Thursday, April 6, 2023

အာဒိတ္တပရိယာယသုတ္တံ

 အာဒိတ္တပရိယာယသုတ်


၅၄။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလတော၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီး လျှင် ဂယာသီသအရပ်သို့ အလုံးစုံသော ရသေ့ဟောင်းချည်းဖြစ်ကုန်သော များစွာသော တစ်ထောင်သော ရဟန်းသံဃာ နှင့်အတူ ကြွသွားတော်မူ၏။

မြတ်စွာဘုရားသည် ထိုဂယာရွာ၏အနီး ဂယာသီသအရပ်၌ တစ်ထောင်သော ရဟန်းသံဃာနှင့်အတူ သီတင်းသုံးနေတော်မူ၏။ 


''ရဟန်းတို့ အလုံးစုံသော တရားသည် ပြောင်ပြောင်တောက်လောင်၏၊ 

ရဟန်းတို့ အဘယ်မည်သော အလုံးစုံသော တရားသည် ပြောင်ပြောင်တောက်လောင်သနည်း၊ 

မျက်စိသည် ပြောင်ပြောင်တောက် လောင်၏၊ အဆင်းတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ မျက်စိအသိသည် ပြောင်ပြောင်တောက် လောင်၏၊ မျက်စိအတွေ့သည် ပြောင်ပြောင်တောက်လောင်၏။ မျက်စိအတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှုသည်လည်းကောင်း ဆင်းရဲသော ခံစားမှုသည်လည်းကောင်း မဆင်းရဲမချမ်းသာသော ခံစားမှုသည်လည်းကောင်း ပြောင်ပြောင် တောက်လောင်၏။အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း၊ စွဲမက်မှု 'ရာဂ' မီးဖြင့် အမျက်ထွက်မှု 'ဒေါသ' မီးဖြင့် တွေဝေမှု 'မောဟ' မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း ပူပန်ရခြင်း ငိုကြွေးရခြင်း ဆင်းရဲရခြင်း နှလုံးမသာရခြင်း ပြင်းစွာပူဆွေးရခြင်းတို့ဖြင့် ပြောင်ပြောင်တောက် လောင်၏ဟု ဟောတော်မူ၏


နားသည် ပြောင်ပြောင်တောက်လောင်၏။ အသံတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ နှာခေါင်းသည် ပြောင်ပြောင်တောက်လောင်၏။ အနံ့တို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ လျှာသည် ပြောင်ပြောင်တောက်လောင်၏။ အရသာတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ ကိုယ်သည် ပြောင်ပြောင်တောက်လောင်၏။ ကိုယ်အတွေ့တို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ စိတ်သည် ပြောင်ပြောင်တောက်လောင်၏။ စိတ်၏ အာရုံတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ 


စိတ်အသိသည် ပြောင်ပြောင်တောက်လောင်၏။ စိတ်အတွေ့သည် ပြောင်ပြောင်တောက်လောင်၏။ စိတ်အတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှုသည်လည်းကောင်း ဆင်းရဲသော ခံစားမှုသည်လည်းကောင်း မဆင်းရဲမချမ်းသာသော ခံစားမှုသည်လည်းကောင်း ပြောင်ပြောင် တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း၊ စွဲမက်မှု 'ရာဂ' မီးဖြင့် အမျက်ထွက်မှု 'ဒေါသ' မီးဖြင့် တွေဝေမှု 'မောဟ' မီးဖြင့်ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း ပူပန်ရခြင်း ငိုကြွေးရခြင်း ဆင်းရဲရခြင်း နှလုံးမသာရခြင်း ပြင်းစွာပူဆွေးရခြင်းတို့ဖြင့် ပြောင် ပြောင်တောက်လောင်၏ဟု ဟောတော်မူ၏။


ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်များသော ငါဘုရား၏ တပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ အဆင်းတို့၌လည်း ငြီးငွေ့၏။ မျက်စိအသိ၌လည်း ငြီးငွေ့၏။ မျက်စိအတွေ့၌လည်း ငြီးငွေ့၏။ မျက်စိအတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှု၌လည်းကောင်း၊ ဆင်းရဲသော ခံစားမှု၌လည်းကောင်း မဆင်းရဲ မချမ်းသာသော ခံစားမှု၌လည်းကောင်း ငြီးငွေ့၏။


နား၌လည်း ငြီးငွေ့၏။ အသံတို့၌လည်း ငြီးငွေ့၏။ပ။ နှာခေါင်း၌လည်း ငြီးငွေ့၏။ အနံ့တို့၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏။ အရသာတို့၌လည်း ငြီးငွေ့၏။ပ။ ကိုယ်၌လည်း ငြီးငွေ့၏။ ကိုယ်အတွေ့၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ စိတ်၏ အာရုံတို့၌လည်း ငြီးငွေ့၏။ စိတ်အသိ၌လည်း ငြီးငွေ့၏။ စိတ်အတွေ့၌လည်း ငြီးငွေ့၏။ စိတ်အတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှု၌လည်းကောင်း၊ ဆင်းရဲသော ခံစားမှု၌လည်းကောင်း၊ မဆင်းရဲမချမ်းသာသော ခံစားမှု၌လည်းကောင်း ငြီးငွေ့၏၊ ငြီးငွေ့သော သူသည် (ငြီးငွေ့သည်ရှိသော်) မစွဲမက်၊ မစွဲမက်ခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်ပြီးသော် ကိလေသာမှ လွတ်ပြီဟု အသိဉာဏ် ဖြစ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးအပ်ပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီ၊ ဤမဂ်ကိစ္စ အကျိုးငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏။

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် ထိုတစ်ထောင်သော ရဟန်းတော်တို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ကြလေကုန် သတည်း။


အာဒိတ္တပရိယာယသုတ် ပြီး၏။


ဓမ္မာနုဂ္ဂဟစာမေးပွဲ (၁၃၈၅-ခု/တ) မေးခွန်းများ (ခ)

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ၊ တတိယအကြိမ် (၁၃၈၅-ခု) မေးခွန်းများ (ခ)