောသဓဘက်က လူပျိုတော်သားတွေကလည်း ထပြီး အော်ကြတယ်။
“ဟေ... ဝပ်ချပြီဟေ့၊ ရှုံးပြီ၊ ရှုံးပြီ၊ တိုက်ကြဟေ့၊ တိုက်ကြ၊ ဝိုင်းကြ”
လူပျိုသားတွေသာမက မြို့ရိုးပေါ်က စစ်သည်တွေကလည်း အုန်းအုန်းခတ်အောင် အော်ဟစ်ပြီး ညာသံပေးကြပါတော့တယ်။
စူဠနီဗြဟ္မဒတ်။
“နင့်အမေကလွှား...”ဆိုတဲ့ အသံနဲ့အတူ မလှမ်းမကမ်းက မြင်းပေါ်ကို လွှားခနဲ ရောက်သွားတယ်။
ဘုရင်ပြေးပြီဆိုတော့ ကျန်တဲ့ဘုရင်တွေနဲ့ မှူးမတ်တွေကလည်း ကမန်းကတန်းနဲ့ ထပြေးကြတယ်။
စစ်သည်တော်တွေကလည်း ဘာမှန်းမသိဘဲနဲ့ တအုန်းအုန်း ထပြေးပြီး ဝရုန်းသုန်းကား ဖြစ်ကုန်တယ်။
ကေဝဋ်အမတ်ကြီးကတော့ ဘာဖြစ်မှန်း မသိဘူး။
သူ့နဖူးက အသည်းခိုက်အောင် နာနေတာကိုပဲ သိတယ်။
ခဏနေတော့ သူ့ကို ကုတ်ကနေ ကိုင်, ဆွဲထူပြီး ကိုင်ပေါက်တာ ခံလိုက်ရတယ်။
“အား... လား... လား....”
ခါးတွေရော နံရိုးတွေရော နာသွားပေမယ့် အနာဆုံးက အရေပြားတွေ စုတ်ပဲ့နေတဲ့ နဖူး။
သူကလည်း ဘုရင်တွေ ပြေးဘက်ကို ကမန်းကတန်း လှမ်းကြည့်တယ်။
“မပြေးကြပါနဲ့ဘုရား၊ မပြေးကြပါနဲ့ဘုရား”
အသံစာစာလေးနဲ့ အော်ပေမယ့် သူ့ကို ဘယ်သူမှ လှည့်မကြည့်ကြဘူး။
ဒီကြားထဲ ပတ္တမြားကြီးကိုလည်း လှမ်းဝေ့ကြည့်ပြီး ရှာမိသေးတယ်။
မမြင်ရဘူး။
နောက် ဘုရင်တွေ ပြေးတဲ့အရေးက ပိုပြီး ဆိုးတာမို့ ကမန်းကတန်းနဲ့ လိုက်ရပါတော့တယ်။
“နေကြပါဦးဘုရား၊ မပြေးကြပါနဲ့ဘုရား၊ စောင့်ပါဦးဘုရား”
(၂၀)
“ရွှေလှောင်အိမ်”
အမတ်ကြီးခမျာ ပြေးရင်းလွှားရင်းနဲ့ ညနေစောင်းလောက်တော့မှာ မင်းကြီးများ စခန်းချရာကို မှီတယ်။ တစ်ကိုယ်လုံးမှာလည်း ချွေးတွေ ဖုံတွေနဲ့။
စူဠနီဗြဟ္မဒတ်ကလည်း စခန်းချရာကနေ ပုဏ္ဏားကြီးကို မြင်တော့ ဒေါသတွေ တထောင်းထောင်း ထလာပြန်တယ်။
“ပုဏ္ဏားကြီး”
“ဘုရား”
“ခင်ဗျားပြောတော့ ရှုံးလမ်း မရှိဘူးဆိုဗျာ့”
ကျန်တဲ့ဘုရင်တွေကလည်း စိတ်ပျက်လက်ပျက်နဲ့ လှမ်းကြည့်နေကြတယ်။
“မှန်လှပါ၊ ညစ်ပတ်ခံရတာပါဘုရား၊ ညစ်ပတ်ခံရတာပါဘုရား”
ပုဏ္ဏားကြီးလို လူမျိုးဆိုတာက ကိုယ်က ဦးအောင် ညစ်ပတ်မယ်၊ သူများက သာသွားရင် အညစ်ပတ်ခံရတာပါ-ဆိုပြီး တရားမျှတမှုစကားကို အတွင်သား ပြောတတ်ကြတာကလား။
“တယ်...”
ပြောလိုက်ရ မကောင်းရှိရော့မယ်ဆိုတဲ့ ပုံစံနဲ့ စူဠနီဗြဟ္မဒတ်က နှုတ်ခမ်းကို တင်းတယ်။
ဘုရင်တစ်ပါးကတော့ စိတ်ဝင်တစားနဲ့ မေးတယ်။
“ဘယ်လို အညစ်ပတ်ခံရတာလဲဗျ”
ပုဏ္ဏားကြီးက သနားစရာပုံစံ ဖြစ်ပြီးသားကို ထပ်ပြီး မျက်နှာညှိုးလိုက်တယ်။
“ကျွန်တော်မျိုးရဲ့ အပြစ်ပါဘုရား၊ သူက ဘိုးဘိုးကို လက်ဆောင်ပဏ္ဏာ တန်ဖိုးကြီးကြီးနဲ့ ကန်တော့ချင်ပါတယ်-လို့ ပြောပါတယ်၊ ကျွန်တော်မျိုးကလည်း ဪ... ဒီကောင်လေး လိမ်မာသားပဲ-လို့ ချီးကျူးလိုက်ပါတယ်၊ ပြီးတော့ ပတ္တမြားကြီး တစ်လုံးကို ယူလာပြီး ကျွန်တော်မျိုးရဲ့ လက်ထဲ ထည့်သလိုလိုနဲ့ မြေကြီးပေါ် ပစ်ချလိုက်ပါတယ်၊ ကျွန်တော်မျိုးကလည်း သဘောရိုးပဲလေ-ဆိုပြီး အသာကောက်ယူဖို့ ပြင်လိုက်ပါတယ်၊ အဲဒါကို ရှိခိုးပြီ-ဆိုပြီး အတင်းဟစ်လို့ ကျွန်တော်မျိုး ရှုံးရတာပါဘုရား၊ ညစ်ပတ်ခံရတာပါ၊ စစ်ဗျူဟာတိုက်ပွဲချင်းသာဆိုရင် ကျွန်တော်မျိုးကို သူ ဘယ်နည်းနဲ့မှ ယှဉ်နိုင်မှာမဟုတ်မှန်းသိလို့ တမင်ညစ်ပတ်လိုက်တာပါဘုရား၊ တရားမျှတမှုကို ဆောင်ကြဉ်းပေးတော်မူကြပါ”
စူဠနီဗြဟ္မဒတ်ဆီက “ဟင်း”ခနဲ ရှုံ့ချသံ ကြားလိုက်ရပေမယ့် ကျန်တဲ့ ဘုရင်တွေဆီက တုန့်ပြန်မှုကတော့ တစ်မျိုး။
“ဒါကတော့ မဖြစ်သင့်ဘူးဗျ”
“အင်း... ကြားလို့တောင် မကောင်းဘူး”
“မဟောသဓကို ရိုးသားတဲ့ ကောင်လေးလို့ ထင်ထားတာ၊ ဒီကောင်က လူညစ်ပတ်ပဲ”
သူတို့က သိမှမသိကြဘဲကိုး။
ဒီလိုနဲ့ (၁၀၀) သော ထီးဆောင်းမင်းတို့ဟာ မဟောသဓရဲ့ ညစ်ပတ်မှု ခံလိုက်ရတာကို မကျေနပ်နိုင်တဲ့အတွက် ဒီကိစ္စကို ဘယ့်နှယ်ရှင်းကြမယ်ဆိုတာကို တိုင်ပင်ကြတယ်။
“ကဲ... လုပ်စရာအနေနဲ့ကတော့ ပြန်ကြမလား၊ စစ်ဆင်မလား၊ နှစ်မျိုးပဲ ရှိတယ်”
“အာ... အပြန်စကား မပြောကြပါနဲ့ဗျာ၊ နိုင်ငံကို ဘယ်မျက်နှာနဲ့ ပြန်ကြရမှာတုန်း”
စူဠနီဗြဟ္မဒတ်ကတော့ ဟုတ်တိပတ်တိ ဝင်မပြောဘူး။
ဘုရင်တွေ ပြောတာကိုပဲ နားထောင်နေတယ်။
ကေဝဋ်အမတ်ကြီးကတော့ နဖူးလေးက ဒဏ်ရာစည်းထားတဲ့ ကြပ်တီးကို စမ်းရင်း တကျွတ်ကျွတ် ဖြစ်နေတယ်။
“ဒါဆိုရင် အကျွန်ုပ်တို့ စစ်ဆင်ကြမလား”
ဒီလိုဆိုတော့လည်း အကုန်လုံးက တွန့်ကုန်ကြပြန်တယ်။ ဘယ်သူမှ စစ်ထိုးခြင်း မပြုချင်ကြဘူး။ အကျအဆုံး များနိုင်တယ်။
ဒီအချိန်မှာ အသက်ကြီးကြီး ဘုရင်တစ်ပါးက ပြောတယ်။
“အို... ဘာထိုးစရာလိုလို့တုန်း၊ ကေဝဋ်ပညာရှိကြီးရဲ့ ဝန်းရံပိတ်ဆို့ခြင်း ဗျူဟာ ရှိသားပဲ၊ ကျုပ်တို့က ဒီဗျူဟာကို ခပ်ပျော့ပျော့မကိုင်ဘဲ ခွေးနဲ့ကြောင်တောင် အဝင်အထွက် မရှိစေရ-လို့ စည်းကမ်းကြပ်လိုက်ရင် ပြီးတာပဲ မဟုတ်လား၊ လည်ပင်းညှစ်သတ်သလို ခဏနဲ့ အသက်ရှူရပ်ကြမှာပါဗျ”
ဒီအချိန်မှာ စူဠနီဗြဟ္မဒတ်က တစ်ခွန်း ဝင်ပြောတယ်။
“အကြည်တော်တို့က ဝန်းရံပိတ်ဆို့ လုပ်ချင်နေလို့သာ၊ ကျုပ်ကတော့ သိပ်စိတ်မရှည်ချင်ဘူးဗျ၊ လူသုံးရမယ်ဆိုရင်လည်း သုံး၊ ခပ်ကြမ်းကြမ်း တိုက်ပြီး ခပ်ကြမ်းကြမ်း သိမ်းပစ်လိုက်ချင်တာပဲဗျ”
ဘုရင်တွေ အသံ တိတ်ကုန်တယ်။
စူဠနီဗြဟ္မဒတ်ကလည်း သူ့စကားကို လူမကြိုက်မှန်း သူလည်း သိတယ်။ ဒါကြောင့် ထပ်ပြောရတယ်။
“ဒါပေမယ့် အများဆန္ဒပါလေ၊ ကျုပ် သဘောတူမှာပါ”
=======
မိထိလာနန်းတွင်းမှာ မင်းမှူးမတ်ဗိုလ်ပါ ရာထူးကြီးကြီးတွေ အကုန်စုဝေး ရောက်ရှိနေကြတယ်။
စာတော်ဖတ်က မင်းပေါင်း (၁၀၀) ရဲ့ ရာဇသံကြေငြာစာကို အသံကျယ်ကျယ်နဲ့ ဖတ်ပြနေတယ်။
“သို့... မိထိလာပြည်သားတို့
နားထောင်စေ။
မိထိလာပြည် ပညာရှိသည် ဓမ္မယုဒ္ဓစစ်ထိုးပွဲ ဆင်နွှဲရာ၌ မသမာသော နည်းလမ်းများ သုံးစွဲပြီး အနိုင်ယူခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ရသည်၊ ထိုဖြစ်ရပ်ဖြစ်ခင်းသည် အတိုင်းတိုင်းအပြည်ပြည်ရှိ မင်းအပေါင်းတို့အား အမျက်ဒေါသ ထွက်စေခဲ့သည်။
သို့ဖြစ်၍ ဒဏ်ခတ်သည့်အနေဖြင့် မိထိလာမြို့တွင်း မြို့ပြင် အဝင်အထွက် အကူးအသန်း မရှိစေရ။ လူကျူးလျှင် လူသတ်မည်၊ ခွေးကျူးလျှင် ခွေးသတ်မည်။ လူကလည်း ခွေးသေသကဲ့သို့ သေရမည်။
ထိုအဖြစ်ကို မကြုံလိုပါက နည်းတစ်နည်း ရှိသည်။
သင်တို့ပြည်သူများ စုရုံး၍ မိထိလာဘုရင် ဝိဒေဟမင်း၏ ခေါင်းကို ဖြတ်ပြီးလျှင်....”
“ဟဲ... စာတော်ဖတ် ရပ်စမ်း ရပ်စမ်း”
ပလ္လင်ပေါ်က ဝိဒေဟမင်းက ကမန်းကတန်းနဲ့ လှမ်းတားတယ်။
သူ့ပုံစံက ရင်တုန်ပန်းတုန် ဖြစ်သွားတဲ့ပုံ။
မျက်စိမျက်နှာတွေလည်း ပျက်နေတယ်။
ပြီးတော့ ထုံးစံအတိုင်း မဟောသဓကို လှမ်းကြည့်တယ်။
“ကဲ... ငါ့သား အဖေတို့ ဘယ့်နှယ်လုပ်ကြမတုန်း”
ဝိဒေဟမင်းရဲ့ လေယူလေသိမ်းက အမျိုးမျိုး ရှိတယ်၊ သဘောကျချိန်, အားငယ်ချိန်တို့မှာ “ငါ့သား”လို့ ခေါ်တတ်တယ်။ ဘဝင်မကျချိန် သဘောမတွေ့ချိန်မှာတော့ “ဟေ့ မဟောသဓ”လို့ နာမည်ရင်းကို ခေါ်တတ်တယ်။ ဒေါသချောင်းချောင်း ထွက်နေတဲ့အချိန်မှာတော့ “ဟေ့ကောင် တောသား၊ မင်း ဘာနားလည်လို့တုန်း”ဆိုပြီး ငေါက်ငမ်းတတ်တယ်။
အခုကတော့ ငါ့သားပေါ့လေ။
ပြည်သူနဲ့ ရန်တိုက်ပေးလိုက်ပြီကိုး။
မဟောသဓ မဖြေနိုင်ဘူး။ အသာငြိမ်နေတယ်။ ဘုရင်က သူ့မျက်နှာကို အားကိုးတကြီးနဲ့ လှမ်းကြည့်နေတယ်။ မျက်နှာအမူအရာက အားတက်ပုံ ပေါ်သလား၊ စိတ်ဓာတ်ကျဟန် ရှိသလား။ မျက်နှာအမူအရာကို ကြည့်ပြီး စိတ်ခံစားချက်ကို ဖတ်မလို့ ပြင်တယ်။
ကျန်တဲ့မှူးမတ်ဗိုလ်ပါတွေကလည်း သိချင်ကြပါရဲ့။ မဟောသဓရဲ့ ကျောကုန်းကိုသာ မြင်နေကြရတယ်။
မဟောသဓ။
ငါးသလောက်ပြုံးလေး ပြုံးလိုက်သလိုပဲ။ ဝိဒေဟ အားတက်သွားတယ်။ လွတ်လမ်းကို စဉ်းစားမိပြီထင်တယ်။ ဒီကောင်လေး အကြံကောင်းရရင် ဒီလိုပြုံးတတ်တယ်။
“ဟင်... ငါ့သား၊ သားမှာ အကြံရှိတယ် မဟုတ်လား”
မဟောသဓ ခေါင်းခါပြတယ်။
“မရှိသေးပါဘူးဘုရား၊ ကျွန်တော်မျိုးလည်း ခေါင်းပူနေပါတယ်၊ အချိန်ယူပြီး စဉ်းစားပါရစေဦး၊ ဒါနဲ့ အရှင်မင်းကြီး အရင်ပြန်ပြီး စံတော်မူပါ။ ကျွန်တော်မျိုးတို့ အချင်းချင်း တိုင်ပင်ပါရစေဦးဘုရား”
ဘုရင်က ရင်တမမနဲ့ပဲ ပြန်သွားတယ်။ ခုနက ဒီကောင်လေး ပြုံးလိုက်တာ သေချာပါတယ်။
ဒီကောင်လေး အပြုံးကို ငါ သိပါတယ်။
အင်းလေ... ငါ လက်သပ်မွေးလာတဲ့ ပညာရှိပဲ။ သူ့ကိုပဲ အားကိုးရတော့မှာပဲ။
===========
ဘုရင်ပြန်သွားပြီးတဲ့နောက် မဟောသဓ။
မှူးမတ်ဗိုလ်ပါတွေဘက် လှည့်လိုက်တယ်။
မျက်နှာထားက တင်းမာနေတယ်။
“ဒီတစ်ခါတော့ တော်တော်ထိသွားပြီ၊ သူတို့ဘက်က စပြီး ညစ်ပတ်လို့ ကျွန်တော်က ပြန်ပြီး ညစ်ပတ်ကြတာ၊ အခုတော့ ခြင်းထဲက ကြက်တွေ ဖြစ်ကုန်ပြီ၊ အင်း... ဒီလိုပြောလို့ မဖြစ်ဘူး၊ ရွှေလှောင်အိမ်ထဲက ငှက်တွေ ဖြစ်ကုန်ပြီ”
အားလုံးကို တင်းမာတဲ့ အကြည့်နဲ့ တစ်ဦးချင်း လိုက်ကြည့်တယ်။
“ဒီအချိန်မှာ အားလုံးက တစ်စိတ်တစ်ဝမ်းတည်း ကျောချင်းကပ်ပြီး ညီညွတ်ကြရမယ့် အချိန်ပဲ၊ သစ္စာဖောက်ဆိုတဲ့ အသံကို မကြားချင်ဘူး၊ သစ္စာဖောက်သံ ကြားတာနဲ့ ချက်ချင်း အရေးယူပြီးသားပဲ၊ အားနာလို့ မဖြစ်ဘူး၊ ကြားကြလားဗျ”
တင်းတင်းမာမာနဲ့ ပြောလိုက်တော့ အသက်ကြီးတဲ့ အရာရှိကြီးတွေက မသက်မသာ ဖြစ်ကုန်ကြတယ်။
လူငယ်ပိုင်းတွေကတော့ “ဟုတ်ကဲ့ပါ ကိုယ်တော်လေး”လို့ ဖြေကြပေမယ့် လူကြီးပိုင်းတွေက အသံ မပါဘူး။
“ကြားကြလား၊ အသံတွေ တိုးတယ်”
ငေါက်သံနဲ့ ပြောလိုက်တော့ စိတ်မပါ့တပါအသံတွေ ထွက်လာတယ်။
“ကြားပါတယ် ကိုယ်တော်လေး”
ပြောရင်းနဲ့ ဒေါပွလာဟန် တူတယ်။
“ကေဝဋ် ကေဝဋ်၊ ဒါ ကေဝဋ်အမတ်ကြီးရဲ့ အကြံတွေပဲ၊ ဟင်း...”
“ကေဝဋ်ဆိုရင် ဘယ်ကေဝဋ်မှ မကောင်းဘူး၊ အမတ်ကြီးတွေထဲမှာ ကေဝဋ်နာမည်နဲ့ လူ ပါသေးသလား”
အမတ်ကြီးတစ်ယောက်က ငေါက်ကနဲ ခေါင်းထောင်ကြည့်တယ်။
ပြီးတော့ ကမန်းကတန်းပဲ ပြန်ငုံ့သွားတယ်။
ဒါပေမယ့် မဟောသဓက လှမ်းမြင်လိုက်ပြီးပြီ။
“ဪ... ခင်ဗျားကလည်း ကေဝဋ်ပဲကိုး၊ ခင်ဗျားက ဘာကေဝဋ်တုန်း”
ဟိုက မျက်နှာငယ်လေးနဲ့
“အနုကေဝဋ်ပါ ကိုယ်တော်လေး”
“ဘာကေဝဋ်နေနေ ခင်ဗျားတို့ ကေဝဋ်တွေဟာ ဉာဏ်များလွန်းတယ်၊ ခင်ဗျားရော သစ္စာဖောက်မှာလား”
ဟိုက ကပျာကယာ ခေါင်းခါတယ်။
“ဟာ... ကြံကြီးစည်ရာ ကိုယ်တော်လေးရယ်၊ ကျွန်တော်မျိုးက မိထိလာကို အသက်ပေးပြီး ချစ်တဲ့သူပါ”
မဟောသဓက ဟင့်ခနဲ နှာခေါင်းရှုံ့တယ်။
“လူတိုင်းကတော့ ဒီလိုပြောကြတာပဲ၊ ခင်ဗျားရုပ်ကလည်း ခပ်တန်တန်နဲ့၊ ရုပ်မြင်ရတာနဲ့ စိတ်ဓာတ်ကလည်း မှန်မယ့်အထဲက မဟုတ်ဘူး”
အနုကေဝဋ်အမတ်က မျက်နှာငယ်ငယ်နဲ့ ပြောရှာတယ်။ မျက်နှာငယ်လိုက်ပေမယ့် သူ့ရုပ်ခံကြောင့် သနားစရာတော့ ဖြစ်မသွား။
“ကျွန်တော့ရုပ်က အမေမွေးကတည်းက ခပ်ဆိုးဆိုးဖြစ်နေလို့ပါခင်ဗျာ၊ အထင်မလွဲပါနဲ့”
မဟောသဓ ပြုံးမလို ဖြစ်သွားပေမယ့် မပြုံးဘူး။ ခပ်ကြမ်းကြမ်းပုံစံ ဖမ်းထားတယ်။
“ခင်ဗျား... ဥတ္တရပဉ္စာလ နိုင်ငံကို ရောက်ဖူးသလား”
အနုကေဝဋ်အမတ်ကြီးရဲ့ မျက်နှာ ဖွေးခနဲ ဖြစ်သွားရှာတယ်။
“ဘာ... ဘာဖြစ်လို့လဲ ကိုယ်တော်လေး”
မဟောသဓရဲ့ မျက်နှာ ပိုပြီး တင်းသွားတယ်။
“ကျုပ်ကို ပြန်မမေးပါနဲ့၊ ခင်ဗျား ဥတ္တရပဉ္စာလကို ရောက်ဖူးသလား၊ မရောက်ဖူးဘူးလား၊ ဒါပဲ ဖြေ”
အနုကေဝဋ်အမတ်ကြီး တုန်တုန်ယင်ယင် ဖြစ်လာတယ်။
“ရောက်တော့ ရောက်ဖူးပါတယ် ကိုယ်တော်လေး၊ ဒါပေမယ့်...”
“ဒါပေမယ့်တွေ... ဘာတွေ လုပ်မနေနဲ့၊ ရောက်ဖူးတယ်ဆိုရင် ခင်ဗျားကို မယုံရဘူး၊ ကဲ... မင်းချင်းတွေ”
“ဘုရား”
“အနုကေဝဋ်အမတ်ကြီးကို အကျယ်ချုပ်နဲ့ ခဏထိန်းထားလိုက်စမ်း၊ ငါကိုယ်တိုင် စစ်စရာ ရှိတယ်”
နန်းတွင်းတစ်ခုလုံး အေးစိမ့်သွားတယ်။
အခြေအနေက ဘယ်လိုဖြစ်ကုန်တာပါလိမ့်။
မဟောသဓ ကိုယ်တော်လေး။ ဒေါသပုန် ထနေတယ်။
“ကဲ... အားလုံးကို ပြောမယ်၊ ဒီနိုင်ငံကို မြို့ပြင်ကနေ ပိတ်ထားတယ်၊ ကျုပ် အကြံထုတ်နေတယ်၊ ကျုပ် ခင်ဗျားတို့ကို ကယ်ထုတ်ပေးမယ်၊ ဒါပေမယ့် ခင်ဗျားတို့အထဲက သစ္စာဖောက်ပြီး ပူးပေါင်းမယ့်သူကို ကျုပ် စိုးရိမ်နေတယ်၊ အခု အနုကေဝဋ်ပုဏ္ဏားကို ထိန်းသိမ်းလိုက်တယ်ဆိုတာ အားလုံးကို နမူနာ ပြတာပဲ၊ အတွင်းထောက်လှမ်းရေးကို ထပ်ပြီး စစ်ဆေးမယ်၊ ဟုတ်ရင် အရေးယူမယ်၊ အရင်တုန်းက လုပ်သလိုမျိုးပဲ။ သူလျှိုစစ်ဆင်ရေး လုပ်မယ်၊ သစ္စာဖောက်တွေကိုလည်း ဖမ်းမယ်၊ ဆီးမယ်...
ကျွန်တော့်စကားတွေကို ကြမ်းတယ်လို့တော့ မြင်ကြမှာပဲ၊ ဒါပေမယ့် ပြင်ပရန်သူတွေနဲ့ ရင်ဆိုင်ရာမှာ အတွင်းလူတွေကလည်း သူလျှိုမပါ ဒလန်မပါ သန့်စင်နေမှ ဖြစ်မယ်၊ မလုံလို့ ပေါက်ရင် ကျွန်တော့်တာဝန်ပဲ ဖြစ်မယ်၊ အားလုံး နားလည်ကြပါသလား”
အသက်ကြီးကြီးလူတွေ သက်ပြင်းချကြပါတယ်။ ပြီးတော့ ပြေပြေပြစ်ပြစ် ဖြေကြတယ်။
“နားလည်ပါတယ် ကိုယ်တော်လေး”
အမတ်ကြီးတစ်ဦးက ထပ်ပြီး ပြောပါတယ်။
“ကျွန်တော်တို့ကိုလည်း အားမနာပါနဲ့၊ ခေါ်ပါ၊ စစ်ပါ၊ အသေးစိတ် မေးမြန်းပါ၊ နိုင်ငံ့အတွက် ပူးပေါင်းပါမယ် ကိုယ်တော်လေး၊ အရေးတော်ပုံ အောင်ရမယ့် အရေးဟာ ကိုယ်တော်လေးရဲ့ လက်ထဲမှာပဲ ရှိပါတယ်၊ အားကိုးပါရစေခင်ဗျာ”
“အင်း...”
ဒီစကားကြောင့် မဟောသဓလည်း ကျေနပ်သွားပုံ ရတယ်။
“ကဲ... ဒါဆိုရင် ပြန်လို့ ရပါပြီခင်ဗျ”
========
အနုကေဝဋ်ပုဏ္ဏားကြီးဟာ တစ်ညလုံး အချုပ်ခံရပြီး နောက်တစ်နေ့မှာ ပြန်လွတ်လာတယ်။
နန်းတွင်းကို ပုံမှန်အတိုင်းပဲ အခစားဝင်ပေမယ့် မျက်တွင်းတွေ ညိုနေတယ်။
သူ့မိတ်ဆွေ မှူးမတ်တွေက သူ့ကို မေးမြန်းစုံစမ်းချင်ကြပေမယ့် ဘာမှန်းမသိတော့ ဟန့်နေကြတယ်။
မနေနိုင်တဲ့ လူကြီးတချို့ကတော့ အနားကပ်လာပြီး စုံစမ်းကြတယ်။
“ဘာတဲ့လဲဗျ”
“စောင့်ကြည့်ဦးမယ်တဲ့ဗျာ”
အနုကေဝဋ်က မကျေမနပ် မပွင့်တပွင့်နဲ့ ပြောတယ်။
သူ့စကား ကြားလိုက်ရတော့ အမတ်ကြီးတွေလည်း တွန့်ကုန်ကြတယ်။
ညီလာခံမှာ အနုကေဝဋ်နဲ့ ခပ်ခွါခွါ နေကြတယ်။
ညီလာခံပြီးတော့ အနုကေဝဋ်က အနေခက်လာဟန် တူတယ်။ တခြားအမတ်ကြီးတွေနဲ့ စကားလိုက်ပြောတယ်။ သူက လာပြောတာဆိုတော့လည်း ငြင်းမကောင်းတော့ စကား ပြန်ပြောကြရတယ်။
“ကျွန်တော်က ဘာအပြစ်ရှိလို့တုန်းဗျာ၊ ခင်ဗျားတို့က ရှောင်ဖယ် ရှောင်ဖယ်နဲ့”
အမတ်ကြီးတွေက ခပ်အမ်းအမ်း။
“မဟုတ်ပါဘူးဗျာ၊ ခင်ဗျာ့စိတ်ထဲ မထားပါနဲ့”
အနုကေဝဋ်က ဘဝင်မကျဘူး။
“မဟုတ်သေးပါဘူးဗျာ၊ ခင်ဗျားတို့ရော ကိုယ်တော်လေးရော မဟုတ်သေးဘူး၊ ကိုယ်တော်လေးကလည်း ကျုပ်ကို အသားလွတ်ကြီး ရန်ရှာတယ်၊ ခင်ဗျားတို့ကလည်း...”
အမတ်ကြီးတစ်ယောက်က လှမ်းဟန့်တယ်။
“ရှူး... ခင်ဗျားက အသာနေလေဗျာ၊ ရက်ပိုင်းအတွင်းတော့ လူတွေက ခင်ဗျားကို ဟန့်နေဦးမှာပေါ့၊ ခင်ဗျားကလည်း အနေတတ်မှပေါ့၊ ကိုယ်တော်လေးကို မကောင်းကြောင်းပြောရင် ခင်ဗျားပဲ နစ်နာမယ့်ဥစ္စာ”
အနုကေဝဋ်အမတ် ငြိမ်သွားတယ်။ ဒါပေမယ့် တစ်ခွန်းတော့ ပြောမိအောင် ပြောလိုက်သေးတယ်။
“ဒါပေမယ့် ဟုတ်တော့ မဟုတ်သေးဘူးဗျာ”
ဒီသတင်းက နန်းတွင်း အမတ်ကြီး အုပ်စုလေးတွေကြားမှာ ဆွေးနွေးစရာ ဖြစ်လာတယ်။
ကျန်တဲ့ မှူးမတ်တွေလည်း ခေါ်အစစ်ခံရတယ် ဆိုပေမယ့် သူတို့ကိုကျတော့ မဟောသဓက ချက်ချင်းလိုပဲ ပြန်လွှတ်တယ်။ ပြီးတော့လည်း ပြုံးပြုံးရွှင်ရွှင်ပဲ။ အနုကေဝဋ်အမတ်ကိုကျတော့ ကိုယ်တော်လေးက မြင်တိုင်းမှာ မျက်နှာထား တင်းတင်းသွားတယ်။
လူတစ်ယောက်တောင် အစောင့်လွှတ်ထားတယ်လို့ သိရတယ်။
ကိုယ်တော်လေးကတော့ အမှားနည်းတယ်။ မှားချင်းမှားရင် ကိုယ်တော်လေးရဲ့ အမှားထက် အနုကေဝဋ်ရဲ့ အမှား ဖြစ်နိုင်တယ်။
အားလုံးဟာ အနုကေဝဋ်အမတ်ကို ရှောင်ဖယ် ရှောင်ဖယ် လုပ်လာကြတယ်။
အပယ်ခံရတဲ့ ဝေဒနာ။
အနုကေဝဋ်အမတ်။
တဖြည်းဖြည်းနဲ့ အထီးကျန် ဆန်လာတော့တယ်။
တစ်ခုသော နံနက်ခင်း။
နန်းတွင်းညီလာခံမှာ။
ဘုရင် ပြန်ကြွသွားအပြီး။
အနုကေဝဋ်အမတ်က မဟောသဓကို စိန်ခေါ်ပါတော့တယ်။
“ကဲ... ကိုယ်တော်လေး၊ ကျွန်တော်မျိုး သည်းမခံနိုင်တော့ဘူး”
လေသံက တုန်ယင်ပြီး ခါနေတယ်။
“ကိုယ်တော်လေး ကျွန်တော်မျိုးကို ဘာမကြိုက်ဘူးလဲ၊ ပြော”
မဟောသဓကလည်း ခပ်စိန်းစိန်း အေးစက်စက် ကြည့်ရင်း ပြန်မေးတယ်။
“ခင်ဗျားကို ဘာကြိုက်စေချင်တာလဲ၊ ခင်ဗျားလည်း ပြော”
နောက်။
ရန်ပွဲတွေ ဖြစ်ကြတယ်။
အနုကေဝဋ်အမတ်က အော်တယ်။ ဟစ်တယ်။
မဟောသဓကလည်း ပြန်ပြီး ငေါက်တယ်။ ငမ်းတယ်။
နောက်ဆုံး သံသယပြစ်မှုတွေကို တစ်ခုချင်း ထုတ်ပြောတယ်။
အချက်အလက်တွေ, မှတ်တမ်းတွေနဲ့ သစ္စာဖောက် ဖြစ်နိုင်ကြောင်း အဆိုတင်တယ်။
အနုကေဝဋ်ကလည်း စွပ်စွဲချက်မျှသာ ဖြစ်ကြောင်း ပြောတယ်။
ထင်မြင်ချက်မျှသာ ဖြစ်ပြီး တိကျခိုင်မာတဲ့ အချက်အလက် မပါကြောင်း ချေပတယ်။
နန်းတော်တစ်ခုလုံး အသက်ရှူရပ်ပြီး ငေးကြည့်နေမိကြ။
အနုကေဝဋ်နဲ့ မဟောသဓက ဒေါသတွေ ချောင်းချောင်းထပြီး အသက်ရှူနှုန်းတွေ မြန်နေကြတယ်။
မဟောသဓ။
“ကဲ... ခင်ဗျားနဲ့ ပြိုင်ပြောရတာ ကျုပ်မောတယ်၊ နန်းတော်တစ်ခုလုံးမှာ အားလုံးနဲ့ ကျုပ် အဆင်ပြေတယ်၊ ခင်ဗျားတစ်ယောက်နဲ့ပဲ အဆင်မပြေတာ”
အနုကေဝဋ်ကလည်း ပြန်ပက်တယ်။
“ကျွန်တော်လည်း အားလုံးနဲ့ အဆင်ပြေပါတယ်ခင်ဗျ၊ ကိုယ်တော်လေးနဲ့ပဲ အဆင်မပြေတာပါ၊ ပြီးတော့ ကိုယ်တော်လေးကပဲ ပြဿနာ ရှာနေတာ”
မဟောသဓ။ ပြန်မပြောဘူး။ စိုက်ကြည့်နေတယ်။
စကားတစ်ခွန်းမှ မပြောဘဲ အေးစက်စက် စိုက်ကြည့်နေတယ်။
အားလုံးရဲ့ ရင်ထဲမှာ အသက်ရှူကြပ်လာသလို ခံစားကြရတယ်။
အနုကေဝဋ်အမတ်ကြီးကလည်း ဒေါသထွက်လို့သာ ပြောမိတယ်။
အခုလို စူးစိုက်ကြည့်နေတော့လည်း လန့်လာတယ်။
“ခင်ဗျားကို သေဒဏ် မပေးဘူး”
နန်းတော်တစ်ခုလုံး ပြာခနဲ ဖြစ်သွားတယ်။
သူတို့ ဘာကြားလိုက်ရပါလိမ့်။
“ဒါပေမယ့်... ခင်ဗျားကို သစ္စာဖောက်လို့ သတ်မှတ်လိုက်တယ်၊ ပြည်နှင်ဒဏ် ပေးရလိမ့်မယ်”
အနုကေဝဋ်အမတ်ကြီး တုန်တုန်ခိုက်ခိုက် ဖြစ်လာတယ်။
“ကိုယ်တော်လေး... ကိုယ်တော်လေး...”
မဟောသဓ။
“ရဲမက်တွေ လာကြစမ်း”
ရဲမက်တွေ ပြေးလာတယ်။
“အနုကေဝဋ်ကို ရာထူးချ၊ ဖမ်း၊ ကြိုးတုတ်၊ ရိုက်နှက်ပြီး မြို့ကို လှည့်ပြရမယ်၊ သစ္စာဖောက်ကို ဘယ်လို အရေးယူတယ်ဆိုတာ မြို့သူ မြို့သားတွေကို ပြရမယ်၊ ပြီးတာနဲ့ အနောက်တံခါးကနေ မြို့ပြင်ကို နှင်လိုက်တော့”
“မှန်ပါဘုရား”
“နေဦး၊ မေ့တော့မလို့၊ ရာဇဝတ်သားဆိုတော့ ခေါင်းတုံး ရိပ်လိုက်၊ သစ္စာဖောက်ဆိုတော့ နဖူးမှာ မျိုးဖျက်-ဆိုတဲ့ စာတစ်ခု ထွင်းလိုက်”
အားလုံး ဆွံ့အ ကုန်တယ်။ ကျောပြင်မှာ ချွေးဒီးဒီးယိုကြလျက်။
“ကိုယ်တော်လေး.. မတရားမလုပ်နဲ့လေဗျာ၊ ကိုယ်တော်လေး... ကိုယ်တော်လေး... သနားပါဦးဗျာ...”
ငယ်သံပါအောင် အော်ဟစ်ရင်း အနုကေဝဋ်အမတ် ဒရွတ်တိုက် ပါသွားပါတော့တယ်။
မြို့ထဲမှာတော့ စိတ်မချမ်းသာစရာကြီး။
အနုကေဝဋ်အမတ်ဟာ ခေါင်းပြောင်အောင် ရိတ်ပြီး နဖူးမှာ သွေးယိုနေတဲ့ “မျိုးဖျက်” စာကြီးနဲ့အတူ လမ်းတကာမှာ လှည့်ပြခံနေရတယ်။ ကြိမ်ကလည်း ကျောပြင်မှာ တရွှမ်းရွှမ်း ကျနေတယ်။
အနုကေဝဋ်အမတ်ကတော့ နာကျင်ဟန် မပြတော့ပါဘူး။
မျက်နှာမှာ နာကျည်းရိပ်တွေပဲ ဖုံးလွှမ်းနေတော့တယ်။
တစ်မြို့လုံး လှည့်ပြပြီးတဲ့နောက် ညနေစောင်းအချိန်မှာ အနောက်တံခါး သေးသေးလေးကနေ လူတစ်ယောက် ကြိုးတုတ်လျက်သားနဲ့ လိမ့်ထွက်လာတယ်။
ခြေထောက်တစ်ချောင်းက တံခါးအတွင်းထဲ ပြန်ဝင်သွားတယ်။
တံခါးကိုလည်း ဒိုင်းခနဲ ပြန်ပိတ်သွားတယ်။
အနောက်တံခါးနားက စူဠနီဗြဟ္မဒတ်ရဲ့ စစ်သည်တစ်ချို့။
“ဘာလဲဟ၊ ဘာဖြစ်တာလဲ မသိဘူး”
ရာထူးကြီးတဲ့ အကြီးအကဲတစ်ချို့ လာကြည့်ကြတယ်။
ခွေခွေလေး လဲနေတဲ့ လူတစ်ယောက်။
ခြေထောက်နဲ့ လှမ်းတို့ကြည့်ကြတယ်။
“ခင်ဗျားက ဘယ်သူတုန်း”
စကား ပြန်မပြောဘူး။
“သေပြီလား မသိဘူး”
တစ်ပတ်လှည့်ကြည့်ကြတယ်။
“မျက်လုံးကတော့ ပွင့်လို့ပါ”
အချင်းချင်း တိုင်ပင်ကြတယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးကြတယ်။
ဒီလိုနဲ့ အချုပ်ခန်းမှာ ဖမ်းထည့်ထားလိုက်တယ်။
ဒီအကြောင်း ထီးဘုရားကြီးကို သံတော်ဦးတင်ဖို့ အကြီးဆုံး စစ်ဗိုလ်က သူကိုယ်တိုင် မြင်းတစ်စီးနဲ့ ထွက်သွားပါတော့တယ်။
အရေးတကြီးအမိန့်တော်အရ ချက်ချင်းဆိုသလိုပဲ။
စူဠနီဗြဟ္မဒတ်မင်းရဲ့ တဲနန်းရှိရာကို အချုပ်မြင်းလှည်းနဲ့ သယ်ဆောင်သွားခြင်း ခံရပါတော့တယ်။
အချုပ်ထဲမှာ မျက်နှာတစ်ခလုံး တင်းမာပြီး နာကျည်းရိပ်တွေ ပြည့်နေတဲ့ လူတစ်ဦး။
ညနေ နေဝင်ရိုးရီ။
မြင်းခွါသံတွေက တခွပ်ခွက်။
ဖုံလုံးကြီးတွေက တလိမ့်လိမ့်။
သူတို့ရဲ့ နောက်မှာတော့ ရွှေလှောင်အိမ်သဖွယ် ပိတ်ဆို့ခံထားရတဲ့ မိထိလာမြို့ကြီး။
ရွှေလှောင်အိမ်ထဲက အပြင်ထွက်ခွင့်မရတဲ့ မြို့သူမြို့သားများ။
အားလုံးရဲ့ လွတ်လမ်းမျှော်လင့်ချက်ဟာ မဟောသဓအပေါ်မှာ မှီလျက် တည်လျက်။
(၂၁)
“သူလျှိုလား, သစ္စာဖောက်လား”
မှောင်ရီပျိုးချိန်မှာ အချုပ်သားဟာ တဲနန်းသစ်တပ်ရဲ့ မလှမ်းမကမ်းက အချုပ်ခန်းထဲကို ရောက်လာတယ်။
ကေဝဋ်အမတ်ကြီးက အချုပ်ခန်းထဲကို လှမ်းပြီး အကဲခတ်တယ်။
ကျောစုတ်နေတဲ့ အင်္ကျီ, ကြိမ်ရာတွေ အရှိုးအရှိုးထင်ပြီး အရေပြားစုတ်နေတဲ့ ကျောပြင်။
နဖူးက မျိုးဖျက်-ဆိုတဲ့ စာသား, ခက်ထန်နေတဲ့ မျက်နှာဟန်မူ။
“ပြောပါဦး ခင်ဗျားနာမည်”
မပြောဘူး။
ကေဝဋ်အမတ်ကြီး အတန်ကြာ ကြည့်နေတယ်။
အချုပ်သားက မလှုပ်ဘူး။
ကေဝဋ်အမတ်ကြီး နောက်ကို လှမ်းပြောလိုက်တယ်။
“ရေယူခဲ့ပါဦးဟေ့”
ရေတဗူး ရောက်လာတယ်။
“တိုက်လိုက်”
အဲသည်တော့မှ လှုပ်စစ ဖြစ်လာတယ်။
ရေကို ဖြေးဖြေးသောက်တယ်။
ကေဝဋ်အမတ်ကြီး ထပ်ပြီး အမိန့်ပေးလိုက်ပြန်တယ်။
“စားစရာ ပြင်လိုက်ပါဦး
အဲဒီတော့မှ အသံထွက်လာတယ်။
“ကျုပ် မဆာဘူး၊ စားလည်း ဝင်မှာ မဟုတ်ဘူး”
ကေဝဋ်အမတ်ကြီး ခေါင်းတစ်ချက်ညိတ်လိုက်တယ်။
“အင်း... စကားပြောလို့ ရပြီထင်တယ်၊ ခင်ဗျား နာမည်ပြောပါဦး”
စကား မပြန်ဘူး။ ငြိမ်နေတယ်။
ကေဝဋ်အမတ်ကြီး အတော်ကြာအောင် သည်းညည်းခံပြီး စောင့်နေလိုက်ရတယ်။
စိတ်မရှည်နိုင်တော့ဘူးဆိုမှ အသံထွက်လာတယ်။ အသံထဲမှာ နာကျည်းချက်တွေ ပါတယ်။
“ကျုပ်ကို ရာဇဝတ်သားတဲ့၊ မျိုးဖျက်တဲ့၊ သစ္စာဖောက်တဲ့”
အသံက တစ်ခွန်းချင်း။
ကေဝဋ်အမတ်ကြီး ဆတ်ခနဲ ဖြစ်သွားတယ်။
“ဘယ်သူကလဲ”
ခုနကအတိုင်း အတန်ကြာအောင် တိတ်ဆိတ်သွားပြန်တယ်။
ကေဝဋ်ပုဏ္ဏားကြီး စိတ်မရှည်သက်ပြင်း မချမိအောင် မနည်းကြိုးစားနေရတယ်။
အတော်ကြာတော့ ခါးခါးသီးသီးနဲ့ ပြောလိုက်သံ ထွက်လာတယ်။
“ခွေးမသား...”
အသံတွေက ခါလာတယ်။
“မဟောသဓ-ဆိုတဲ့ကောင်ပေါ့”
ကေဝဋ်အမတ်ကြီး နားရွက်ထောင်ခနဲ ဖြစ်သွားတယ်။
ဒါ သတင်းထူးပဲ။
မဟောသဓ။
မင်း ဘာကြံတာလဲ? ဒါက ဘာသဘောလဲ?
ဒီကောင်က သစ္စာဖောက်လား? သူလျှိုလား?
==========
အရေးတကြီးပဲ မင်းပေါင်းစုံ အစည်းအဝေး ထိုင်ကြ။
မီးတုတ်တွေကြောင့် တဲနန်းခန်းမကြီးက ထိန်ထိန်လင်းနေတယ်။
ကေဝဋ်အမတ်ကြီး ဇာမချဲ့ဘူး။ အတိုချုံး လျှောက်တယ်။
“ကနေ့ မြို့ထဲက လူတစ်ယောက်ကို ကြိုးတုပ်ပြီး နှင်လိုက်ပါတယ်ဘုရား၊ နားထောင်ရသလောက် ရာထူးရာခံထဲက ဖြစ်ဟန် တူတယ်”
စူဠနီဗြဟ္မဒတ်မင်း ဆတ်ခနဲ ဖြစ်သွားပြီး မျက်လုံးမှာ စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။
“အင်း... သူက ဘာပြောလိုက်သလဲ”
အမတ်ကြီးက ခေါင်းခါပြတယ်။
“ဘာမှ မပြောသေးပါဘူးဘုရား၊ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာ သစ္စာဖောက်လား သူလျှိုလား? မခွဲတတ်လို့ အရှင်မင်းကြီးတို့နဲ့ တိုင်ပင်တာပါဘုရား”
ဘုရင်တစ်ပါးက မေးတယ်။
“ဘာဆိုလိုတာတုန်း အမတ်ကြီးရဲ့”
ပုဏ္ဏားကြီးက ဘယ်လိုပြောရမလဲ-ဆိုတာ စဉ်းစားတယ်။ ပြီးမှ
“ဆိုလိုတာက ကျွန်တော်မျိုးတို့က အတွင်းသတင်း လုံးဝ မသိရဘူးဘုရား၊ ဖြစ်နိုင်ရင် အတွင်းလူတစ်ယောက် လိုချင်နေတယ်၊ ဒီအချက်ကို နင်းပြီး မဟောသဓက ပြည်နှင်ဒဏ်ပေးသယောင်နဲ့ သူ့လူတစ်ယောက် လွှတ်လိုက်တယ်၊ ဒါမျိုး ဖြစ်နိုင်ပါတယ်၊ ပြီးတော့ တကယ့်ကို သစ္စာဖောက်မို့လို့, သေဒဏ်စီရင်ရင်လည်း မြို့တွင်းရေး မကျေနပ်မှုတွေ ဖြစ်မစိုးလို့ ပြည်နှင်ဒဏ်ပေးရုံပဲ ပေးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ဒုတိယတစ်ခုဆိုရင်တော့ ဝမ်းသာစရာပါပဲ၊ သို့သော်လည်း ကျွန်တော်မျိုးအနေနဲ့ ပထမတစ်မျိုး ဖြစ်လိမ့်မယ်လို့ပဲ ထင်နေပါတယ်၊ အဲဒါ ခပ်စောစောပဲ သုတ်သင်ထားလိုက်ရ ကောင်းမလား-လို့ စဉ်းစားပါတယ်ဘုရား”
“အင်း...”
ဘုရင်တွေ စဉ်းစားခန်း ဝင်သွားကြတယ်။
ပထမဆုံး စူဠနီဗြဟ္မဒတ်။
“ချက်ချင်း အန္တရာယ်ပေးနိုင်လောက်သလား”
ကေဝဋ်ပုဏ္ဏားကြီး။
“ပေးနိုင်မယ်လည်း ပြောမရပေမယ့် မပေးနိုင်ဘူးလည်း မပြောတတ်ပါဘူးဘုရား၊ သူတို့အကြံဉာဏ်ကို မပြောတတ်လေတော့ ဘယ်ပုံဘယ်နည်း အန္တရာယ်ပေးမယ်ဆိုတာ...”
“အာ... အမတ်ကြီးရာ ခင်ဗျားပြောတာက ရှုပ်နေတာပဲ၊ လောလောဆယ် ကြိုးတုတ်ထားတယ်၊ လက်ထိပ်ခြေထိပ် ခတ်ထားတယ်-ဆိုရင် ကျုပ်တို့ကို ဒုက္ခမပေးနိုင်ဘူး၊ ဟုတ်တယ်မဟုတ်လား”
“ဟုတ်ပါတယ်ဘုရား”
“အင်း...”
စူဠနီဗြဟ္မဒတ် စဉ်းစားတယ်။
နံ့သာဆီမီးတိုင်တွေက ယိမ်းနွဲ့နေတယ်။ မင်းပေါင်းစုံက ငြိမ်သက်နေတယ်။
စူဠနီဗြဟ္မဒတ် လှုပ်လာတယ်။
“အကြည်တော်တို့ရဲ့၊ ကျုပ်အနေနဲ့တော့ ဒီရာဇဝတ်သားနဲ့ စကားပြောကြည့်ချင်သေးတယ်ဗျာ၊ ပြီးမှ မဟုတ်ရင်လည်း သုတ်သင်တာပေါ့၊ သူ့စကား နားထောင်ရ အနည်းဆုံးတော့ အပျင်းပြေတာပေါ့ဗျာ၊ မဟုတ်ဘူးလား”
ဘုရင်တွေ ခေါင်းညိမ့်ကြပါတယ်။ ပုဏ္ဏားကြီးကလည်း ထောက်ခံစကား ပြောတယ်။
“မှန်ပါ၊ သင့်မြတ်ပါတယ်ဘုရား”
============
ထီးဆောင်းမင်းတွေက တရားခံကို ဝိုင်းပြီး အကဲခတ်နေကြတယ်။ အသက်အရွယ်အားဖြင့် လူကြီးပိုင်း ဝင်စ,ထဲကပဲ။ ရုပ်ကတော့ ခပ်တန်တန်ထဲက။ မျက်နှာကလည်း အသက်မပါသလိုလို။ တခါတခါမှ နာကျည်းရိပ်တွေ ထွက်လာတယ်။
ကေဝဋ်အမတ်ကြီးက လှမ်းခေါ်တယ်။
“ကဲ... ရာဇဝတ်သား၊ အင်း... ရာဇဝတ်သားဆိုတာထက် နာမည်ကို ဘယ်လိုခေါ်သလဲကွယ့်”
မလှုပ်ပြန်ဘူး။ ကေဝဋ်အမတ်ကြီး စိတ်ပျက်လက်ပျက်နဲ့ စောင့်ဆိုင်းရပြန်တယ်။
ဘယ်လိုမှ မစောင့်နိုင်တော့တဲ့ အဆုံး ငေါက်သံနဲ့ ပြောလိုက်တယ်။
“ဟဲ့... ရာဇဝတ်သား၊ နင် ဘယ်ကို ရောက်နေတယ် ထင်သတုန်း၊ ဒီမှာ ပြည့်ရှင်မင်းတွေရဲ့ ရှေ့ကို ရောက်နေတာဟဲ့”
ဆိုတော့မှ မျက်လုံးတွေက အသက်ဝင်လာတယ်။ နှုတ်ခမ်းတွေက တွန့်လာပြီး မဲ့ပြုံးပြုံးလိုက်တယ်။ ဘုရင်တွေကို သာမန်အားဖြင့် တစ်ချက် ဝေ့ကြည့်တယ်။
“အဲဒီတော့ ကျုပ်က ဘာလုပ်ရမှာတုန်း”
မင်းပရိသတ်က အောင့်သက်သက် ဖြစ်သွားကြတယ်။
“ဟ... ဘာဖြစ်ရမှာတုန်း၊ မင်းကို ပေးချင်တဲ့ ဆု ပေးလို့ရတယ်၊ ပေးချင်တဲ့ ဒဏ် ပေးလို့ရတယ်”
ရာဇဝတ်သားက မထီမဲ့မြင် ပြုံးလိုက်တယ်။
“ဒါဆိုရင် ကျုပ်ကို မြို့ထဲ ပြန်သွင်းပြီး အမတ်ဖြစ်အောင် ပြန်လုပ်ပေး”
ကေဝဋ်အမတ်ကြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။
ဘုရင်တွေကတော့ အချင်းချင်း လှည့်ကြည့်မိကြတယ်။
အမတ်ဆိုပါလား။
ခေါင်းလည်း အချင်းချင်း ညိတ်ပြကြတယ်။ ပြီးတော့ ပြန်လှည့်ကြည့်။
ခဏနေတော့ ကေဝဋ်ပုဏ္ဏားကြီးက ခပ်တည်တည်နဲ့
“အင်း... ပြန်လုပ်ပေးမယ်”
ရာဇဝတ်သားရဲ့ မျက်ခုံး ပင့်သွားတယ်။
“ဘာ... ခင်ဗျားက ပြန်လုပ်ပေးမယ်၊ ဟုတ်လား၊ ခင်ဗျားက ဘာပြန်လုပ်ပေးမှာလဲ”
ကေဝဋ်ပုဏ္ဏားကြီး ကျေနပ်သွားတယ်။ ဒီကောင် စကားတစ်ခွန်း ပြောဖို့အရေး စောင့်လိုက်ရတာ။ အခုမှပဲ စကားခွန်းရေ များတော့တယ်။
“ဟ... ဒီမှာရှိနေတဲ့ မင်းတွေက တစ်ကမ္ဘာလုံးရဲ့ ထီးဆောင်းမင်းတွေလေ၊ မလုပ်နိုင်တာ ဘာမှ မရှိဘူး၊ မင်းကို မြို့ထဲသွင်းပြီး အမတ်ဖြစ်အောင် လုပ်နိုင်ရုံမက ဘုရင်ဖြစ်အောင်တောင် လုပ်ပေးလို့ ရသေးတယ်”
ရာဇဝတ်သားက တဟားဟား ထရယ်ပြီး တုန့်ခနဲ ရပ်သွားတယ်။
“တော်စမ်းပါဗျာ၊ စိတ်ညစ်ရတဲ့အထဲ ခင်ဗျားတို့က တစ်မျိုး၊ အထဲမဝင်နိုင်လို့ မြို့ပြင်မှာ အသာဝိုင်းထားကြရတာ မဟုတ်လား၊ ဘာထီးဆောင်းမင်းလဲ? ဘာ ကမ္ဘာ့ဘုရင်တွေလဲ? ခင်ဗျားတို့ လုပ်ချင်ရင် ကျုပ်ကို လွှတ်ပေး၊ ကျုပ် ဒီကနေ ထွက်သွားချင်တယ်”
ကေဝဋ်က နားထောင်နေတယ်။ ခဏနေတော့ ထပ်မေးတယ်။
“ဘယ်ကို သွားမှာလဲ”
“ကျုပ်သွားချင်ရာ သွားမှာပေါ့၊ ခင်ဗျားနဲ့ ဘာဆိုင်တုန်း”
ကေဝဋ်က အေးအေးဆေးဆေး လှမ်းလျှောက်တယ်။ ပြီးတော့ မလှမ်းမကမ်းမှာ ရပ်ပြီး တရားခံဘက်ကို လှည့်ပြောတယ်။
“မင်းမိသားစုဆီကို ပြန်မလို့လား”
တရားခံရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ။
“မင်းမှာ မိသားစု မရှိတော့ဘူးလေ၊ နိုင်ငံလည်း မရှိတော့ဘူး၊ မင်းနိုင်ငံကလည်း လက်မခံတော့ဘူး၊ တစ်ခြားနိုင်ငံတွေကလည်း မင်းနဲ့ ရန်သူ အရင်းခေါက်ခေါက်တွေ၊ ဒီတော့ မင်းမှာ သွားစရာ နေရာ မရှိဘူး”
တရားခံက တွေခနဲ ဖြစ်သွားတယ်။ ဘာမှ မပြောနိုင်ဘူး။
“ဒီတော့ မင်းအတွက် ဘာမှ မထူးတော့ဘူး၊ ဒါပေမယ့် ငါတို့အတွက် ထူးနေတယ်၊ မင်းဆီက ငါတို့သိချင်တာတွေ မေးချင်တယ်”
တရားခံက မဆိုင်တာတွေ ပြောတယ်။
“ကျုပ်ဟာ အစွပ်စွဲခံရတာ၊ တကယ်တော့ တရားခံမဟုတ်ဘူး၊ သစ္စာဖောက်လည်း မဟုတ်ဘူး၊ ကျုပ်တိုင်းပြည်ကို ချစ်တယ်၊ တိုင်းပြည်ကို သစ္စာဖောက်တဲ့ အလုပ်ကို မလုပ်နိုင်ဘူး”
ကေဝဋ်အမတ်ကြီး အသာရပ်ပြီး ကြည့်နေတယ်။
“မင်း သစ္စာဖောက် မဟုတ်ဘူးဆိုတာကို ဘယ်သူ ယုံလို့တုန်း၊ မင်းပြောတာကို ဘယ်သူ နားထောင်ပေးလို့တုန်း၊ တစ်လောကလုံးကို လိုက်ရှာကြည့်၊ မင်းအဖြစ်ကို ကိုယ်ချင်းစာမယ့်သူ, မင်းစကားကို နားထောင်ပေးမယ့်သူ၊ ရှိမယ် ထင်သလား၊ မြို့ထဲမှာတုန်းက မင်းစကားကို နားထောင်ပေးခဲ့ကြလို့လား”
တရားခံရဲ့ မျက်နှာက ဝမ်းနည်းပက်လက် ဖြစ်လာတယ်။ မငြင်းနိုင်တဲ့ပုံ။
ကေဝဋ်အမတ်ကြီးက ဆက်ပြောတယ်။
“မင်း သစ္စာဖောက် မဟုတ်တဲ့အကြောင်းကို ဒီဘုရင်တွေက နားထောင်ပေးလိမ့်မယ်၊ မင်းပြောချင်တာ ပြောလို့ ရတယ်၊ အရေးမပါတာတွေ, အသေးအဖွဲလေးတွေ, စိတ်ဝင်စားစရာ မရှိတာတွေ, ကြိုက်ရာပြော၊ မင်းစကားကို အားလုံးက နားထောင်ပေးကြမှာပဲ”
ဘုရင်တွေက ပုဏ္ဏားကြီးရဲ့ အပြောအဆိုကို ကျေနပ်နေကြတယ်။
ခေါင်းတညိမ့်ညိမ့်။
တရားခံက အတန်ကြာ ငေးနေတယ်။
မလှုပ်ဘူး။
ကေဝဋ်အမတ်ကြီးနဲ့ ဘုရင်တွေကလည်း ငြိမ်ပေးထားကြတယ်။
ခဏနေတော့ တရားခံရဲ့ နှုတ်ခမ်းတွေက တလှုပ်လှုပ် ဖြစ်လာတယ်။
===========
“ဇာတ်လမ်း စ,တာက မြို့တွင်းနဲ့ မြို့ပြင် အသွားအလာ ဖြတ်ပစ်လိုက်တာက စ,တာပဲ၊ ခါတိုင်းတုန်းက မြို့ပြင်ကို အရပ်သား တစ်ယောက်စ, နှစ်ယောက်စ ထွက်လို့ရတယ်၊ အခု လုံးဝ ဖြတ်ပစ်လိုက်တယ်၊ မြို့က လုံးလုံး အကျဉ်းထောင် ဖြစ်သွားတယ်၊ မဟောသဓလည်း ဒေါသပုန် ထသွားတယ်၊ အကုန်ရမ်းတယ်၊ ဝိဒေဟမင်းရဲ့ ဦးခေါင်းကို ဖြတ်မှ မြို့ပြင်ထွက်လို့ ရမယ်ဆိုတော့ စိုးလည်း စိုးရိမ်သွားတယ် ထင်တယ်၊ သစ္စာဖောက် မလိုချင်ဘူး ပြောတယ်၊ နိုင်ငံ့သစ္စာကို မစောင့်သိသူများလို့ သံသယဖြစ်သူများကို စစ်ဆေးမယ်လို့ ပြောတယ်...
(နှုတ်ခမ်းကို လျှာနဲ့ သပ်တယ်၊ ပြီးတော့ ဆက်ပြောတယ်)
“ကျွန်တော်ကလည်း ဥတ္တရပဉ္စာလကို ရောက်ဖူးနေတယ်၊ တိုးတက်တဲ့ နိုင်ငံကြီးဆိုတော့ အဲဒီက လက်ဆောင်ပစ္စည်းလေးတွေကို ဝယ်လာပြီး သုံးကြည့်တယ်၊ ကြိုက်တော့ ကုန်သည်တွေ ရောက်လာတိုင်း တကူးတက ဝယ်တတ် ခြမ်းတတ်တယ်၊ ကုန်သည်တွေနဲ့လည်း ခင်ခင်မင်မင် ရှိတယ်၊ အဲဒါကို မဟောသဓက မယုံပါဘူးဆိုပြီး ကျွန်တော့ကို ခေါ်စစ်တယ်၊ တစ်ညလုံး လှည့်ပတ်ပြီး ထပ်ချည်းတလဲလဲ မေးတယ်၊ အဖြေတွေကိုလည်း မကြိုက်သေးဘူးချည်းပဲ ပြောတယ်၊ ကျုပ်ကြိုက်အောင် ပြောတဲ့၊ ကိုယ်တော်လေး ကြိုက်အောင် ပြောရရင် ကိုယ့်ကိုယ်ကိုယ် တရားခံဖြစ်အောင် ပြောရတော့မှာပေါ့-လို့ ပြောတယ်...
(နှုတ်ခမ်းကို သပ်ပြန်တယ်၊ ဒီတစ်ခါတော့ ကေဝဋ်ပုဏ္ဏားက မျက်ရိပ်ပြလိုက်တယ်၊ အစောင့်တစ်ယောက်က ရေဗူးကို ယူပြီး နည်းနည်း တိုက်တယ်)
“တစ်ညလုံး စစ်ပေမယ့် သက်သေ မပြနိုင်ဘူး၊ ဒါနဲ့ပဲ ပြန်လွှတ်လိုက်တယ်၊ ဒါပေမယ့် အစောင့်တစ်ယောက် ထားပြီး စောင့်ကြည့်နေတယ်၊ အိမ်ကို ရဲမက်တွေ လွှတ်ပြီး ပစ္စည်းတွေ အရှာခိုင်းတယ်၊ သက်သေ သကာယ ဘာမှ မတွေ့ပေမယ့် ဥတ္တရပဉ္စာလနိုင်ငံထွက် ပစ္စည်းတွေကို တွေ့ရတဲ့အတွက် ကျေနပ်ဟန် မတူဘူး၊ ဒီလိုနဲ့ နန်းတွင်းထဲမှာ မျက်နှာသာ မပေးဘူး၊ တခြားအမတ်တွေကလည်း ရှောင်ဖယ်ဖယ် လုပ်လာကြတယ်၊ နောက်ဆုံး သည်းမခံနိုင်တာနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ရန်တွေ့လိုက်တာ၊ တရားခံ လုံးလုံး ဖြစ်သွားတာပဲ”
စကားရှည်ကြီး ဆုံးသွားတယ်။
ဘုရင်တွေကလည်း သက်ပြင်းကိုယ်စီ ချလိုက်မိကြတယ်။
“မိထိလာပြည်ကို ဒီကောင်မှ ချစ်တတ်တာ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးလည်း ချစ်တတ်ပါတယ်၊ အပြင်ဘက်က မင်းတွေ... အင်း... အခု ထီးဆောင်းမင်းတွေကို သူတစ်ယောက်တည်းနဲ့ တုန့်ထားတာကိုလည်း အထင်ကြီးပါတယ်၊ ဒါပေမယ့် ကျုပ်တို့လို အမတ်ကြီးတွေက မဝန်းရံဘူးဆိုရင်လည်း သူတစ်ယောက်တည်းနဲ့ လုပ်နိုင်မယ်ထင်လို့လား၊ ဘယ်လုပ်နိုင်မလဲ၊ ဒီကောင်က ညီညွတ်မှုဆိုတာကို အသိအမှတ် မပြုဘူး၊ ဝန်းရံတဲ့သူတွေကို မေ့တယ်၊ သူ ဘဝင်မကျတာနဲ့ ကန်ထုတ်ချင်တယ်၊ သူ့စိတ်နဲ့သူ ဆုံးဖြတ်ချင်တယ်၊ အဲဒီတော့ ဘာဖြစ်သလဲ”
မျက်နှာက ရှုံ့မဲ့လာတယ်။ ပြီးတော့ ထရယ်တယ်။
“ဟား... ဟား... ဟား.... ဟား... ကျွန်တော် ခွေးဖြစ်တာပေါ့ဗျာ၊ ကျွန်တော် ခွေးဖြစ်တာပေါ့”
ကေဝဋ်အမတ်ကြီးကလည်း တဟားဟားနဲ့ ရယ်ပါတော့တယ်။
“ဟား... ဟား... ဟား... ဟား... နားထောင်လို့ ကောင်းလိုက်တာကွာ၊ မဟောသဓ လွှတ်လိုက်တဲ့လူက ဘယ်ဆိုးလို့တုန်း၊ စကားပြောကောင်းသားပဲ၊ ဟင်...”
တရားခံက ငြိမ်ခနဲ ဖြစ်သွားပြီး ပါးစပ်အဟောင်းသားနဲ့ မော့ကြည့်နေတယ်။
“မဟောသဓ တော်ပါပေတယ်၊ သစ္စာဖောက်ယောင် ဆောင်ထားတဲ့ သူလျှိုတစ်ယောက် လွှတ်လိုက်တယ်၊ ကြိုတင်ပြီး ဇာတ်တိုက်ထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်တောင် ပါသေးတယ်၊ အင်း... ကျေးဇူးပါပဲ ငါ့ကောင်ရေ၊ မင်းပုံပြင်က တော်တော်လေးတော့ အပျင်းပြေသားပဲ”
“ဟင်...”
(၂၂)
“စစ်ဆင်ရေး”
ကေဝဋ်အမတ်ကြီးက ခပ်မိန့်မိန့်ပြုံးပြီး ကြည့်နေတယ်။
ပြောစမ်း, မင်း သူလျှိုမဟုတ်ကြောင်း။
အနုကေဝဋ်။
ကြောင်ပြီး ကြည့်နေရာက နားလည်အောင် ကြိုးစားနေပုံ ရတယ်။
ခဏနေမှ ခေါင်းကို ညိမ့်လိုက်ပြီး
“ဪ... ကေဝဋ်အမတ်ကြီးက သူလျှိုလို့ ထင်တာကိုး၊ ကောင်းပါပြီဗျား၊ ကျွန်တော့်မှာ ဆက်ပြောစရာ မရှိတော့ပါဘူး”
တခါတည်း နှုတ်ပိတ်ပြီး ငုတ်တုတ်ကြီး ထိုင်နေတော့တယ်။
ကေဝဋ်ပုဏ္ဏားကြီး အကြပ်ကျသွားခဲ့။
ရှင်ဘုရင်တွေနဲ့ ကေဝဋ်ပုဏ္ဏားကြီးဟာ ဘာထူးမလဲ-ထိုင်စောင့်နေကြသေးတယ်။
မထူးတာနဲ့ မျက်ရိပ်ပြပြီး အချုပ်ခန်းထဲ ပြန်သွင်းလိုက်ကြတယ်။
အချင်းချင်း တိုင်ပင်ကြတယ်။
လွှတ်မလား? သတ်မလား?
“ဟ... ဘယ်သတ်လို့ ဖြစ်မလဲ အမတ်ကြီးရဲ့”
ဒါက စူဠနီဗြဟ္မဒတ်။
အားလုံး အပြင်းအထန် ငြင်းခုံကြအပြီး နောက်ဆုံး စမ်းသပ်ချက်သဘောနဲ့ အချုပ်ထဲက လွှတ်လိုက်ကြတယ်။
အနုကေဝဋ်။
နောက်တစ်နေ့ မနက်ခင်းမှာ စစ်စခန်းကြီးနဲ့ မိထိလာမြို့ကို ကျောပေးပြီး တရွေ့ချင်း ထွက်ခွါသွားတော့တယ်။
ညနေစောင်းချိန်မှာတော့ ရထားလုံးတစ်စီးက အပြင်းမောင်းနှင်လာပြီး အနုကေဝဋ်အနားမှာ ရပ်တယ်။
အနုကေဝဋ်ကို ကောက်တင်ပြီး စစ်စခန်းရှိရာကို ပြန်သွားပါတော့တယ်။
--------
“မပြီးသေးဘူးလားဗျ”
အနုကေဝဋ်ပုဏ္ဏားက စိတ်ပျက်လက်ပျက်။
စူဠနီဗြဟ္မဒတ်က ကိုယ်တိုင်မိန့်တယ်။
“လိုရင်း ပြောမယ်၊ အမတ်ကြီးက မဟောသဓကို ဘာလုပ်ချင်သလဲ”
အနုကေဝဋ်က အံကြိတ်ထားတဲ့ အသံနဲ့ ပြောတယ်။
“ကျောတစ်ရာ ရင်တစ်ရာ ကြိမ်နဲ့ရိုက်, လက်ဖဝါးကို ဖောက်, ကြိုးနဲ့ဆွဲပြီး ထိုင်ကြည့်ချင်တယ်”
“ဟုတ်ပြီ၊ ဖြစ်စေရမယ်၊ ဒါပေမယ့် ရှင်းရှင်းပြောမယ်၊ ကျုပ်တို့ကလည်း အမတ်ကြီးကို မယုံဘူး၊ ဒီတော့ အမြဲတမ်း စောင့်ကြည့်နေမယ်၊ အမတ်ကြီး မမြင်ရတဲ့ အမှောင်ထဲမှာ လေးသည်တော်တစ်ချို့ ရှိနေလိမ့်မယ်၊ တစ်ခုခု မှားတာနဲ့ အသက်ပျောက်ပြီပဲ”
စူဠနီက မေးတယ်။
“ရှင်းလား”
အနုကေဝဋ်က ပြောတယ်။
“အရှင်မင်းကြီး၊ ကျွန်တော့ကို သစ္စာဖောက်ခိုင်းနေတာတော့ မဟုတ်ပါဘူးနော်”
စူဠနီဗြဟ္မဒတ် သက်ပြင်းချတယ်။
“အမတ်ကြီးမှာ သစ္စာရှိစရာ တိုင်းပြည်ရော ရှိရဲ့လား၊ သေချာစဉ်းစားစမ်းပါ”
အနုကေဝဋ်။
ခေါင်းငုံ့ပြီး အတန်ကြာ စဉ်းစားနေတယ်။
“စစ်ပွဲပြီးလို့ ရာထူးကြီးကြီးရှိရင်တော့ ကျွန်တော်မျိုးကို ပြန်ပြီး လက်ခံကြမှာပါနော်”
============
ထီးဖြူဆောင်း ပဒေသရာဇ်မင်းတွေဟာ အနုကေဝဋ်အမတ်ကြီး ပြောလာမှာကို စိတ်ဝင်တစား အာရုံစိုက်နေကြတယ်။
ခပ်နောက်နောက် ဘုရင်တစ်ပါးက တိုးတိုးပြောတယ်။
“ဒီအမတ်ကြီးက အဝတ်အစားတွေ ဆင်လိုက်တော့လည်း...”
စကားဆက်မပြောဘူး။ ဘေးက ဘုရင်က ထောက်ပေးရတယ်။
“ဘာဖြစ်တုန်းဗျ”
“လူမိုက်ရုပ်တော့ အထွက်သားပဲ”
ကြိတ်ရယ်လေး ရယ်လိုက်ကြတယ်။
“အဟမ်း”
ဆိုတော့ ငြိမ်သွားကြ။
ရုပ်ခပ်တန်တန် အမတ်ကြီးဆီက ခပ်ထန်ထန်လေသံ ထွက်လာတယ်။
“အရှင်မင်းကြီးတို့ ကျွန်ုပ်စကားကို နားထောင်ကြပါ၊ ကျွန်တော်မျိုးက လူကြမ်းဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ပြောစရာ အကောင်းအဆိုး နှစ်မျိုး ရှိပါတယ်၊ အကောင်းက ဒီမြို့ပတ်ပတ်လည်မှာ ဆင်ထားတဲ့ ထောင်ချောက်စခန်း (၃) ဆင့် ရှိပါတယ်။ (၁) ဆင့်, (၂) ဆင့်မှာ ရှိတဲ့ ထောင်ချောက်တွေကို ကျွန်တော်မျိုး ကျွမ်းကျွမ်းကျင်ကျင် သိပါတယ်”
“ဟာ”
“ကောင်းလိုက်တာ”
ဟန်မဆောင်နိုင်ဘဲ အာမေဍိတ် ဆင့်လိုက်မိကြတယ်။
“အကောင်းချည်းပဲတော့ မဟုတ်ပါဘူး၊ နောက်ဆုံးအဆင့် ထောင်ချောက်ကို မဟောသဓကိုယ်တိုင် ကြီးကြပ်ပါတယ်၊ ကျွန်ုပ်တို့ သိခွင့်မရှိပါဘူး၊ ဒီတော့ ရှေ့ထောင်ချောက် (၂) ဆင့်ကို ကျွန်ုပ်ကပဲ ဦးစီးပါ့မယ်၊ နောက်ဆုံးတစ်ဆင့်ကိုတော့ ပထမထောင်ချောက်တွေရဲ့ အနေအထား အသွားအလာ နည်းစနစ်တွေကို အကဲခတ်ပြီး အားလုံး တိုင်တိုင်ပင်ပင် ကျော်ဖြတ်ဖို့ ကြိုးစားကြရပါလိမ့်မယ်”
အနုကေဝဋ်အမတ်က အားလုံးကို တစ်ချက် အကဲခတ်တယ်။
“သဘောတူကြပါသလား”
ဘုရင်တွေက ခေါင်းတညိတ်ညိတ်။
စူဠနီဗြဟ္မဒတ်ကတော့ နှုတ်က ထုတ်ပြောတယ်။
“ဒီလိုမှပေါ့၊ သဘောကျတယ်၊ မိထိလာထောင်ချောက်တွေရဲ့ အကြောင်းကို ကောင်းကောင်းကြီး လေ့လာပြီးသား ဖြစ်သွားတာပေါ့၊ ကဲ... ဘယ်အချိန် စ,မလဲဗျ”
“မှန်ပါ, ဉာဏ်ရည်ပြေးတဲ့ စစ်သည်တွေကို တပ်စုစုပြီး ရွေးထုတ်ပေးတော်မူပါဘုရား၊ ကျွန်တော်မျိုးက ထောင်ချောက်သင်္ခန်းစာတွေကို ကောင်းကောင်းကြီး ပို့ချပေးပြီး စစ်ဆင်ရေး စ,ရပါလိမ့်မယ်”
=================
တပ်အသီးသီးက လက်ရွေးစင်တွေ ရွေးထုတ်တယ်။
သီးသန့်တပ်တစ်ခု ပြန်ဖွဲ့တယ်။
ထောင်ချောက်ပညာရပ်တွေ သင်တယ်။ တပ်ဆင်နည်းတွေ၊ ပြန်ဖြုတ်နည်းတွေ။
ဘုရင်တွေက လာကြည့်ကြတယ်။
တရုံးရုံးနဲ့။
မိထိလာထောင်ချောက် သင်ခန်းစာတွေကို ကြည့်ပြီး တဲနန်းကို မပြန်နိုင်ကြဘူး။
ဘေးကနေ စိတ်ဝင်တစားနဲ့ အသေအချာ မှတ်သားကြတယ်။
“နင့်မေကလွှား... ကောင်းလိုက်တဲ့ ထောင်ချောက်တွေပါလား”
================
ရက်တိုသင်တန်းတွေ အပြီးမှာ လက်တွေ့စ,ပြီး ဖြုတ်ကြရတယ်။
ခပ်လှမ်းလှမ်းကနေ စစ်သည်တော်တွေက လူချင်းထပ် ရပ်ပြီး ကြည့်နေကြတယ်။
လက်ရွေးစင်တပ်သားတွေက ပထမအဆင့် ထောင်ချောက်အနားကို ချဉ်းကပ်သွားကြတယ်။
အနုကေဝဋ်အမတ်ကြီးက ထောက်ချောက်တချို့ကို ဖြုတ်ပြတယ်။
သူဖြုတ်သလို ပညာသင်အချို့က လိုက်ဖြုတ်ကြတယ်။
သေသေသပ်သပ် ဖြုတ်နိုင်တဲ့သူတွေမှာ မသိသာပေမယ့် လက်ဆ မသေသပ်တဲ့သူတွေမှာ “အုံး”ခနဲ အသံကျယ်ကြီးနဲ့အတူ လွှင့်စင်သွားတာကိုလည်း မြင်ရတယ်။
“ဟင်”ခနဲ။
“ဟာ”ခနဲ။
ဘာပဲဖြစ်ဖြစ်။
ငြိမ်ပြီး ဝိုင်းနေခဲ့ရလို့ ပျင်းနေကြတဲ့ စစ်သည်တော်တွေမှာ ပွဲကြည့်စရာ ရကုန်ကြတယ်။
တစ်နေကုန် ဖြုတ်လိုက်ပြီးနောက် ပြန်လှည့်လာကြတယ်။
အနုကေဝဋ်အမတ်ကြီး။
နဖူးတွေက ချွေးတွေကို သုတ်ရင်း စူဠနီဗြဟ္မဒတ်ကို သံတော်ဦး တင်လိုက်တယ်။
“ကနေ့တော့ ဒီမျှနဲ့ နားခွင့်ပြုပါဘုရား”
နောက်ကို တစ်ချက် လှည့်ကြည့်ရင်း လက်ယမ်းပြတယ်။
“ဒီလောက် ခရီးပေါက်ရင် မဆိုးဘူးလို့ ပြောရမှာပါ”
စူဠနီဗြဟ္မဒတ်က ပြုံးပြုံးကြီး ကြည့်နေတယ်။
ပြီးတော့ စစ်သည်တော်တွေဘက်ကို လှည့်ပြီး လက်တစ်ချက် မြှောက်ပြလိုက်တယ်။
နှုတ်က ခပ်တိုးတိုးစကားတစ်ခွန်း။
“အနု...”
ဘုရင်အနားက စစ်သည်တော်ကြီးတွေက တညီတညွတ်တည်း ဟစ်အော်ရင်း တိုင်ပေးလိုက်ကြတယ်။
“အနု...”
ဒီအချိန်မှာ စစ်သည်တော်တွေရဲ့ အသံတွေက အားပါးတရ။
“ကေဝဋ်”
“အနု....”
“ကေဝဋ်”
“အနု...”
“ကေဝဋ်”
ဒီအချိန်မှာ ကေဝဋ်အမတ်ကြီး။
ဝမ်းမသာနိုင်ရှာဘူးပေါ့။
“ကေဝဋ်တော့ ကေဝဋ်ပဲ၊ ငါလည်း မဟုတ်ဘူး”
============
နေ့စဉ် နေ့စဉ်။
အထူးတပ်သားတွေကလည်း ကျွမ်းကျင်သည်ထက် ကျွမ်းကျင်လာကြတယ်။
ဘုရင်တွေကလည်း ထောင်ချောက်တွေကို နားလည်လေလေ, ကြောက်လေလေ ဖြစ်လာကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်။
မိထိလာပတ်ပတ်လည်မှာ ဆင်ထားတဲ့ ထောင်ချောက်စခန်းတွေဟာ တဖြည်းဖြည်းချင်း ပျောက်ကွယ်ပြီး ကျဉ်းမြောင်းလာတယ်။
ကျဉ်းမြောင်းလာတာနဲ့အမျှ စစ်သည်တွေရဲ့ စိတ်ဓာတ်တွေကလည်း တက်ကြွလာကြတယ်။
အနုကေဝဋ်အမတ်ကြီးရဲ့ ဂုဏ်သိက္ခာကလည်း တဖြည်းဖြည်း တက်တက်လာတယ်။
ပထမအဆင့် ထောင်ချောက်တွေကို ဖြုတ်ပြီးသွားတဲ့နေ့မှာ ညစာစားပွဲကြီး ကျင်းပပြီး အထူးတပ်သားတွေကို ရာထူးတွေ တိုးပေးလိုက်ကြတယ်။ ဆုတော် လာဘ်တော်များလည်း ချီးမြှင့်ခံကြရတယ်။
အနုကေဝဋ်အမတ်ကြီးကတော့ ကေဝဋ်အမတ်ကြီးနဲ့ တန်းတူ ပညာရှိအမတ်ကြီးရာထူး ချီးမြှင့်ခြင်း ခံလိုက်ရတယ်။
ထောင်ချောက်ဖြုတ်, ထောင်ချောက်ဆင် သင်ခန်းစာတွေကို နားထောင်မှတ်နာပြီးကတည်းက အထင်ကြီး အားကျနေကြတဲ့ ဘုရင်တွေကလည်း အနုကေဝဋ်အမတ်ကြီးနဲ့ စကားပြောချင်လို့ ဝိုင်းဝိုင်းလည်နေကြတယ်။
“အမတ်ကြီးကို တစ်ခွက်လောက် ဂုဏ်ပြုပါရစေဦးခင်ဗျာ”
“ဟာ... ဝမ်းမြောက်ဝမ်းသာပါဘုရား၊ ကျွန်တော်မျိုးကလည်း သေရည်က သိပ်မကြိုက်တတ်ဘူးဆိုတော့...”
“အာ... ဟုတ်ရဲ့လား... အားနာစရာ”
“မှန်ပါ သေရည်ခွက်ကို မျိုမချမိအောင် သတိထားနေရပါတယ်ဘုရား”
“ဟာဗျာ... နောက်တယ်ဗျာ အဟုတ်မှတ်လို့”
တသောသောနဲ့။
အလို... အနုကေဝဋ်အမတ်ကြီးကလည်း ရုပ်ကသာ ခပ်တန်တန်။
စကားပြောက အကောင်းကြီးထဲကပါလား။
ဘုရင် (၁၀) ပါး, (၁၅) ပါးလောက်ကိုတော့ လေနဲ့ အေးအေးဆေးဆေး ဖမ်းထိန်းထားနိုင်တယ်။
စူဠနီဗြဟ္မဒတ်ဟာလည်း ကေဝဋ်အမတ်ကြီးထက် အနုကေဝဋ်အမတ်ကြီးနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ် ဖြစ်လာတယ်။
တခါတလေ နှစ်ပါးသား တဟားဟားနဲ့ ရယ်လိုက်တာကိုတောင် ကြားရတတ်သေးတယ်။
တဖြည်းဖြည်းနဲ့ ကေဝဋ်ပုဏ္ဏားကြီးတောင် ဘေးကို ရောက်မှန်းမသိ ရောက်လာတယ်။
ဒီလိုနဲ့ အနုကေဝဋ်အမတ်ဟာ ဒုတိယထောင်ချောက် စခန်းကိုလည်း ဖြုတ်ပြလိုက်ပြန်တယ်။
မြို့ရိုးနဲ့ တဖြည်းဖြည်း နီးနီးလာတယ်။
စစ်သည်တွေရဲ့ စိတ်က ပိုပိုပြီး တက်ကြွလာတယ်။
ဘုရင်တွေကလည်း ပိုပိုပြီး အားရလာတယ်။
အမတ်ကြီးရဲ့ ဂုဏ်သိက္ခာကလည်း တက်တက်လာတယ်။
တစ်ည။
အပေါ့အပါးသွားရာက ပြန်လာတဲ့ အနုကေဝဋ်အမတ်ကြီး။
လမ်း အမှောင်ရိပ်မှာ စကားပြောသံ ကြားလိုက်ရလို့ ရပ်သွားတယ်။
“ဘယ့်နှယ်လဲ၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တက်တက်လာပါလား”
မလိုတမာသံ။
မှောင်ရိပ်ထဲက ထွက်လာတာက ကေဝဋ်အမတ်ကြီး။
“အလို ကေဝဋ်အမတ်ကြီးပါလား”
အနုကေဝဋ်အမတ်က ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်တယ်။
“ဟင့်”
လှောင်သံ။ အသံထဲမှာ မနှစ်မြို့သံက အထင်းသား။
မလှမ်းမကမ်းက မီးတိုင်တစ်ခုက တဟဲဟဲနဲ့ တောက်လောင်နေတယ်။
ခန္ဓာကိုယ်တစ်ဝက်က အမှောင်ထဲမှာ ရောက်နေတဲ့ ကေဝဋ်အမတ်ကြီး။
အေးစက်စက် မျက်နှာတစ်ခြမ်းနဲ့ ပြောတယ်။
“ပြောရဦးမယ်၊ မင်းကို တခြားဘုရင်တွေက ယုံနေကြပေမယ့် ငါကတော့ လုံးဝ မယုံဘူး”
အနုကေဝဋ်က ကြောင်အမ်းအမ်းနဲ့ ကြည့်နေတယ်။
ကေဝဋ်အမတ်ကြီးရဲ့ မျက်နှာမှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခု။
“မင်းဟာ ထောင်ချောက်စခန်းကြီး နှစ်ခုကို ဖြုတ်ပြလိုက်တယ်ဆိုတာ တခြားလူတွေအတွက်တော့ အထင်ကြီးစရာပဲ၊ ငါကတော့ အထင်မကြီးဘူး၊ ယုံလည်း မယုံဘူး၊ မင်းကို စောင့်ကြည့်နေတယ်...
အဲဒါ... မှတ်ထား”
နောက်ဆုံးတစ်ခွန်းကို နှုတ်ခမ်းစေ့ရင်း ပြောတယ်။
ဒီအချိန်။
“အနုကေဝဋ်အမတ်ကြီးဗျ... အနုကေဝဋ်အမတ်ကြီး”
မင်းချင်းတစ်ယောက်ရဲ့ ခေါ်သံနဲ့အတူ လူကပါ ရောက်လာတယ်။
ရုတ်တရက် ကေဝဋ်အမတ်ကြီး တဟဲဟဲ ဖြစ်သွားတယ်။
“အေး... အေး... ဒီမှာ စကားပြောနေလို့ဟေ့၊ ဘာကိစ္စလဲ”
မင်းချင်းက တစ်ချက်လှမ်းကြည့်ပြီး အရိုအသေ ပြုလိုက်တယ်။
“မှန်လှပါ၊ ဘုရင်ထီးဘုရားကြီးက အခေါ်လွှတ်ပါတယ်ဘုရား၊ သေရည်သောက်ဖို့ပါ-တဲ့”
အနုကေဝဋ်အမတ်က လှမ်းပြောလိုက်တယ်။
“အေး... အေး... လာပြီ”
ပြောရင်း လိုက်သွားတော့မယ့်အပြင် ကေဝဋ်အမတ်ကြီးက လက်ကို လှမ်းပြီး ဆောင့်ဆွဲလိုက်တယ်။
ပြီးတော့ ပခုံးနားမှာ အသာကပ်ပြီး တိုးတိုးပြောတယ်။
“အမှောင်ထဲမှာ လေးသည်တော်တွေ ရှိနေတယ်ဆိုတာ မှတ်ထား”
အနုကေဝဋ်အမတ်ကြီးက နောက်ကို လှည့်လိုက်တယ်။
ကေဝဋ်အမတ်ကြီးရဲ့နားနားကို ကပ်ပြီး တိုးတိုးလေး ပြန်ပြောတယ်။
“ပစ်ရဲလို့လား”
ပြီးတော့ ပြုံးပြုံးကြီး တစ်ချက်ကြည့်ပြီး လက်ကို ဆွဲရုန်းရင်း ထွက်သွားတော့တယ်။
ကေဝဋ်ပုဏ္ဏားကြီးက အမှောင်ထဲမှာ မချင့်မရဲ ဖြစ်ပြီး ကျန်ရစ်ခဲ့လေရဲ့။
(၂၃)
“နောက်ဆုံးစခန်း”
နံနက်။
ကျေးငှက်သံတွေက သာသာယာယာ။
တဲနန်းကြီးအတွင်းက မင်းပေါင်းစုံ အစည်းအဝေး။
အနုကေဝဋ်အမတ်ကြီးက အခမ်းအနားမှူး ဖြစ်နေတယ်။
ကေဝဋ်အမတ်ကြီးက တဲနံရံအစပ်နားမှာ။
မင်းပေါင်းစုံရဲ့ ရှေ့မှာ အနုကေဝဋ်အမတ်ကြီးက လေးနက်တဲ့ အမူအရာနဲ့ တစ်ခုခု လျှောက်တင်မလို့ ပြင်နေတယ်။
ခဏလောက် ချီတုံချတုံ ဖြစ်နေပေမယ့် ပြတ်သားတဲ့ဟန်မူနဲ့ လျှောက်တင်လိုက်တယ်။
“အရှင်မင်းကြီးတို့ ကျွန်ုပ်စကားကို နားထောင်တော်မူကြပါ၊ အခု ထောက်ချောက်နယ်မြေကြီး နှစ်ခုကို ကျော်လွှားခဲ့ပြီးပါပြီ၊ ကျွန်တော်မျိုးရဲ့ အာမခံနိုင်စွမ်းက ကုန်ပါပြီ၊ ရှေ့လာမယ့် နယ်မြေဟာ မဟောသဓရဲ့ လက်စွမ်းပြ နယ်မြေဖြစ်ပါတယ်၊ ကျွန်တော်မျိုး အနေနဲ့ ကြိုးစားပြီး ကျော်လွှားပါ့မယ်၊ ဒါပေမယ့်...”
ဘုရင်တွေကို တစ်ချက်ကြည့်တယ်။ ရုပ်က ကြမ်းသလို အကြည့်ကလည်း မငြင်သာဘူး။
သို့သော် ဘုရင်တွေကလည်း အပြစ်မမြင်ကြဘူး။
“ကျွန်တော်မျိုးအနေနဲ့ အထိအခိုက် အကျအဆုံးကို အာမ မခံနိုင်ပါဘူးဘုရား၊ ဒါ့ကြောင့်...”
လေးနက်အောင် ခဏရပ်လိုက်ပြန်တယ်။
“အရှင်မင်းကြီးတို့အနေနဲ့ အသေအချာ တိုင်ပင်စေချင်ပါတယ်၊ ပြီးတော့ တိုက်ပွဲကို ရှေ့ဆက်တိုးမလား, မတိုးဘူးလား-ဆိုတာကို လက်ဖဝါးထောင်ပြီး မဲများရာနဲ့ ဆုံးဖြတ်စေချင်ပါတယ်”
နံရံနားကပ်နေတဲ့ ကေဝဋ်အမတ်ကြီးက လှမ်းမေးတယ်။
“ဘာလို့တုန်း မောင်ရင်ရဲ့”
အနုကေဝဋ်အမတ်ကြီးက ရုပ်ကြမ်းကြီးနဲ့ တစ်ချက်ပြုံးတယ်။ ပြီးတော့ လှမ်းပြောတယ်။
“ကျွန်တော်က နတ်ဒေဝတာ မဟုတ်ဘူး အမတ်ကြီးရဲ့၊ အကျအဆုံး ရှိလိမ့်မယ်၊ အကျအဆုံးကို ကျွန်တော် တာဝန်မခံချင်ဘူး၊ ကျွန်တော့်ခေါင်းပေါ်ကို ပုံချမခံချင်ဘူး၊ ဒီတော့ အရှင်မင်းကြီးတို့က လက်ဖဝါးထောင်ပြီး တိုက်ပါ-ဆိုရင် တိုက်မယ်၊ အားကုန်ထုတ်ပြီး တိုက်မယ်၊ မတိုက်ပါနဲ့-ဆိုရင် ကျွန်တော်ကလည်း ရုန်းရသက်သာမယ်၊ အာမခံ တောင်းတဲ့သဘောပါ အမတ်ကြီးခင်ဗျ”
ကေဝဋ်အမတ်ကြီးက ခေါင်းညိမ့်ပြီး
“ဪ... တနည်းပြောရရင် မောင်ရင်က ခေါင်းမခံဝံ့ဘူးဆိုတဲ့ သဘောပေါ့”
အနုကေဝဋ်က ရဲရဲဝံ့ဝံ့ပဲ ခေါင်းညိမ့်ပြတယ်။
“ဟုတ်ပါတယ်ခင်ဗျ၊ ကျွန်တော် ခေါင်းမခံဝံ့ပါဘူး၊ အခု အရှင်မင်းကြီးတို့က သဘောတူတယ်ဆိုရင် ကျွန်တော် ဆက်တိုက်ပါမယ်၊ အကျအဆုံးကို ခေါင်းခံဖို့ သတ္တိမရှိပါဘူး၊ အရှင်မင်းကြီးတို့ကပဲ ဆုံးဖြတ်ပေးကြပါ”
ကေဝဋ်အမတ်ကြီးက ရှုံ့ချမလို့ ပြင်ပေမယ့် ဟိုက “သတ္တိမရှိကြောင်း” ဝန်ခံပြီးသား ဖြစ်နေလို့ ဘာဆက်ပြောရမယ် မသိဘူး။
“ဟင့်”ဆိုပြီး နှာခေါင်းရှုံ့ပြစ်တင်ရုံလောက်ပဲ လုပ်လိုက်နိုင်တယ်။
ဘုရင်တွေကလည်း အချင်းချင်း တိုင်ပင်ကြတယ်။ တီးတိုး တီးတိုး ပြောကြတယ်။ တချို့က ခေါင်းညိမ့်တယ်၊ တချို့က ခေါင်းခါတယ်။ တချို့က ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး ပြောကြတယ်။
ခဏနေတော့ ဘုရင်တစ်ပါးက လှမ်းမေးတယ်။
“အားမနာဘဲ မေးရပါဦးမယ်၊ ခင်ဗျားက ကျုပ်တို့ စစ်သည်တွေကို ဖြုန်းပစ်မယ်ဆိုရင် ဘယ့်နှယ်လုပ်မလဲဗျ”
ကေဝဋ်အမတ်ကြီးဆီကလည်း အသံထွက်လာတယ်။
“ဟုတ်ပါတယ်ဘုရား၊ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ယူမှု တာဝန်ခံမှုဆိုတာကလည်း ရှိဖို့ လိုပါတယ်၊ ပြီးတော့ အရှင်မင်းကြီးတို့က ယုံပေမယ့် ကျွန်တော်မျိုးကတော့ သူ့ကို စောင့်ကြည့်နေဆဲပါဘုရား”
အနုကေဝဋ်အမတ်ကြီးကတော့ အေးအေးဆေးဆေးပါပဲ။
“ကျွန်တော်မျိုးဟာ အစကတည်းက ထောင်ချောက်နယ်မြေကြီး နှစ်ခုကိုပဲ ကျော်လွှားပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်၊ အခုလည်း သတ္တိမရှိပါဘူး-လို့ ဝန်ခံနေပါတယ်၊ အနိုင်တိုက်ပြမယ် ကျုံးဝါးပြီး စကားမတည်ပဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြေးရတဲ့ ပညာရှိမျိုး မဖြစ်ချင်ပါဘူး၊ အဲဒါမျိုးဖြစ်ရမှာကို ရှက်လို့ ကြိုလျှောက်ရတာပါဘုရား”
ကေဝဋ်အမတ်ကြီး မျက်နှာ မည်းခနဲ ဖြစ်သွားတယ်။
“မင်း....”
ဒီခွေးမသားက သူ့ကို စောင်းပြောသလိုလို။
ဆက်ပြောရင် သူပဲ နာမှာမို့လို့ မကျေမနပ်နဲ့ပဲ ငြိမ်နေလိုက်ရတယ်။
ဘုရင်တွေက ပြုံးစိစိ ဖြစ်သွားကြတယ်။
အနုကေဝဋ်အမတ်ကြီးကတော့ ခပ်တည်တည်ပဲ။ ဘယ်သူ့ကိုမှ မရည်ရွယ်ဘဲ ပြောခဲ့ပေမယ့် တိုက်ဆိုင်သွားတာတော့ မတတ်နိုင်ဘူးဆိုတဲ့ သဘော။
ဘုရင်တွေဟာ အကြိမ်ကြိမ် တိုင်ပင်ကြတယ်။
ပြီးတော့မှ အဆုံးအဖြတ် ကျတယ်။
“ပွင့်ပွင့်လင်းလင်း ပြောတာကို အသိအမှတ်ပြုတယ်၊ ထောင်ချောက်တွေရဲ့ အခြေအနေတွေကို ကြည့်ရှုပြီး ထိခိုက်နစ်နာမှု များရင် များသလို ထပ်ထပ်ပြီး လက်ဝါးထောင် မဲခွဲကြမယ်”
=====================
ကြိုပြောခဲ့တဲ့အတိုင်းပဲ တတိယစခန်းနယ်မြေထဲကို စဝင်ဝင်ချင်းပဲ အထိအခိုက်တွေ များတယ်။
ထောင်ချောက်တွေဟာ အရင်နဲ့ မတူဘူး။
ကြိုးစားကြပေမယ့် ရှေ့တိုးဖို့ ခက်ကြတယ်။ တိုးသလောက် နာတဲ့ ထောင်ချောက်မျိုးတွေ။
ခပ်ဝေးဝေး ဘေးလွတ်ရာမှာ ကြည့်နေကြတဲ့ စစ်သည်တော်တွေကလည်း ထိခိုက်နစ်နာမှုတွေကို မြင်နေကြရတယ်။
ညနေအရောက်မှာ မျက်နှာမသာမယာနဲ့ နောက်ဆုတ်ခဲ့ကြရတယ်။
နောက်တစ်နေ့မှာ မဲခွဲတယ်။
ဘုရင်တွေ ထပ်ပြီး လက်ဝါးထောင်ကြတယ်။
ထပ်ကြိုးစားတယ်။
အထိအခိုက် များလွန်းတယ်။
မျက်နှာမလှဘဲ နောက်ဆုတ်ကြရတယ်။
အနုကေဝဋ်အမတ်ကလည်း မျက်နှာမလှဘူး။
(သူကတော့ အစကတည်းက မျက်နှာမလှဘူး)
“အရှင်မင်းကြီးတို့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ကြပါဘုရား၊ ကျွန်တော်မျိုး ဇွတ်မပြောပါဘူး၊ တိုက်ဆိုမှ တိုက်ပါမယ်”
ငြင်းပွဲတွေက ပိုပြီး ကြာလာတယ်။
ဘုရင်တွေမှာ အုပ်စုကွဲလာတယ်။
စူဠနီဗြဟ္မဒတ်မင်းတို့က တစ်အုပ်စု။
ရင်းမယ်, အောင်ပွဲဟာ ရင်းပြီး ရမှ တန်ဖိုးရှိတယ်၊ မြို့ရိုးက မဝေးတော့ဘူး။
တချို့ဘုရင်တွေက နည်းနည်း အင်တင်တင် ဖြစ်လာတယ်။
ကေဝဋ်အမတ်ကြီးကတော့ “ကျွန်တော်မျိုးရဲ့ အမြင်ကို ပြောရရင်-”ဆိုပြီး ကန့်ကွက်ပေမယ့် ကန့်ကွက်ရာမရောက်အောင် ဝင်ပြောတယ်။
“ဟယ်... အမတ်ကြီးက ကြောက်သလား”
ဆိုပြီး စူဠနီဗြဟ္မဒတ်ရဲ့ ငေါက်ငမ်းမှုနဲ့ တွေ့တယ်။
ဒီလိုနဲ့ လက်ဖဝါးထောင် မဲခွဲတော့ စူဠနီဗြဟ္မဒတ်မင်းတို့ဘက်ခြမ်းက သာတယ်။
အင်အားများများသုံးပြီး ခပ်ရဲရဲ တိုးဖို့ အကြံပြုတယ်။
စစ်သည်တွေ ခပ်ရဲရဲ တိုးကြတယ်။
အထိအခိုက်တွေက အရင်ကထက် ပိုများတယ်။ ခရီးက သည်လောက် မတွင်ဘူး။
အထိအခိုက်များလေလေ။ စူဠနီဗြဟ္မဒတ်တို့ ခပ်ကြမ်းကြမ်းအုပ်စုဘက်မှာ ထောက်ခံသူ နည်းလေလေ။
နောက်တော့ တဖြည်းဖြည်း လက်ဖဝါးတွေ လျော့လာတယ်။
နောက်ဆုံး အထိအခိုက်တွေ များလွန်းတဲ့တစ်နေ့။
မိထိလာရဲ့ အရှေ့အနောက် တောင်မြောက်က စစ်သည်တော်တွေ။
ဘယ်ဘက်မှာမှ မလှကြဘူး။
အထိအခိုက်တွေ များကြရှာတယ်။
ညနေ နေဝင်။
မှောင်ရီပျိုးချိန်မှာ လေးဘက်လေးတန်က ဒဏ်ရာရ စစ်သည်တွေကို ထမ်းရင်း ပိုးရင်း။
အရပ်လေးမျက်နှာက စစ်သည်တော်တွေက မိထိလာမြို့ရိုးကြီးကို ကျောပေးရင်း ထွက်ခွါခဲ့ကြရတယ်။
အားကုန်ထုတ်ခဲ့တဲ့ နေ့တစ်နေ့။
အထိအခိုက် များလွန်းတဲ့နေ့တစ်နေ့။
ညပိုင်းအစည်းအဝေး။
အော်သံ ဟစ်သံတွေ ဆူညံနေတယ်။
အနုကေဝဋ်အမတ်ကြီးကတော့ မျက်နှာကို အသာအောက်ချထားတယ်။
သူက တိုက်ပွဲကို တကယ်ကြီးကြပ်ရလို့ ရှက်သင့်တာ ဖြစ်ပေမယ့် မျက်နှာကို အောက်ချရုံလောက်ပဲ ရှိတယ်။
တကယ် မတိုက်ရတဲ့ စူဠနီဗြဟ္မဒတ်ကတော့ အော်ဟစ်ပြီး ငြင်းခုံနေတယ်။
ဆက်တိုက်မှ ဖြစ်မတဲ့။
ဘုရင်တွေထဲက တချို့ဘုရင်တွေက ခဏနားသင့်ကြောင်း ပြောတယ်။
တချို့က မဟန်လောက်ဘူးလို့ ထင်ကြောင်း ခပ်ပျော့ပျော့ ဝင်ပြောကြတယ်။
ကေဝဋ်အမတ်ကြီးကလည်း “ကျွန်တော်မျိုးအထင်ကတော့...”ဆိုပြီး ပြောမလို့ ပြင်တယ်။
“အမတ်ကြီး အသာနေစမ်း”ဆိုပြီး စူဠနီဗြဟ္မဒတ်က ငေါက်လိုက်တော့ အသာငြိမ်သွားရတယ်။
အတော်ကြာကြာ အော်ဟစ်ကြပြီးတဲ့နောက် မဲခွဲဆုံးဖြတ်တယ်။
လက်ဖဝါးတွေကို ရေကြည့်လိုက်တော့ တစ်ဝက်မကျော်ဘူး။
စူဠနီဗြဟ္မဒတ်မင်း အသားတွေ တဆတ်ဆတ် တုန်နေတယ်။
ဒေါသတွေ အကြီးအကျယ် ထွက်တယ်။
မဲစနစ်ဆိုတော့ ဆက်ပြောလို့ မရဘူး။
ဒေါသတကြီးနဲ့ ဖနောင့်ကို ဆောင့်နင်းရင်း တဲနန်းထဲက ထွက်သွားတယ်။
ကေဝဋ်အမတ်ကြီးက ကြိတ်ပြုံးရင်း ကျန်ခဲ့တယ်။
အနုကေဝဋ်အမတ်ကြီးက မျက်နှာမသာမယာနဲ့ စူဠနီဗြဟ္မဒတ်မင်းနောက်က လိုက်သွားတယ်။
သီးသန့်တဲနန်း။
စူဠနီဗြဟ္မဒတ်မင်း။
“စဉ်းစားကြည့်ပါဦးဗျာ၊ ဘုရင်တွေ လုပ်ပြီး သည်လောက် သွေးနည်းရသလား၊ အလကားဗျာ၊ အမတ်ကြီးပဲ စဉ်းစားကြည့်ပါဦး၊ သူတို့နိုင်ငံတွေကို သိမ်းခဲ့မိတဲ့ ကျုပ်ကိုကျုပ်ပဲ ရှက်မိတော့တယ်၊ ထွီ...”
အနုကေဝဋ်အမတ်ကြီးကတော့ မျက်နှာကို အောက်ချရင် ငြိမ်နေတယ်။
အတော်ကြာကြာ ပွက်နေပြီးတဲ့နောက် စူဠနီဗြဟ္မဒတ်မင်း ဒေါသ နည်းနည်းပြေလာပုံပဲ။
အနုကေဝဋ်ပုဏ္ဏားကြီးဘက် လှည့်ကြည့်တယ်။
“အားမငယ်ပါနဲ့ အမတ်ကြီးရယ်”
အနုကေဝဋ်ပုဏ္ဏားကြီး။
“အားလည်း ငယ်ပါတယ်ဘုရား၊ အားငယ်တာထက် အရှင်မင်းကြီးကို လျှောက်သင့်တဲ့ ကိစ္စလည်း ရှိလို့ပါဘုရား”
စူဠနီဗြဟ္မဒတ်မင်းကို စိတ်ပူပင်ဟန်နဲ့ ကြည့်တယ်။
“နည်းနည်း အရေးကြီးပါတယ်ဘုရား”
စူဠနီဗြဟ္မဒတ်ရဲ့ မျက်နှာ။
သတိအနေအထား ဖြစ်သွားတယ်။
“ပြောပါဦး အမတ်ကြီး”
အနုကေဝဋ် သက်ပြင်းတစ်ချက် ချတယ်။
“တကယ်တော့ ကျွန်တော်မျိုးတို့ဘက်ခြမ်းကချည်းပဲ စစ်ဆင်နေမှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး တွေးနေပါတယ်၊ မဟောသဓကလည်း ငြိမ်နေမယ့် ကောင်စားမျိုး မဟုတ်ဘူး၊ ဘယ်ပုံ ဘယ်နည်းနဲ့ ပြန်တုံ့ပြန်မလဲ-ဆိုတာ ကျွန်တော်မျိုး အကဲခတ်နေပါတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့....”
အသံက ရုတ်တရက် တိုးသွားတယ်။ ဘေးဘယ်ညာကို ကြည့်လိုက်တယ်။ စူဠနီဗြဟ္မဒတ်မင်းရဲ့ ရှေ့နားကို နည်းနည်းလောက် တိုးလာပြီး ပြောတယ်။
“ရာထူးကြီးတဲ့ အမတ်တစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရပါတယ်ဘုရား၊ သူဟာ အရင်က မိထိလာမြို့သားပါ၊ ကျွန်တော်မျိုးကြီးတို့နဲ့ ရပ်ကွက်ချင်း မတူပေမယ့် ကောင်းကောင်းကြီး သိပါတယ်”
“ဟင်...”
စူဠနီဗြဟ္မဒတ်မင်း ထူပူသွားတယ်။
“သူလျှို ဝင်လာတာပေါ့၊ ချက်ချင်း ဖမ်းရမယ်လေ၊ ဘာလုပ်နေတာတုန်း”
အနုကေဝဋ်အမတ်က ကပျာကသီ တားတယ်။
“အရှင်မင်းကြီး ထင်သလောက် မလွယ်ဘူးဘုရား၊ သူက ရာထူးကြီးတယ်၊ အသိအကျွမ်းတွေလည်း များနေတယ်၊ ဘုရင်တွေနဲ့ ရင်းနှီးတဲ့အပြင်မှာ ကေဝဋ်အမတ်ကြီးနဲ့ စကားပြောတာတောင် တွေ့လိုက်သေးတယ်”
စူဠနီဗြဟ္မဒတ်မင်း စိတ်ပူရမလို ဖြစ်လာတယ်။
“သူတို့ကလည်း မသိကြဘူးလား”
အနုကေဝဋ်အမတ်။ ခေါင်းခါတယ်။
“ကျွန်တော်မျိုးလည်း မစဉ်းစားတတ်တော့ပါဘူးဘုရား၊ အဆိုးမြင်အနေနဲ့ တွေးရရင် မသိလို့ အသာငြိမ်နေမိကြတာဆိုရင် တော်သေးတယ်၊ တကယ်လို့ မဟောသဓက တနည်းနည်းနဲ့ စစ်သည်တော်တွေကို စည်းရုံးနိုင်ခဲ့တယ်ဆိုရင်...”
စူဠနီဗြဟ္မဒတ် ဣန္ဒြေမရ ဖြစ်လာတယ်။
“စစ်သည်တော်တွေထဲက အစည်းရုံး ခံရတယ်ဆိုရင်တော့ စိုးရိမ်စရာပဲ အမတ်ကြီးရဲ့”
“သည့်ထက် စိုးရိမ်ရမှာက ရာထူးကြီးကြီးတွေ စည်းရုံးခံရမှာကိုပါပဲဘုရား၊ တကယ်လို့...”
အနုကေဝဋ်အမတ်ကြီး စကားပြောရမှာ ခက်လာဟန် တူတယ်။ လေသံက တွန့်ဆုတ်တွန့်ဆုတ်။
“ကျွန်တော်မျိုးကပဲ အစိုးရိမ်လွန်သလား မသိဘူး၊ ဘုရင်တချို့နဲ့ ကေဝဋ်အမတ်ကြီးလို ပုဂ္ဂိုလ်မျိုးကို စည်းရုံးနိုင်ခဲ့တယ်ဆိုရင်... အင်း... ဖြစ်တော့ မဖြစ်နိုင်လောက်ပါဘူးလေ”
အနုကေဝဋ်အမတ်ကြီးက ခေါင်းခါတယ်။
သူ ခေါင်းခါပေမယ့် စူဠနီဗြဟ္မဒတ်က စိတ်မအေးနိုင်တော့ဘူး။
“ကြံပါဦး အမတ်ကြီးရယ်၊ စိတ်ပူစရာတွေချည်းပဲ ပြောမနေစမ်းပါနဲ့”
“မှန်ပါ”
အနုကေဝဋ်အမတ်ကြီး အတန်ကြာ ငြိမ်ပြီး စဉ်းစားနေတယ်။
စူဠနီဗြဟ္မဒတ်မင်းက စိုးရိမ်သောက ကြီးစွာနဲ့ အနုကေဝဋ်အမတ်ကြီးကို ထိုင်ကြည့်နေတယ်။
အနုကေဝဋ်အမတ်ကြီးက တဲနန်းထဲမှာ မတုန်မလှုပ်။
သူ့ရဲ့ ရှေ့နားက ညောင်စောင်းပေါ်မှာ တုန်လှုပ်တဲ့မျက်နှာနဲ့ ဣန္ဒြေမရ ဖြစ်နေရှာတဲ့ ဘုရင်တစ်ပါး။
တဲနန်းထဲက နံ့သာဆီမီးတွေကလည်း လှုပ်ခတ်ယိမ်းထိုးနေတယ်။
နံရံမှာ အရိပ်တွေကလည်း ကခုန်လှုပ်ခတ်နေတယ်။
အတော်ကြာပြီးတဲ့နောက် အနုကေဝဋ်အမတ်ကြီးဆီက သက်ပြင်းချသံ ထွက်လာတယ်။
“အကြံတစ်ခုတော့ ရပါပြီ အရှင်မင်းကြီး”
(၂၄)
“လက်ရုံး, နှလုံး”
စူဠနီဗြဟ္မဒတ်ဟာ ဆာလောင်နေတယ်။
နိုင်ပွဲဟာ သည့်လောက် ခက်သလား။ သေရည်အိုးတွေ အပြည့်ရှိတယ်။ စားတော်ပွဲတွေ ဟင်းခွက်စုံတယ်။ သို့ပေမယ့် သူစားချင်တာ ဒါမဟုတ်ဘူး။
အောင်သေ သောက်ချင်တာ၊ အောင်သား စားချင်တာ။
အောင်ပွဲကို ဆာလောင်နေတာ။
အခု တပ်တော်တွင်းမှာ သူလျှိုရိပ် မြင်သတဲ့။ သူလျှိုကို ရင်းရင်းနှီးနှီး သိသတဲ့။ အနုကေဝဋ်အမတ်ကြီးက ပြောနေတယ်။ ဒါဆိုရင် အောင်သေ, အောင်သားကို အသာထား။ ရှုံးပြေး မပြေးရစေဖို့ ပြင်ရမလို ဖြစ်နေတယ်။
“ကျွန်တော်မျိုး ရတဲ့အကြံကတော့...”
စူဠနီဗြဟ္မဒတ်က အားတက်သွားတယ်။
“အင်း... ပြောစမ်းပါဦး အမတ်ကြီး”
==============
နံနက်ခင်း။
နုပျိုတဲ့ နေရောင်ခြည်နဲ့ ဝင်းပတဲ့ နံနက်ခင်း။
ဖြူနီပြာဝါ ရောင်စုံဖြာသင့်ပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်တွေ ဝင်းနေတယ်။
ရွှေကြိုက်ကြတဲ့ ဘုရင်တွေဟာ ရွှေဝါရောင် နန်းဝတ်နန်းစားတွေကို ဆင်မြန်းလိုက်တော့ ဝေလီဝေလင်းမှာတောင် ထိန်ထိန်လင်းနေတယ်။
မင်းပေါင်းများစွာရဲ့ ရွှေဝါရောင် အဆင်အမြန်းတို့ကြောင့် ခမ်းနားတဲ့ တဲနန်းရဲ့ အသရေက နှစ်ဆတိုးသွားတယ်။
“တောထဲ နေရတာ ကြာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘုရင်မှန်းတောင် မေ့ချင်နေပြီ”
ဘုရင်တစ်ပါးက နေရာယူရင်း စကားစ,လိုက်တယ်။
“ဒါနဲ့... ဝတ်စုံပြည့် တန်ဆာစုံ ဝတ်ရ ဆင်ရတာက ဘာကိစ္စတဲ့တုန်းဗျ”
အားလုံးသိချင်နေတဲ့ မေးခွန်း။
“ဘုရင်ထီးဘုရားကြီး အမိန့်တော်အရ (ပုံ) အနုကေဝဋ်ပုဏ္ဏား-လို့ ဆိုတာပဲဗျ၊ ဆိုလိုတာကတော့ အနုကေဝဋ်ပုဏ္ဏားကြီးရဲ့ အစီအမံပေါ့လေ၊ ဗေဒင်ယတြာသဘောအရ အောင်ပွဲခံဖို့ လုပ်ရတာ ဆိုလားပဲ”
==============
စူဠနီဗြဟ္မဒတ်မင်းက သီးသန့်တဲနန်းထဲမှာ။
အစည်းအဝေးကို ကြွဖို့ ဘုရင်ပေါင်း စုံညီမယ့်အချိန်ကို စောင့်ဆိုင်းရင်း
အနုကေဝဋ်အမတ်ကြီးကို မေးတယ်။
“အမတ်ကြီးရဲ့ အကြံဉာဏ်က အလုပ်ဖြစ်မှာပါနော်”
“မှန်ပါ၊ အရှင်မင်းကြီးကို လျှောက်ပြီးသားပါပဲဘုရား၊ သူတို့ဆီမှာ သိသာထင်ရှားတဲ့ အမှတ်အသားတစ်ခု ပါကို ပါနိုင်ပါတယ်၊ အဲဒါကို အကဲခတ်ပြီး မဟောသဓဘက်သားလား? ဒီဘက်သားလား? ဆုံးဖြတ်ရမှာပါဘုရား”
“သူလျှိုတွေ့ရင် ဘယ့်နှယ်လုပ်ရမတုန်း”
“ရှင်းနေတာပါပဲဘုရား၊ မသိမသာ စာရင်းကောက်၊ မေးမြန်းစရာ ရှိပါတယ်ဆိုပြီး ထောင်သွင်းအကျဉ်းချထားလိုက်ရုံပေါ့၊ အဲ... ထက်ဝက်လောက်တော့ များမနေဘူးလို့ ယူဆရတာပဲဘုရား၊ သုံးချိုး တစ်ချိုးလောက် ရှိနေပြီဆိုရင်တောင် ကိုင်တွယ်ရ ခက်နေပြီ”
စူဠနီဗြဟ္မဒတ်မင်း။
တစ်မိုင်လောက်ရှိတဲ့ သက်ပြင်းကြီးတစ်ခုကို ချတယ်။
“ဘာပဲဖြစ်ဖြစ်ဗျာ၊ ကိုယ့်ဘက်က လက်ဦးဖို့တော့ လိုတာပဲဗျ၊ ခေါင်တွေကို နှိမ်လိုက်တာနဲ့ ပြီးသွားမှာပါဗျာ”
===========
“ဒါနဲ့ ဒီ‘မဟာ’ဆိုတာကြီးကတော့ စိတ်အနှောင့်အယှက် ဖြစ်တယ်ဗျာ”
ဘုရင်တစ်ပါးက ရင်ဘတ်မှာ ထိုးချိတ်လာရတဲ့ တန်ဆာဝိုင်းတစ်ခုကို ညွှန်ပြရင်း ပြောတယ်။
“အမျိုးမျိုးပေါ့ဗျာ၊ ယုံတဲ့သူကလည်း ယုံပေါ့၊ မယုံတဲ့သူကလည်း မယုံပေါ့၊ ယတြာချေတယ်ဆိုတာက ပညာရှိတွေရဲ့ အလုပ်မဟုတ်လား”
ခပ်အေးအေး နေချင်တဲ့ ဘုရင်တစ်ပါးက ဖြေရှင်းတယ်။
ဒါပေမယ့် အဲဒီဘုရင်က မကျေနပ်ဘူး။
“ဟိုနားက ဘုရင်, ဟိုနားက ဘုရင်တွေကျတော့ ဘာလို့ မချိတ်ရတာတဲ့တုန်း”
မေးမြန်းစပ်စုရတာ ဝါသနာပါတဲ့ ဘုရင်တစ်ပါးက ဝင်ပြီး ဖြေတယ်။
“ဟိုဒင်းတဲ့ဗျ၊ ကြာသပတေးသားနဲ့ သောကြာသားတွေကတော့ မဝတ်ရဘူးတဲ့ဗျ၊ ဗေဒ ကိန်းဂဏန်း ဘာဆိုလားပါပဲဗျာ”
ထပ်တော့ မမေးတော့ဘူး။
မကျေလည်သေးပေမယ့် ဒီအကြောင်းကို မေ့လိုက်ပြီး တခြားအကြောင်းအရာတွေဘက်ကို ရောက်သွားကြတယ်။
ဘယ်နည်းနဲ့မှ မကျေပ်ဘူး-လို့ ဖြစ်နေတာကတော့ ကေဝဋ်အမတ်ကြီး။
တန်ဆာဝိုင်းလာပေးတဲ့ အမှုတော်ထမ်းတစ်ယောက်ကို ငေါက်တယ်။
“ငါက ဘာလို့ တပ်ရမှာလဲကွ”
“အနုကေဝဋ်အမတ်ကြီးက ခိုင်းလိုက်တာပါခင်ဗျာ”
ကေဝဋ်အမတ်ကြီး ဆွေ့ဆွေ့ခုန်သွားတယ်။
“အဲသည်ကောင်က ဘာမို့လို့ ငါ့ကို လာခိုင်းရတာတုန်းကွ၊ ဟင်”
အမှုတော်ထမ်းကလည်း ပြောတယ်။
“မှန်ပါ၊ ထီးဘုရားကြီး အမိန့်တော်ပါတဲ့ဘုရား၊ ကျွန်တော်မျိုးအနေနဲ့ အတင်းအကြပ် မခိုင်းရဲပါဘူး၊ မဆင်လိုက နေနိုင်ပါတယ်ဘုရား”
ကေဝဋ်အမတ်ကြီး တရှူးရှူး ဖြစ်နေသေးတယ်။ ဒါပေမယ့် နောင်ရေးကို ကြည့်ပြီး မကျေမနပ်နဲ့ပဲ တန်ဆာဝိုင်းကို ယူလိုက်ရတယ်။
===========
“မှန်လှပါ၊ မင်းပရိသတ်များ စုံလင်ပြီဖြစ်ပါသောကြောင့် ညီမူရာခန်းမသို့ ကြွရောက်တော်မူပါမည့်အကြောင်း ခြေတော်ဦးခိုက်၍ ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား”
အနုကေဝဋ်အမတ်ကြီးက ဦးခေါင်းကို ညွှတ်ပြီး ရို့ရို့ကလေး နောက်ဆုတ်ရင်း လမ်းပေးလိုက်တယ်။
စူဠနီဗြဟ္မဒတ်မင်းက စိတ်မအေးနိုင်တဲ့ မျက်စိမျက်နှာနဲ့ တဲနန်းဆောင်ထဲကနေ ထွက်သွားပါတော့တယ်။
ညီမူရာခန်းမကြီးထဲကို နောက်ကြောဘက်က ဝင်၊ ပလ္လင်ပေါ်ကို တက်လိုက်တော့ ပြည့်ရှင်းမင်းအပေါင်းက မတ်တပ်ရပ်ပြီး ကြိုဆိုကြတယ်။ ပြီးတော့ ထိုင်လိုက်ကြ။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ ကောင်းသော နံနက်ခင်း ဖြစ်ပါစေဘုရား”
ညီညာစွာ ဆုတောင်းလိုက်သံက ညီမူရာ တဲနန်းခန်းမကြီးရဲ့ အပြင်ဘက်ကို ဟိန်းထွက်သွားတယ်။
“အားလုံး ကျန်းမာကြပါစဗျား”
“မှန်ပါ ကျန်းမာကြကြောင်းပါဘုရား”
မေးခွန်းကိုသာ ဟန်မပျက် မေးနေတယ်။ ဘုရင်တွေရဲ့ ထူးခြားမှုတွေကို လိုက်ပြီး ကြည့်နေတယ်။
ဘယ်သင်္ကေတတွေ ပါမလဲ၊ ဘာတွေ ထူးမလဲ။
ညကတည်းက စီစဉ်ထားတဲ့အတိုင်း ဒီပွဲလုပ်ရခြင်းရဲ့ အကြောင်းကို ပြောပြနေတယ်။
စစ်တိုက်ခြင်းမှာ လက်နက်အင်အား, လူသူအင်အား သာလွန်ခြင်းက အရေးကြီးသလို လောကီနည်းအစီအမံတွေကလည်း အရေးကြီးကြောင်း, လောကီနည်းအစီအမံတွေဟာဆိုရင်ဖြင့် ယတြာသာ ကောင်းရင်, မင်းလောင်း ပေါ်လာတာတောင် တနည်းနည်းနဲ့ ကြွေလွင့်သွားရကြောင်း။ ဒါ့ကြောင့် အနုကေဝဋ်အမတ်ကြီးရဲ့ ယတြာအစီအမံများကို လိုက်နာဖို့ လိုအပ်ကြောင်း။
“ယတြာက ဘာမှ မခက်ပါဘူး...”
ပြောရင်းနဲ့ စူဠနီဗြဟ္မဒတ်ရဲ့ စကားက ပြတ်သွားတယ်။ မျက်လုံးထဲမှာ လျှင်မြန်တဲ့ အရိပ်အရောင်တွေ ပြောင်းသွားတယ်။
ပထမ- ဝင်းခနဲ ဖြစ်သွားတယ်။ နောက်တော့ စူးစမ်းမှု ပေါ်လာတယ်။ နောက် ဘုရင်တစ်ပါးချင်းရဲ့ ရင်ဘတ်တွေကို ရောက်သွားတယ်။ စိတ်လှုပ်ရှားဟန်တွေ ထွက်လာတယ်။ အရေအတွက်တွေကို ကြည့်ပြီးတဲ့နောက် ကြောက်ရွံ့သွားပုံ ရတယ်။ ခန္ဓာကိုယ်ကပါ မသိမသာ တောင့်တင်းသွားတယ်။ ပြီးတော့ မနည်းဣန္ဒြေဆည်ပြီး ပြောလက်စ စကားကို ပြန်ဆက်တယ်။
“အနုကေဝဋ်အမတ်ကြီး ရွတ်ဖတ်ပေးတဲ့ ဂါထာမန္တန်တွေကို နောက်ကနေ လိုက်ပြီး ရွတ်ဖတ်ကြရုံပါပဲ”
သူ့စကား အဆုံးမှာ အနုကေဝဋ်အမတ်ကြီး ထိုင်ရာက ထ,လာတယ်။
ဂါထာမန္တန်များ ရွတ်ဖတ်ရခြင်းရဲ့ အကျိုးတွေကို ဖွဲ့နွဲ့ပြီး ပြောတယ်။ ရွတ်ဖတ်ရမယ့် ပုံစံတွေကို ရှင်းပြတယ်။
အံတကြိတ်ကြိတ် ဖြစ်နေရတာကတော့ ကေဝဋ်ပုဏ္ဏားကြီး။
“မေးထက် ရှည်ချင်တဲ့ မုတ်ဆိတ်၊ အကွက်သာမှ ရိတ်ပစ်လိုက်ရသေးတာပေါ့ကွာ၊ နေနှင့်ဦး”
ပလ္လင်ပေါ်မှာ မျက်စိမျက်နှာတွေ ပျက်နေတာက စူဠနီဗြဟ္မဒတ်။
အပြေးရာဇဝင် ဇ,ရှိခဲ့ဖူးလေတော့ အခုလည်း ပလ္လင်ပေါ်က ဆင်းပြေးချင်နေပြီ။
သို့နှင့်တိုင် ဘုရင်တွေက အနုကေဝဋ်အမတ်ကြီးရဲ့ လေယာဉ်ကြောမှာ မျောနေကြတယ်။
စူဠနီဗြဟ္မဒတ်မင်းကို ဂရုမစိုက်မိကြ။
လျှာခလုပ်တိုက်စေတဲ့ မန္တန်တွေကို မနည်းအာရုံစိုက်ပြီး ရွတ်ဖတ်ကြရင်း အခမ်းအနားကြီးက အောင်မြင်စွာ ပြီးဆုံးသွားတယ်။ စူဠနီဗြဟ္မဒတ်ဟာ လွှားလွှားလွှားလွှားနဲ့ ယာယီတဲနန်းကို ရောက်သွားတယ်။
“အနုကေဝဋ်အမတ်ကြီးက လွဲရင် ဘယ်သူမှ မဝင်စေနဲ့၊ ကြားလား”
လေသံ ခပ်မာမာနဲ့ မှာရင်း တဲနန်းထဲကို ဝင်သွားတယ်။
အတော်ကြာကြာမှ အနုကေဝဋ်အမတ်ကြီး ရောက်လာတယ်။
သလွန်တော်ကနေ စိတ်မရှည်နိုင်ဖြစ်နေတဲ့ စူဠနီဗြဟ္မဒတ်မင်း။
“ကြာလိုက်တာဗျာ”
“မှန်ပါ ခွင့်လွှတ်တော်မူပါဘုရား၊ ဘုရင်တွေက ဆွဲထားလို့ မနည်းစကားဖြတ်နေရပါတယ်ဘုရား”
“အဲဒါတွေ ထားစမ်းပါ၊ ဘယ့်နှယ်တုန်း မြင်တယ်မဟုတ်လား၊ ရင်မှာ ထိုးထားတဲ့ တံဆိပ်တွေလေ”
“မှန်ပါ၊ သတိထားမိပါတယ်ဘုရား”
“အနီးဆုံး ဘုရင်ဆီမှာ မြင်ရတာ တံဆိပ်မှာပါတဲ့စာက မဟာ-တဲ့ဗျ”
“မှန်ပါ၊ အရှင်မင်းကြီးက ပလ္လင်ပေါ်က-ဆိုတော့ ပိုပြီး သတိပြုမိမှာပါဘုရား၊ အရေအတွက်များသလားဘုရား”
“....”
စူဠနီဗြဟ္မဒတ် ပြောဖို့တောင် ခက်နေတယ်။
မျက်လုံးတွေက ဟိုကြည့်သည်ကြည့်။
“၇၀-နီးပါးလောက် ရှိနေတယ်ဗျာ”
အနုကေဝဋ်အမတ်ကြီးရဲ့ မျက်လုံးက ပြူးသွားတယ်။
“ဟာ... အဲဒီလောက် ရှိသလားဘုရား”
“ရှိတယ်ဗျာ၊ ဘာလို့ အဲသည်လောက်တောင် များသွားရသလဲမသိဘူး၊ ကေဝဋ်အမတ်ကြီးလည်း ပါနေတယ်”
အနုကေဝဋ်အမတ်ကြီး။ ထိပ်ထိပ်ပျာပျာ ဖြစ်သွားတယ်။
အမတ်ကြီးကမှ ထိပ်ပျာပြီဆိုတော့ ဘုရင်ခမျာ ဆောက်တည်ရာမရ။
“ကျုပ်တို့ ဘယ့်နှယ်လုပ်ကြမတုန်း”
“မှန်ပါ၊ အရေအတွက်က သိပ်များနေပြီဘုရား၊ အရှင်မင်းကြီး ယုံလို့ရတာ-ဆိုလို့ ကျွန်တော်မျိုးပဲ ရှိတော့တယ်၊ ခဏနေပါဦးဘုရား၊ ဒီနန်းထဲက ဘယ်ကိုမှ မထွက်ပါနဲ့တော့ဘုရား၊ အထဲကိုလည်း ဘယ်သူ့ကိုမှ အဝင်မခံပါနဲ့တော့ဘုရား၊ ကျွန်တော်မျိုး ထောက်လှမ်းစရာ, စီစဉ်စရာလေးတွေ သွားပြီး အကဲခတ်ပါဦးမယ်ဘုရား”
“ကောင်းပါပြီ အမတ်ကြီး၊ အားကိုးပါတယ်ဗျာ”
ခဏနေတော့ အမတ်ကြီးက တဲနန်းအပြင်က အစောင့်တွေကို မှာနေသံ ကြားရတယ်။
“ကဲ ကိုယ်ရံတော် တပ်မှူးတို့၊ အထဲကို ဘယ်သူမှ မဝင်စေရ၊ အမိန့်တော် မှတ်ထားတယ်၊ လုံခြုံအောင် စောင့်ကြဗျ၊ ကြားလား”
“မှန်လှပါ အမတ်ကြီး ခင်ဗျာ”
=========
မကြာခင်မှာပဲ ရွှေထီးဆောင်း ဘုရင်တွေအကြားမှာရော, အမှုထမ်း အရာရှိ အရာခံ အကြပ်စစ်သည်တွေအကြားမှာပါ ကောလာဟလ တစ်ခု ပျံ့နှံ့သွားတော့တယ်။
မဟောသဓရဲ့ သူလျှိုတွေဟာ တပ်ထဲမှာ အင်နဲ့အားနဲ့ ရောက်နေပြီဖြစ်တဲ့အကြောင်း။
ရာထူးမြင့်တဲ့သူတွေထဲမှာပါ စိမ့်ဝင်လျက် ရှိကြောင်း။
အနုကေဝဋ်အမတ်ကြီးဟာ သူလျှိုဖမ်း စစ်ဆင်ရေးကို မကြာခင် ဆင်နွှဲစရာ ရှိကြောင်း။
ဘယ်သူ့ကို မဆို ခေါ်ပြီး စစ်ဆေးမှာ ဖြစ်ကြောင်း။
ကောလာဟလကြောင့် ဘုရင်တွေမှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ကုန်တယ်။ သူလျှိုတွေဟာ ဘယ်ပုံဘယ်နည်းနဲ့ ဝင်လာတယ် မသိပေမယ့် အထဲမှာ အင်အားကြီးနေပြီဆိုတာက ထိတ်လန့်စရာ ဖြစ်နေတယ်။
သူလျှိုတွေမှာ ဦးချို ပါမနေတဲ့အတွက် ဘယ်သူ့ကို သံသယထားရမယ်မသိ။
သို့နှင့်တိုင် သံသယတွေက အသီးသီးရဲ့ စိတ်ထဲမှာ လျှင်လျှင်မြန်မြန်နဲ့ ပေါက်ဖွားလာနေတယ်။
သူ့ကို ကိုယ်မယုံ, ကိုယ့်ကို သူမယုံ ဖြစ်လာကြတယ်။
ဝါသနာတူ ဘုရင်တစ်စု။
ဖွဲ့နေကြတဲ့ စကားဝိုင်း။
“အကြည်တော်ကတော့ ရိုးပုံ ရိုးလက်ထဲကပဲဗျ၊ သူလျှိုကတော့ မဖြစ်နိုင်လောက်ပါဘူး၊ သို့သော်... သူလျှိုဆိုတာ ရိုးပုံရိုးလက်ဟန် ဆောင်ရတာပဲ၊ ဘယ်သူ့မှ ယုံလို့ မဖြစ်ဘူး”
“ဟား ဟား ဟား ဟုတ်တယ်ဗျ၊ ကျုပ်ကို ယုံလို့ မဖြစ်သလို အကြည်တော်ကိုလည်း ယုံလို့ မဖြစ်ပေဘူး၊ မဟောသဓက ဘယ်ပုံဘယ်နည်း စည်းရုံးမယ်ဆိုတာ ဘယ်သူသိမှာ မှတ်လို့”
“ဟင်း... ဟင်း... ဟင်း... ကေဝဋ်ပုဏ္ဏားကြီးတောင်မှ ပတ္တမြားကြီး လက်ဆောင်ကောင်းတာနဲ့ ကမန်းကတန်း ထွက်ပြေးခဲ့ရသေးတာပဲ မဟုတ်လား”
မျက်စိထဲ မြင်ယောင်ရင်း တဟားဟား ဖြစ်သွားကြတယ်။
“ဒါနဲ့ ကေဝဋ်ပုဏ္ဏားကြီးက ပတ္တမြားကြီးကို မရခဲ့ဘူး-ဆိုတာ ဟုတ်ပါ့မလားဗျ”
“ဘာလို့ မေးတာတုန်း”
“ဪ... ပတ္တမြားကြီး မရခဲ့ရင်တော့ ကောင်းတာပေါ့၊ ပတ္တမြားကြီးသာ ရခဲ့ရင် အခုအချိန်ဆိုရင် လာဘ်ယူခဲ့တယ်၊ သူလျှိုပဲ-လို့ စွပ်စွဲကြမှာပေါ့ဗျ”
“မရခဲ့ဘူးဆိုပေမယ့် အဲဒါက သူ့အပြောလေ”
ရယ်စရာပြောရင်းနဲ့ စကားဝိုင်းက အသက်ရှူကြပ်ချင်လာတယ်။
ကေဝဋ်ပုဏ္ဏားကြီးကရော ယုံရပါရဲ့လား။
ဒီလိုနဲ့ ဒီတီးတိုးစကားက စခန်းကြီးတစ်ခုလုံးကို အမြန်ဆုံး ပြန့်သွားပြီး အနုကေဝဋ်အမတ်ကြီးရဲ့ နားကို ရောက်သွားတယ်။
================
“ဟေ့ကောင်တွေ လွှတ်ကြစမ်းကွာ၊ လွှတ်ကြစမ်း၊ ငါ့ကို ဘာထင်လို့တုန်း”
ရုန်းကန်နေတာက ကေဝဋ်ပုဏ္ဏားကြီး။
တဲတစ်ခုထဲကို ဆွဲသွင်းခံရပြီး ကြိုးတုပ်ခံလိုက်ရတယ်။
ခဏနေတော့ လူတစ်ယောက် ရောက်လာတယ်။
ကေဝဋ်ပုဏ္ဏားကြီးက ဒေါသတကြီး။
“ဟေ့ကောင် အနုကေဝဋ်၊ ဒါ မင်းအကြံတွေ မဟုတ်လား”
အနုကေဝဋ်က မဖြေ။
ခုံတစ်ခုမှာ သက်တောင့်သက်သာ ဝင်ထိုင်ရင်း ပြောလိုက်တယ်။
“တပ်တွင်းမှာ ကောလာဟလတွေ ပျံ့နေတယ်၊ ကေဝဋ်ပုဏ္ဏားကြီးဟာ မဟောသဓဆီက ပတ္တမြားကို ယူပြီး တမင် အရှုံးပေးခဲ့သတဲ့၊ အကြီးဆုံး သူလျှိုဟာ ကေဝဋ်ပုဏ္ဏားကြီး ဖြစ်နိုင်သတဲ့”
ကေဝဋ်အမတ်ကြီးရဲ့ မျက်နှာ ဖွေးခနဲ ဖြစ်သွားတယ်။ နောက်ကျောထဲကလည်း စိမ့်ခနဲ။
“ဟာ... အဓိပ္ပါယ်မရှိတာ”
ပျာရိပျာယာ ငြင်းလိုက်တယ်။
“ငါ ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူးကွ၊ မင်းအကောက်ကြံတာ ဖြစ်ရမယ်”
အနုကေဝဋ်က အေးစက်စက်နဲ့ စိုက်ကြည့်နေတယ်။
“ဒီသတင်းက ထီးဘုရားကြီးဆီကိုတောင် ပေါက်သွားပြီ၊ ထီးဘုရားကြီးကလည်း စစ်မေးပြီး ဟုတ်ရင် သုတ်သင်လိုက်လို့ အမိန့်တော် မှတ်ထားတယ်”
သေမင်းရဲ့ အရိပ်အရောင်တွေက အနုကေဝဋ်ရဲ့ မျက်လုံးထဲမှာ မည်းမှောင်လာတယ်။
ကေဝဋ်ပုဏ္ဏားကြီးရဲ့ ရင်ထဲကနေ အကြောက်တရားတွေက ရုန်းထလာပြီး မျက်နှာလေး ငယ်သွားတယ်။ တင်းမာခက်ထန်တဲ့ အသံတွေ မထွက်နိုင်တော့ဘူး။
“မောင်ရင်ရယ်၊ မောင်ရင်လည်း ပညာရှိပါပဲကွာ၊ ဦးအနေနဲ့ ဒီလိုအလုပ်မျိုး ဘယ်လုပ်ပါ့မလဲ၊ သိပ်ရွံရှာ စက်ဆုတ်ပါတယ်ကွာ၊ မောင်ရင့်အနေနဲ့လေ၊ ထီးဘုရားကြီးကို ထောက်ခံပေးပါလား”
အနုကေဝဋ် နှုတ်ခမ်းတစ်ဖက်ပဲ ပြုံးသွားတယ်။
“ကျုပ်က ဘာလို့ ထောက်ခံပေးရမှာလဲ”
ကေဝဋ်ပုဏ္ဏားကြီး ငိုချင်စိတ်တွေတောင် ပေါ်လာတယ်။
“မောင်ရင်ရယ်၊ ပညာမပြပါနဲ့တော့ကွာ၊ မောင်ရင် သိပြီးသားပါ၊ မောင်ရင် ဘာဖြစ်ချင်သလဲပြော၊ ဦးလုပ်ပေးမယ်”
အနုကေဝဋ်အမတ် ပိုင်ပိုင်နိုင်နိုင်ကြီး ပြုံးလိုက်တယ်။
“ဟား ဟား ဟား ကောင်းပါပြီလေ၊ ပုဏ္ဏားကြီးအကြောင်းကို ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ပုဏ္ဏားကြီးကလည်း သိမယ် ထင်ပါတယ်၊ ပုဏ္ဏားကြီးရဲ့ အသက်ဟာ ကျုပ်စကားတစ်ခွန်းအပေါ်မှာ မူတည်နေတယ်-လို့”
“သိပါတယ် မောင်ရင်ရယ်၊ သိပါတယ်”
အနုကေဝဋ်ရဲ့ မျက်နှာက အပြုံးက ရုတ်တရတ် ပျောက်သွားပြီး ခေါင်းခါလိုက်တယ်။
“ဒါဆိုရင် ပုဏ္ဏားကြီးက မောင်ရင်လို့ မခေါ်နဲ့တော့၊ နောက်ဆိုရင် ကျုပ်ကို တွေ့တိုင်း ရိုရိုသေသေ ခေါ်ရမယ်၊ ဘယ်လို ခေါ်ရမလဲ-ဆိုတော့ အနုကေဝဋ်ပညာရှိ အမတ်ကြီး-လို့”
ကေဝဋ်အမတ်ကြီးမှာ နှစ်ခုသော စိတ်တို့ ပဋိပက္ခ ဖြစ်ကြရှာတယ်။
ခံပြင်းနာကျည်းမှုရယ်, အားမတန် မာန်လျော့ရယ်။
“ကဲ... ခေါ်ကြည့်စမ်းပါဦး”
“အနု... အနုကေဝဋ် ပညာရှိအမတ်ကြီး”
“ဪ... အသံက တိုးလှချည်လား၊ မရှက်ပါနဲ့၊ ကျယ်ကျယ်လေး ခေါ်စမ်းပါ”
“အနုကေဝဋ် ပညာရှိအမတ်ကြီး”
“နောက်တစ်ခေါက်”
“အနုကေဝဋ် ပညာရှိအမတ်ကြီးခင်ဗျာ”
“ဟား... ဟား... ဟား... ဗျား ဗျ ကေဝဋ်ပုဏ္ဏားကြီးဗျား”
================
ဒီလိုနဲ့ ညကို ရောက်သွားတယ်။
တဲအသီးသီးတွေက စစ်သည်တွေဟာ သူ့ကို ခေါ်စစ်မလား? ငါ့ကို ခေါ်စစ်မလား? ပူပန်ခဲ့ကြရတယ်။
နောက်တစ်နေ့မှာ ဘယ်သူ့အလှည့်ကို ရောက်ဦးမလဲ-ဆိုတာကိုလည်း စိတ်မအေးနိုင်- စိတ်မချနိုင် ဖြစ်နေကြရတယ်။
အနည်းဆုံး ကိုယ့်ကို အစစ်မခံရရင်တောင် ကိုယ်နဲ့နီးစပ်တဲ့သူက အစစ်ခံရပြီဆိုတာနဲ့ ကိုယ်လည်း အမှုတွဲ ပါတော့မယ်။
တရားစီရင်ရေးက တိကျရင် တော်ရဲ့။
မှန်လည်း မမှန်, ငြင်းလည်း မရ-ဆိုရင် ကိုယ်ကျိုးနည်းကြတော့မယ်။
သူလျှိုမှု-ဆိုတာက ပြစ်ဒဏ်အားဖြင့် ကြက်သီးထစရာထဲက။
ကေဝဋ်ပုဏ္ဏားကြီးလို အဆင့်မျိုးတောင်မှ ဖမ်းအစစ်ခံရတယ်ဆိုရင် ကျန်တဲ့သူတွေကို မပြောနဲ့တော့။
အိပ်ရတာတောင် စိတ်မဖြောင့်ချင်။
မဟောသဓ။
အဲဒီလောက် စွမ်းသလား။
ဒီလောက်အကြာကြီး ငြိမ်နေခဲ့တာဟာ ပိရိတဲ့အကြံဉာဏ်မျိုး ဆင်နေခဲ့လို့ ဆိုတာ ဟုတ်မယ်ထင်ပါရဲ့။
သူ့အနေနဲ့ တိုက်ဖို့ရာတောင် အသင့်ဖြစ်နေပြီလားမသိ။
တိုက်မယ်ဆိုရင် တို့အနေနဲ့ ခုခံနိုင်စွမ်းရော ရှိမှ ရှိပါ့မလား။
အပြင်ရန်ကို မကြောက်သည့်တိုင် ဘယ်သူမှန်း မသိတဲ့ အတွင်းရန်သူတွေက နောက်ကြောကို ဓားနဲ့ ထိုးသွားမှာ စိုးရတယ်။
အခြေအနေတွေက ဘာဖြစ်လို့ သည်လိုတွေတောင် ပြောင်းလဲသွားရတာလဲ။
===============
“ဘာ... တိတ်တိတ်တိမ်းရှောင်ရမယ်၊ ဟုတ်လား”
အနုကေဝဋ်အမတ် ထိတ်ထိတ်ပြာပြာ ဖြစ်သွားတယ်။
“တိုးတိုးပဲ မိန့်တော်မူပါ အရှင်မင်းကြီး”
စူဠနီဗြဟ္မဒတ်။
အသံကို တိုးလိုက်ပေမယ့် မကျေမနပ်နဲ့တော့ ထပ်ပြောတယ်။
“အဲဒါ ကျုပ်ကို အပြေးခိုင်းတာ မဟုတ်လားဗျ”
No comments:
Post a Comment